သတင်း

တမူးမှ အမျိုးသမီးကို သတ်ဖြတ်ခဲ့သည့် PDF များအား NUG အရေးယူမည်ဟု ဆို

စစ်ကိုင်းတိုင်း၊ တမူးမြို့လမ်းမပေါ်တွင် အမျိုးသမီးတစ်ဦးကို ယခုနှစ် ဇွန်လခန့်က ရိုက်နှက်၊ ပစ်သတ်ခဲ့သည့် ဖြစ်စဉ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တမူးခရိုင် တပ်ရင်း ၄ မှ တပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ( NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောသည်။ 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လာသည့် ရုပ်သံဖိုင်တစ်ခုတွင် အမျိုးသမီး ၁ ဦးအား လက်နက်ကိုင်တစ်ဖွဲ့က ရိုက်နှက်ပြီး ပစ်သတ်ခဲ့ခြင်းအပေါ် ၎င်းက ရည်ညွှန်း ပြောဆိုခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးအရေးယူမှုများ လုပ်ဆောင်နေသလို လိုအပ်သည့် အရေးယူမှုများ ပြုလုပ်ရန် ညွှန်ကြားထားကြောင်း ဦးနိုင်ထူးအောင်က ယနေ့ (ဒီဇင်ဘာ ၅) တွင် Myanmar Now ကို ပြောသည်။

ထိုပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် ရဲဘော်အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ထိန်းသိမ်းထားကြောင်း ၎င်းက ဆက်ပြောသည်။

ထို PDF ၃ ဦးအား အရေးယူထားသည်ဆိုသည်နှင့် ပတ်သက်ပြီး အသေးစိတ်ကို ရှင်းလင်းတိကျစွာ မသိရှိရသေးပေ။

တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံတစ်ဦးက ထိုဖြစ်စဉ်မှာ လွန်ခဲ့သည့် ၆ လခန့်က တမူး-အာရှ လမ်းမကြီး ၃ မိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တမူးခရိုင် တပ်ရင်း ၄ တပ်ဖွဲ့ဝင်တချို့ ပါဝင်ကြောင်း အတည်ပြုသည်။

“NUG ဘက်က စုံစမ်းစစ်ဆေးမှုတွေရှိပါတယ်။ စုံစမ်းစစ်ဆေးပြီးတော့ သူတို့ရဲ့ထုတ်ပြန်ချက်အတိုင်း ကျွန်တော်တို့ဘက်ကလည်း ကျူးလွန်တဲ့သူတွေကို ဖမ်းဆီးပေးဖို့၊ ဥပဒေအတိုင်း လုပ်သွားဖို့၊ ဘယ်လိုပဲဖြစ်ဖြစ် NUG ရဲ့စကားအတိုင်း ရှေ့ဆက်ပြီးတော့ နာခံသွားမယ်” ဟု တမူး ပကဖတာဝန်ခံက ပြောသည်။

သတ်ဖြတ်ခံရသူ အသက် ၂၅ နှစ်အရွယ် ဒေါ်အေးမာထွန်းသည် စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီး ခေါ် အရပ်သားလက်နက်ကိုင်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု NUG  လက်အောက်ခံ တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဘက်က စွပ်စွဲပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်။

ပြီးခဲ့သည့် ဧပြီလတွင် ပျူစောထီးများက အသက် ၁၇ နှစ်အရွယ် တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးကို ဖမ်းဆီး၍ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တွင် ထိုအမျိုးသမီးလည်း ပါဝင်ခဲ့သည်ဟု အထက်ပါ ပကဖတာဝန်ခံက ပြောသည်။

ထိုဖြစ်စဉ်တွင် ဒေါ်အေးမာထွန်း ပါဝင်ခဲ့သည်ဟူသော စွပ်စွဲချက်နှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဒီဇင်ဘာ ၃ ရက်မှစတင်၍ စစ်ကောင်စီဘက်တော်သား ဝါဒဖြန့်သူများ မျှဝေနေကြသည့် ၃ မိနစ်ကျော်ကြာ ရုပ်သံဖိုင်တွင် လက်ထိတ်ခတ်ခံထားရသည့် အဆိုပါအမျိုးသမီးကို လက်နက်ကိုင်ထားသည့် PDF အမျိုးသား၊ အမျိုးသမီးများက လမ်းမပေါ်တွင် ဆံပင်ဆွဲပြီး ရိုက်နှက်ထိုးကြိတ်နေကြသည်ကို တွေ့ရသည်။

ထို့နောက် အမျိုးသမီး၏ မျက်လုံးကို နှာခေါင်းစည်းဖြင့် ပိတ်စည်းလိုက်ပြီးနောက် လက်ထိတ်ဖြုတ်ပေးပုံ၊ လမ်းမအလယ်တွင် လက်ကို ခေါင်းပေါ်တင် ဒူးထောက်ခိုင်းပြီးနောက် ဦးခေါင်းကို ချိန်ရွယ် ပစ်ခတ်ပုံ၊ လဲကျသွားပြီးနောက် သေနတ်ဖြင့် လေးချက် ထပ်မံပစ်ခတ်ပုံတို့ကို ထိုဗီဒီယိုဖိုင်တွင် တွေ့ရသည်။

ဖြစ်စဉ်ကို မှတ်တမ်းတင်နေသည့် လက်နက်ကိုင်တို့က လမ်းသွားလမ်းလာများ ရပ်မနေရန် အမိန့်ပေးနေသည်ကိုလည်း တွေ့ရသည်။

တမူးအခြေစိုက် PDF တပ်ဖွဲ့ဝင်များကို တောတွင်းတစ်နေရာ၌ ယခုနှစ် ဇူလိုင်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-တမူး PDF  တပ်ရင်း ၁)

ကာကွယ်ရေးအဖွဲ့များ၏ စခန်းနေရာများကို စုံစမ်းထောက်လှမ်းရန် ကြိုးပမ်း၍ ဖမ်းဆီးမေးမြန်းရာမှ ထိုဖြစ်ရပ် ရုတ်တရက် ပေါ်ပေါက်သွားသည်ဟု တမူးမြို့နယ်ပကဖ တာဝန်ခံက ပြောသည်။

“(ဖမ်းမိပြီးတော့) ခေါ်သွားပြီး စစ်ဆေးမေးမြန်းတယ်။ ဟုတ်၊ မဟုတ် ပိုပြီးတော့ သေချာသွားအောင်။ အဲဒီအချိန်မှာ သူက ကြောက်ရွံ့ပြီးတော့ ကိုင်ထားတဲ့ လက်နက်တွေကို လုပြီးတော့၊ လုနေတဲ့အချိန်မှာ ဖမ်းချုပ်ပြီးတော့ မထင်မှတ်ဘဲ ဖြစ်သွားတဲ့ကိစ္စနဲ့ ကြုံတွေ့ရတာပေါ့” ဟု အထက်ပါ တမူးပကဖ တာဝန်ခံက ပြောသည်။

စစ်ကောင်စီသတင်းပေး ဒလန်ဟု အမည်ထွက်သူများ၏လှုပ်ရှားမှုများကို အနည်းဆုံး တစ်ပတ် စောင့်ကြည့် စုံစမ်းစစ်ဆေးပြီးမှ အရေးယူလေ့ရှိသည်ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးရမိသူများသည် သေနတ်လုပြီး ထွက်ပြေးသဖြင့် ပစ်ခတ်သတ်ဖြတ်ရသည်ဟူသည့် အကြောင်းပြချက်ကို စစ်ကောင်စီဘက်က သုံးစွဲလေ့ရှိသလို တော်လှန်ရေးအဖွဲ့များဘက်ကလည်း အသုံးပြုလာသည်။

သေနတ်လုသဖြင့် ပစ်ခတ်သတ်ဖြတ်ရသည်ဟူသော ပြောဆိုချက်မှာ ဖြစ်နိုင်ဖွယ်ရာမရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ပြောကြားသည်။

တမူးမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလလယ်က PDF စခန်း ၂ ခု အပါအဝင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ စခန်း ၆ ခု စီးနင်းခံရမှုဖြစ်ပွားခဲ့ရာ စီးနင်းမှုအတွင်း စစ်တပ်ဘက်မှ ရရှိသွားသည့် လက်ကိုင်ဖုန်းမှတစ်ဆင့် ပေါက်ကြားလာသည့် ဗီဒီယိုဖိုင်ဖြစ်ကြောင်း ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

နိုဝင်ဘာ ၁၉ ရက်နေ့က ကိုစည် အမည်ရှိ လူမှုကွန်ရက်စာမျက်နှာတွင် ထိုဗီဒီယိုဖိုင် စတင်ထွက်ပေါ် လာသည်၊ ထိုအကောင့်က ဖိုင်ဖြုတ်ချသွားကာ ဒီဇင်ဘာ ၃ တွင် စစ်ကောင်စီကို ထောက်ခံအားပေးသည့် တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် ပျံ့နှံ့လာသည်ဟု တမူး PDF နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

တော်လှန်ရေးအဖွဲ့ လက်နက်ကိုင်တို့က အရပ်သားများအပေါ် ကျူးလွန်သည်ဟူသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကို တိုင်ကြားမှုတချို့ ရှိသည်၊ ကိုင်တွယ်ဖြေရှင်းမှုအပိုင်းတွင် အားနည်းချက်များရှိနေသည်ဟု ကာကွယ်ရေးအဖွဲ့များနှင့်နီးစပ်သူများက ထောက်ပြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့တွင် PDF တပ်ရင်း ၄ ရင်း အပါအဝင် အဖွဲ့ ၁၈ ဖွဲ့အထိ ရှိလာသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်မှုများကို မခံမရပ်နိုင်ဖြစ်သော လူငယ်များစွာက မြန်မာနိုင်ငံအနှံ့တွင် လက်နက်ကိုင် ခုခံတိုက်ခိုက်နေကြသည်။

ထိုသို့ ခုခံတိုက်ခိုက်စဉ် အချင်းချင်းသင်္ကာမကင်းဖြစ်မှု၊ သဘောထားကွဲပြားမှုနှင့် အုပ်စုတွင်း ဖြစ်ပေါ်လာသော ပြဿနာများထဲမှ တချို့ကို တောတွင်းဥပဒေအတိုင်းလက်နက်ဖြင့် ဖြေရှင်းမှုကြောင့် အပြစ်မဲ့သေဆုံးမှုများရှိနေသည်၊ ထို့ပြင် တော်လှန်ရေးအဖွဲ့ဝင်တချို့က စစ်ကောင်စီကို ထောက်ခံသူ၊ စစ်ကောင်စီအာဏာပိုင်များအတွက် လုပ်ဆောင်ပေးနေသည်ဟု ယူဆရသူများနှင့် ၎င်းတို့၏ မိသားစုဝင်အချို့ကိုပင် သတ်ဖြတ်မှုများရှိသည်။

ယခုကဲ့သို့ ဖြစ်ရပ်များပေါ်ပေါက်ခြင်းသည် NUG တွင် ဆင့်ကဲအုပ်ချုပ်စီမံနိုင်ရန် အခက်တွေ့နေခြင်းလား၊ NUG ကိုယ်တိုင်က အလားတူဖြစ်ရပ်များကို ထိထိရောက်ရောက်လုပ်ဆောင်ရန် ပျက်ကွက်နေခြင်းလားဟု မေးမြန်းသောအခါ NUG ကာကွယ်ရေးအတွင်းဝန် ဦးနိုင်ထူးအောင်က “သတ်မှတ်ထားတဲ့ Code of Conduct ကျင့်ဝတ်စည်းမျဉ်းတွေကို မလိုက်နိုင်လို့ပေါ့ဗျာ” ဟု ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button