သတင်း

ဘန်ကောက်အစည်းအဝေး အာဆီယံဦးဆောင်နိုင်ငံများ တက်ရောက်ခြင်းမရှိ

ယမန်နေ့ (ဒီဇင်ဘာ ၂၂) က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် စစ်ကောင်စီဝန်ကြီးများနှင့် အလွတ်သဘောတွေ့ဆုံပွဲသို့ အာဆီယံအဖွဲ့ဝင် မဲခေါင်ဒေသနိုင်ငံများသာ တက်ရောက်ခဲ့ပြီး ဒေသတွင်း ဦးဆောင်နိုင်ငံများ လာရောက်ခဲ့ခြင်း မရှိပေ။​

စစ်ကောင်စီက အရေးအပါဆုံးဝန်ကြီးသုံးဦးအထိ စေလွှတ်ခဲ့သော ထိုအလွတ်တွေ့ဆုံမှုကို မဲခေါင်နိုင်ငံများဖြစ်သော အိမ်ရှင် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ တက်ရောက်ကြသည်။

ဇန်နဝါရီလဆန်းတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူမည့် အင်ဒိုနီးရှား အပါအဝင် စင်ကာပူ၊ မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်တို့မှာ ဖိတ်ကြားခံရသည့်တိုင် မတက်ရောက်ကြကြောင်း ရိုက်တာသတင်းဌာနက ရေးသားသည်။

အလွတ်သဘောတွေ့ဆုံမှုတွင် ခိုင်မာသည့်ရလဒ် မထွက်ပေါ်ခဲ့ကြောင်း၊​ အာဆီယံဘုံသဘောတူညီချက် အကောင်အထည်ဖော်ရေး နည်းလမ်းရှာရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စများ ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Kanchana Patarachoke က ပြောဆိုသည်။​

ယမန်နေ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးအချို့နှင့် တွေ့ဆုံစဉ် CRPH, NUG, PDF တို့ကို အားပေး ထောက်ခံခြင်း မပြုရန် ထည့်သွင်းဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ထိုအလွတ်သဘောတွေ့ဆုံပွဲသို့ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်တို့ တက်ရောက်ခဲ့သည်။​

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ဓာတ်ပုံအရ မဲခေါင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံသည်မှာ စားသောက်ဆိုင်တစ်ခုဖြစ်သည်ကို တွေ့ရှိရသည်။ 

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအနက် ကိုယ်စားလှယ်မလွှတ်သော ၅ နိုင်ငံက တွေ့ဆုံပွဲနှင့် ပတ်သက်၍  တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

သို့သော် မြန်မာစစ်အစိုးရကို အာဆီယံအစည်းအဝေးများမှ ဖယ်ထုတ်ထားရန် သဘောတူပြီးဖြစ်ရာ အလွတ်သဘောတွေ့ဆုံမှု ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အာဆီယံဆုံးဖြတ်ချက်မှ မသွေဖည်သင့်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ထိုင်းတာဝန်ရှိသူထံ စာရေးခဲ့ကြောင်း သံတမန်အသိုင်းအဝိုင်းကို ကိုးကား၍ ရိုက်တာသတင်းဌာနက ရေးသားသည်။​

ဘန်ကောက်တွေ့ဆုံပွဲတွင် အာဆီယံကုန်းတွင်းဘက် နိုင်ငံများသာ တက်ရောက်လာပြီး ကျွန်းစုနိုင်ငံများ ရောက်မလာခဲ့သည်ဖြစ်ရာ အာဏာသိမ်းမြန်မာစစ်တပ်ကို ထိတွေ့ဆက်ဆံရေးနှင့် ပတ်သက်၍ အာဆီယံအဖွဲ့အတွင်း ဖြစ်ပေါ်နေသည့် အက်ကွဲကြောင်းမှာ ပို၍ထင်ရှားလာသည်။

အာဏာသိမ်းစစ်ကောင်စီမှ ဗိုလ်ချုပ်ကြီးများမှာ အာဆီယံအဆင့်မြင့်အစည်းအဝေးများမှနေ၍ ဖယ်ကြဉ်ခံထားရသည်။​ အဓိအားဖြင့် ဖမ်းဆီးခံထားရသည့် အရပ်သားအစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေး ကတိကဝတ် ပျက်ကွက်နေသည့်အတွက် ထိုသို့ အပယ်ခံထားရခြင်းဖြစ်သည်ဟု ရိုက်တာသတင်းက ဆိုသည်။ 

စစ်တပ်က အာဏာသိမ်းပြီးနှစ်လအကြာ ၂၀၂၁ ဧပြီလအတွင်းက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ပြုလုပ်ခဲ့သည့် အရေးပေါ်အစည်းမှ ရရှိခဲ့သော အချက်ငါးချက်ပါ ဘုံသဘောတူညီချက်နှင့် ပတ်သက်၍ စစ်ကောင်စီက လိုက်နာဆောင်ရွက်ခြင်း မရှိကြောင်း ပြီးခဲ့သည့် ထိပ်သီးအစည်းအဝေးများတွင် အာဆီယံခေါင်းဆောင်များက အတိအလင်း ပြောဆိုထားသည်။​

စစ်ကောင်စီဝန်ကြီးများနှင့် မဲခေါင်ဒေသတွင်း နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ ဘန်ကောက်၌ တွေ့ဆုံခြင်းမပြုမီ တစ်ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေးနှင့်ဆိုင်သော သဘောတူချက်တစ်ရပ် ချမှတ်ခဲ့သည်။

မြန်မာ့အရေးနှင့် ပတ်သက်၍ နှစ်ပေါင်း ၇၀ ကျော်အတွင်း ကုလသမဂ္ဂ၏ အပြင်းထန်ဆုံးဟု ဆိုနိုင်သည့် အဆိုပါသဘောတူညီချက် ဆုံးဖြတ်ရာတွင် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများဖြစ်သော အိန္ဒိယ၊ တရုတ်နှင့် ရုရှားတို့က မဲပေးခဲ့ခြင်း မရှိပေ။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button