သတင်း

ထီးချိုင့်တွင် တိုက်ပွဲဆက်ဖြစ်နေ၊ စစ်တပ်က ရွာနှစ်ရွာကို မီးရှို့

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်က ယနေ့ (နိုဝင်ဘာ ၃၀) တွင် ရွာ နှစ်ရွာကို မီးဆက်ရှို့နေပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

မြို့မြောက်ဘက်ကို အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေသည့်စစ်တပ်က အင်းတိန်ရွာကို ယမန်နေ့ညနေက စတင်မီးရှို့ခဲ့ပြီးနောက် ယနေ့ နံနက်တွင်လည်း ဆက်လက်မီးရှို့ဖျက်ဆီးသည်ဟု ဆိုသည်။

ထို့နောက် အနီးအနားရှိ လေသာရွာကို ဆက်လက်စီးနင်းကာ ညနေ ၃ နာရီဝန်းကျင်မှစတင်၍ မီးရှို့ကြောင်း ထီးချိုင့်မြို့နယ် ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာ ၂၅ မှ စတင်၍ အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့မြောက်ဘက်ခြမ်း ကျေးရွာများဖြစ်သည့် ဆူးပုတ်ချောင်၊ အင်ကြင်းကုန်း၊ အလယ်တောနှင့် အင်းတိန်ရွာတို့ကို နေ့စဉ်ရက်ဆက်မီးရှို့နေခြင်းဖြစ်သည်။

ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် (ပအဖ)တစ်ဦးကို ယနေ့ ညနေ ၄ နာရီဝန်းကျင်တွင် ဆက်သွယ်မေးမြန်းရာ စစ်တပ်က ရွာကို ပစ်ခတ်ပြီးမှ မီးရှို့သည်ဟု ပြောသည်။

“မနက်ပိုင်းက အင်းတိန်ကို ရှို့တယ်။ အခု လေသာကိုလည်း ရှို့နေတယ်၊ မီးခိုးတလုံးလုံးနဲ့။ ပထမဆုံး လက်နက်ကြီးတွေနဲ့ အရင်ပစ်ပြီးမှ ဝင်ရှို့တယ်။ ရွာထဲကို ဝင်တော့မယ်ဆိုရင် လက်နက်ကြီးတွေနဲ့ အရင်ပစ်ချပစ်တာ။ ပြီးမှ ဝင်ရှို့တာ” ဟု သူက Myanmar Now ကို ပြောသည်။

ထို့ပြင် ညနေ ၄ နာရီဝန်းကျင်မှ စတင်၍ ထီးချိုင့်မြို့အဝင်အနီး ရင်ကွဲတောင်ဝန်းကျင်တွင်လည်း စစ်တပ်နှင့် ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားနေသည်။

ရွာစဉ်လှည့်စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်ကောင်စီတပ်၏ ရန်ကြောင့် ထီးချိုင့်မြို့မြောက်ဘက်ရှိ ကျေးရွာပေါင်း ၂၀ ဝန်းကျင်မှ ဒေသခံ ၅၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း စစ်ရှောင်အရေးကူညီနေသူများထံမှ သိရသည်။ 

“ဒီဘက်မှာတွေက အိမ်တွေကလည်း မီးရှို့ခံရတော့ စားနပ်ရိက္ခာနဲ့ ဆောင်းတွင်းလည်းဖြစ်တော့ စောင်တွေနဲ့ အရမ်းလိုအပ်ချက်ဖြစ်နေတယ်။ စစ်ရှောင်တွေက ဘယ်တွေရှောင်ရမလဲ ပြောရခက်နေပြီ။ အရင်တုန်းကတော့ ကံပေါက်တို့၊ ထန်းကုန်းတို့၊ မဲဇာတို့ နေရတယ်။ အခုတော့ စစ်ကြောင်းက အဲ့ဒီဘက်လည်း ထပ်ထိုးလာတော့ ဆုတ်ရင်းဆုတ်ရင်းနဲ့ အတည်တကျကို မရှိဘူး။ အကုန်လုံး ပတ်ချာလည် ပြေးနေရသလိုဖြစ်နေပြီ” ဟု နေရပ်စွန့်ခွာရသူများကို ကူညီနေသည့် လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၅၀ ဝန်းကျင်ရှိသည့် ဆူးပုတ်ချောင်ရွာ ထက်ဝက်ကျော်ပျက်စီးခဲ့ရ ပြီး၊ အိမ်ခြေ ၅၀ နီးပါးရှိ အင်ကြင်းကုန်းရွာလည်း ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

အလယ်တောရွာနှင့် အင်းတိန်ရွာမှာ အိမ်ခြေ ရာဂဏန်းရှိသည့် ကျေးရွာကြီးများဖြစ်ပြီး မီးရှိုမှုကြောင့် အိမ်ခြေ ဆယ်နှင့်ချီ ပြာကျခဲ့ပြီး အသေးစိတ်အချက်အလက်များရရှိရန် ကြိုးစားဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ထီးချိုင့်တွင် စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ပြီး နိုဝင်ဘာ ၂၇၊ ၂၈ တို့တွင် လေတပ်ကလည်း လာတိုက်ခဲ့သည်ဟု ဆိုသည်။ 

တိုက်ပွဲအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထီးချိုင့်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုပြင်းထန်နေသည့် စစ်ကိုင်းတိုင်းအတွင်း ကချင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်ရာမြို့နယ်များဖြစ်သည့် ထီးချိုင့်၊ အင်းတော်၊ ကသာတို့တွင် ယခုလလယ်မှ စတင်ကာ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားနေသည်။

ထီးချိုင့်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၃၀ ကျော်ရှိရာ စက်တင်ဘာလကုန် နောက်ဆုံးထား နုတ်ထွက်ကြရန် ဒေသခံကာကွယ်ရေးအဖွဲ့က သတိပေးခဲ့ပြီး ရက်ပိုင်းအတွင်း အားလုံးနီးပါး နုတ်ထွက်ခဲ့ကြသည်ဟု ဆိုသည်။

စစ်အာဏာသိမ်းပြီးချိန်မှစတင်ကာ တစ်နှစ်ခွဲကျော်ကာလအတွင်း ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် လူဦးရေ ၁ ဒသမ ၁ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာညှိနှိုင်းမှုဆိုင်ရာညှိနှိုင်းရေးရုံး၏ အောက်တိုဘာလကုန် ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

ပြည်တွင်းပြည်ပ ကူညီရေးအဖွဲ့များမှာ ရန်ကုန်တွင် အခြေစိုက်ကြပြီး ထိုသို့ နေရပ်စွန့်ခွာရသူများထံ ထိုအဖွဲ့များ သွားရောက်ကူညီနိုင်ခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button