သတင်း

ဧရာဝတီဘဏ်ကို လုပ်ငန်းတိုးချဲ့ရန် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းမည်

စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်ပိုင်ဆိုင်သည့် ဧရာဝတီဘဏ်ကို မတည်ရင်းနှီးငွေနှင့် လုပ်ငန်းတိုးချဲ့ရန် အများပိုင်ကုမ္ပဏီသို့ ပြောင်းလဲမည်ဖြစ်ကြောင်း ထိုကုမ္ပဏီ၏ အကျိုးဆောင် တရားလွှတ်တော်တော်ရှေ့နေ ဦးမင်းစိန်က ပြောသည်။

ရန်ကုန်၊ ကျောက်တံတားမြို့နယ်ရှိ ဧရာဝတီဘဏ်လီမိတက်ကို အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲရန် မြန်မာနိုင်ငံပြန်တမ်းတွင် ထုတ်ပြန်ထားသည်။ ကုမ္ပဏီမှတ်ပုံတင်အရာရှိထံလည်း တင်ပြပြီးဖြစ်ကာ ကန့်ကွက်မှုမရှိပါက မကြာမီတွင် အများပိုင်ကုမ္ပဏီသို့ ပြောင်းလဲမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“Shareholder (အစုရှယ်ယာရှင်)များတယ်ဆိုရင် ကုမ္ပဏီရဲ့ မတည်ရင်းနှီးငွေများနိုင်တာပေါ့။ များလာတဲ့ အခါကျတော့ လုပ်ငန်းပိုလုပ်လို့ရတယ်။ နောက်တစ်ခုက စည်းကမ်းချက်တွေလည်း အများပိုင်ကုမ္ပဏီဆို ပိုများတဲ့အတွက်ကြောင့် ကျွန်တော်တို့ စီမံခန့်ခွဲတာ၊ အုပ်ချုပ်တာ ပိုပြီးစည်းကမ်းတကျ ပိုဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

အစုရှယ်ယာရှင် ၅၀ အထက်ရှိသည့်ကုမ္ပဏီကို အများပိုင်ဟုခေါ်ဆိုပြီး ထိုသို့ပြောင်းလဲပြီးနောက် လုပ်ငန်းကောင်းပါက စတော့ဈေးကွက်တွင်စာရင်းဝင်နိုင်မည်ဖြစ်ကာ ရန်ကုန်စတော့အိတ်ချိန်း(YSX)  တွင် စာရင်းတင်၊ မတင်ကိုမူ အခြေအနေအရဆုံးဖြတ်မည်ဟု ၎င်းက ဆိုသည်။

“ဝန်ဆောင်မှုကတော့ ပိုပြီးကောင်းလာမယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ မတည်ရင်းနှီးငွေ များလာနိုင်တဲ့အတွက်ကြောင့် ဝန်ဆောင်မှုလည်းစည်းနဲ့ကမ်းနဲ့ကောင်းလာမှပါ” ဟု ၎င်းက ဆက်ပြောသည်။ 

ဧရာဝတီဘဏ်ကို ၂၀၁၀ ပြည့်နှစ်တွင် မတည်ရင်းနှီးငွေ ကျပ် ၁၄၀ ဘီလျံဖြင့် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် ဘဏ်ခွဲပေါင်း ၂၆၅ ခု ဖွင့်ထားကာ ဘဏ်အသုံးပြုသူ ၃ ဒသမ ၂ သန်းကျော်ရှိကြောင်း၊ ဘဏ်၏ အရင်းငွေ ကျပ် ၃၀၉ ဘီလျံရှိပြီး ပိုင်ဆိုင်မှုတန်ဖိုးမှာ ကျပ် ၇ ထရီယံရှိကြောင်း ထိုဘဏ်၏ အင်တာနက်စာမျက်နှာတွင် တွေ့ရသည်။

စစ်အာဏာသိမ်းပြီးနောက် အပ်နှံငွေလျော့လာသည့် ဘဏ်များအနေဖြင့် ငွေအရင်းအနှီးဝင်လာရန် အများပိုင်ကုမ္ပဏီပြောင်း၍ ရှယ်ယာများထုတ်ရောင်းကာ အရင်းအနှီးရှာမည့်အစီစဉ်ဖြစ်နိုင်ကြောင်း ငွေရေးကြေးရေးနှင့် စီးပွားရေးလုပ်ငန်းများကို လေ့လာစောင့်ကြည့်သူတစ်ဦးက ဆိုသည်။

ထိုသို့ထုတ်ရောင်းပါက ဘဏ်များ၏ ဝင်ငွေထွက်ငွေနှင့် လုပ်ငန်းအခြေအနေကိုချပြရမည်ဖြစ်ပြီး ဘဏ်များအကြီးအကျယ် ရင်ဆိုင်နေရသည့် အရင်း၊ အတိုးပေးဆပ်ရန်ပျက်ကွက်သောချေးငွေ(NPL) စာရင်းများကို မည်သို့ရှင်းလင်းမည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

ပြီးခဲ့သည့်နှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ငွေထုတ်ယူခွင့်ကို အကြီးအကျယ်ကန့်သတ်ခဲ့သလို ဘဏ်လုပ်ငန်းကိုထိန်းချုပ်သည့် အမိန့်များထုတ်ပြန်ခဲ့ခြင်းကြောင့် ပြည်တွင်းဘဏ်များအပေါ် လူထုယုံကြည်မှု အကြီးအကျယ်ကျဆင်းခဲ့သည်။

ငွေသားလိုအပ်သူများက ငွေထုတ်ရန် အလိုလျောက်ငွေထုတ်စက်(ATM) များတွင် တန်းစီခဲ့ကြရသည်၊ နောက်ပိုင်းတွင် ငွေသားလုံးဝမပေးတော့သည်အထိ တင်းကျပ်လာခြင်းကြောင့် ငွေပြန်ထုတ်ရန် ကြားပွဲစားများကို အကျိုးဆောင်ခပေးပြီး ထုတ်ယူခဲ့ရသည်။

အာဏာသိမ်းမှုနှစ်နှစ်နီးပါးကြာမြင့်လာချိန်တွင် ဘဏ်ဝန်ဆောင်မှု မဖြစ်မနေအသုံးပြုရခြင်းကြောင့် ဘဏ်လုပ်ငန်းပြန်လည်  လည်ပတ်လာသော်လည်း ငွေအပ်နှံသူနည်းပါးနေဆဲဖြစ်ကြောင်း ဘဏ်အသုံးပြုသူများက ဆိုသည်။ 

ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများရပ်တန့်သွားနိုင်ပြီး နောက်ကြောင်းပြန်လှည့်နိုင်သည့် အခက်အခဲများရှိနေကြောင်း ကမ္ဘာ့ဘဏ်၏ ငွေရေးကြေးရေးကဏ္ဍ ပြုပြင် ပြောင်းလဲမှုဆိုင်ရာ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button