သတင်း

သေ့ဘောဘိုးမှ KNLA ဆုတ်ခွာ၊ ပြောက်ကျားစစ်ဖြင့် ဆက်တိုက်မည်ဟုဆို 

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဝေါလေဒေသရှိ သေ့ဘောဘိုးစခန်းကုန်းကို အပြင်းအထန် ထိုးစစ်ဆင်နေခြင်းကြောင့် ထိုနေရာမှ ဆုတ်ခွာလိုက်ပြီး ပြောက်ကျားစစ်ဖြင့် ဆက်လက်တိုက်ခိုက်သွားမည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်းမှူးတစ်ဦးက ပြောသည်။

KNLA  သိမ်းပိုက်ထားသည့် ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်အနီးရှိ အဆိုပါ စခန်းကုန်း ပြန်ရရန် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ကူများ အလွန်အကျွံသုံးစွဲခဲ့သည်ဟု KNLA တပ်ရင်း ၂၇ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး စောရန်နိုင်က ဆိုသည်။

“အများတကာပြောနေသလို အထိနာလို့မဟုတ်ပါဘူး၊ အနီးအနားမှာ ကျွန်တော်တို့လူတွေ ရှိနေပါတယ်။ ပြောက်ကျားစစ်နဲ့ ထိန်းချုပ်ထားလို့ရပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ မြဝတီ- ဝေါလေ ကားလမ်းပိုင်း သေ့ဘောဘိုးဒေသ အနီးတစ်ဝိုက်တွင် KNLA တပ်ရင်း ၂၇ လက်အောက်ခံ Cobra စစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက လှုပ်ရှားနေခြင်းဖြစ်သည်။ သေ့ဘောဘိုး စခန်းကုန်းကို  မေလ ၁၈ ရက်က KNLA နှင့် Cobra စစ်ကြောင်းတို့က ပူးပေါင်းတိုက် ထိန်းချုပ်ထားပြီးနောက် ၆ လ အကြာတွင် အဆိုပါစခန်းကို ဆုတ်ခွာပေးလိုက်ရခြင်းဖြစ်သည်။

စစ်ကောင်စီသည် စခန်းကိုပြန်လည်ရရန် ဇူလိုင်လဆန်းပိုင်းကစကာ မွန်ပြည်နယ်ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ လက်အောက်ခံတပ်များနှင့် တနင်္သာရီတိုင်းအခြေစိုက် အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်များပူးပေါင်းကာ ထိုးစစ်ဆင်ခဲ့သည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်နေသည့် တပ်သားများက ဆိုသည်။

ထို့အပြင် အမှတ် (၄၀၂) အမြောက်တပ်ရင်း၊ အမှတ်(၆၀၈) ဒုံးတပ်ရင်းတို့ကလည်း အတွဲလိုက်ပစ် ဒုံးကျည်များ၊ ၁၂၀ မီလီမီတာ စိန်ပြောင်းလက်နက်ကြီးများဖြင့် ပစ်ခတ်စစ်ကူပေးခဲ့ကြသည်ဟု ဒုဗိုလ်မှူးကြီး စောရန်နိုင်က နိုဝင်ဘာ ၂၅ တွင် Myanmar Now ကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြဝတီ-ဝေါလေ ကားလမ်းမရှိ နေရာဒေသအချို့တွင် တပ်စွဲထားပြီး ဝေါလေမြို့နှင့် စုကလိမြို့ အုပ်ချုပ်ရေးလုပ်ငန်းများ ပြန်လည်လုပ်ဆောင်နိုင်ရန် ကြိုးစားနေသည်ဟု ဒုဗိုလ်မှူးကြီး စောရန်နိုင်က ဆိုသည်။

သေ့ဘောဘိုးရွာနှင့် ဘလက်ဒိုကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲ ထားသလို စစ်တပ်ဘက်က တပ်အပြောင်းအလဲလုပ်ပြီး စစ်အင်အား ပိုမို တိုးချဲ့လာဖွယ်ရှိကြောင်း KNLA တပ်မဟာ တပ်ရင်းမှ အရာရှိတစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်က ဗျူဟာမှူးတစ်ဦးက  စစ်ရှောင်နေရသည့် ရွာသားများကို ကျေးရွာအတွင်း ပြန်လာနေထိုင်ရန် ပြောဆိုခဲ့ကြောင်း သေ့ဘောဘိုးရွာ ဥက္ကဋ္ဌက ဆိုသည်။

တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားပြီး လက်နက်ကြီးကျည်များ ကျေးရွာအတွင်းကို ကျရောက်ခဲ့သည့် အတွက်ကြောင့် သေ့ဘောဘိုးကျေးရွာမှ ဒေသခံ ၂,၀၀၀ ကျော် ထိုင်း-မြန်မာနယ်စပ် သောင်ရင်း မြစ်ကမ်းပါးတစ်လျှောက်တွင် စစ်ရှောင်နေကြရသည်။ 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် ခလရ ၃၂ မှ ခန့်မှန်းအင်အား ၅၀ ခန့် တပ်စွဲနေထိုင်သည့် သေ့ဘောဘိုးစခန်းကို  တိုက်ခိုက်စဉ် စခန်းမှူး ဒုတပ်ရင်းမှူး ဗိုလ်မှူးအောင်ငြိမ်းချမ်း၊ ဗိုလ်ဟန်လင်းထွန်း နှင့် အခြားအဆင့် ၃ ဦးတို့ သေဆုံးခဲ့ပြီး တပ်ကြပ်ကြီး ၂ ဦး၊ တပ်ကြပ် ၁ ဦး၊ ဒုတပ်ကြပ် ၁ ဦး၊ တပ်သား ၃ ဦး တို့ကို KNLA က အရှင်ဖမ်းမိခဲ့သည်။ 

KNLA ဘက်မှ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

သေ့ဘောဘိုး၊ ဝေါလေဒေသဝိုက်နှင့် မြဝတီ−ဝေါလေ ကားလမ်းတစ်လျှောက် စစ်ကောင်စီတပ်သားများက ပြန်လည်ထိန်းချုပ်ထားနိုင်ပြီး စစ်ရှောင်များ ပြန်လာကြရန် စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် ဖော်ပြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button