အိန္ဒိယ- မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း တမူးမြို့မှ ကလေး-တမူးလမ်းအတိုင်း ဆင်းလာသည့်စစ်ကောင်စီယာဉ် တန်းနှင့် ယာဉ်တန်းလုံခြုံရေး စခန်းချထားသောဂိတ်တို့အား ဒေသခံတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များက ပြီးခဲ့သည့် စနေတနင်္ဂနွေနှစ်ရက်တွင် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အချို့ရှိကြောင်း သိရှိရသည်။
စစ်ကား ၁၃ စီးနှင့်အင်အား ၁၀၀ ကျော် ပါဝင်သည့် စစ်ကောင်စီယာဉ်တန်းအား တမူးမြို့နယ် ၅၆ မိုင်ရွာနှင့် မြလေးတောင်ရွာအနီး နိုဝင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီခွဲ ဝန်းကျင်တွင် ဒေသခံကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ပြီး သုံးနာရီကြာတိုက်ပွဲဖြစ်ပွားသည်။
အနည်းဆုံး စစ်ကောင်စီအဖွဲ့ဝင် ၃ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသည့် ဒေသခံများကပြောကြားသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
ဒေသခံကာကွယ်ရေးအဖွဲ့များဘက်က လက်နက်ကြီးများ၊ အဝေးထိန်းမောင်းသူမဲ့ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး ကြိုတင် ထောင်ထား သည့်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း တိုက်ခိုက်မှုတွင် ပါဝင်သည့် ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သော People Defence Force (ကလေး) က ထုတ်ပြန်သည်။
တိုက်ပွဲအပြီး မြလေးတောင်ရွာအနီး ထိုစစ်ယာဉ်တန်းသည် စခန်းချ ညအိပ်ရပ်နားခဲ့ပြီး နောက်တစ်နေ့ (နိုဝင်ဘာ ၂၇) နံနက်တွင် ထွက်ခွာလာရာ လက်လုပ်မိုင်းများဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်တပ် မော်တော်ယာဉ် ၂ စီး ပျက်စီးခဲ့ကြောင်း PDF (ကလေး)က လွန်ခဲ့သည့် တနင်္ဂနွေညနေပိုင်းက ထုတ်ပြန်သည်။
“ မိုင်းဆွဲတိုက်ခိုက်လိုက်တော့ ကားလမ်းလည်း တော်တော်ပျက်စီးသွားတယ်။ ကား ၂ စီး ပျက်စီးသွားတယ်။ ၆၀ မမ လက်နက်ကြီးအဖွဲ့ကလည်း ယာဉ်တန်းကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာတွေလုပ်ခဲ့တယ်” ဟု PDF (ကလေး) တပ်ရင်း ၁ မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုနေ့သစ်က ပြောသည်။ ကိုနေ့သစ်ဆိုသည်မှာ ၎င်း၏ နာမည်ရင်းမဟုတ်ပေ။
အဆိုပါ ယာဉ်တန်းမှာ အိန္ဒိယနိုင်ငံမှတဆင့်လွှဲပြောင်းပေးထားသည့် လက်နက်ကြီးများ၊ စစ်ရေးလေ့ကျင့်မည့် လက်နက်များသယ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
မြန်မာဘက်မှ ဒေသခံကာကွယ်ရေးအဖွဲ့များ ပြောဆိုသကဲ့သို့ မြန်မာစစ်တပ်အား လက်နက်ခဲယမ်းထောက်ပံ့မှု မရှိကြောင်း ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက Myanmar Now ကို နိုဝင်ဘာ ၃၀ ရက် ညနေက အီးမေးလ်မှတစ်ဆင့် တုံ့ပြန်ဖြေကြားသည်။
အိန္ဒိယ-မြန်မာနယ်စပ်တွင် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၅၀၀၀၀ ကျော် နယ်စပ်ဖြတ်ကျော်လာပြီး အများစုမှာ မီဇိုရမ်နှင့် မဏိပူရ်ပြည်နယ်သို့ ဝင်ရောက်လာရာ ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်းများနှင့် အာဏာပိုင်များက လက်ခံထားကြောင်း သံရုံးက ဆိုသည်။
ကလေး-တမူးလမ်းမကြီးနှင့်ရာဇဂြိုဟ်လမ်းဆုံတွင် ထိုယာဉ်တန်းလုံခြုံရေး တပ်စွဲထားသည့် စစ်ကောင်စီဂိတ် အား နိုဝင်ဘာ ၂၆ ရက်ကလည်း ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့များက နာရီဝက်ခန့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သည့်အတွက် ဒေသခံကာကွယ်ရေး အဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ပြန်ဆုတ်ခွာခဲ့ရကြောင်း တိုက်ခိုက်ရာမှာ ပါဝင်သော နောက်ထပ် ပူးပေါင်းအဖွဲ့ဖြစ်သည့် ကလေးမြို့အခြေစိုက် ညီညွတ်သောမြောက်ပိုင်းမဟာမိတ်ညီနောင်များအဖွဲ့ (Harmonious Northern Brotherhood) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တမူးမှ ဆင်းလာသည့်ယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်ရန် စီစဉ်ခဲ့သော်လည်း မိုင်းများ ဖြတ်တောက်ခံရမှု၊ လက်နက်အင်အားမမျှမှုတို့ကြောင့် ယာဉ်တန်းကိုတိုက်ခိုက်နိုင်ခြင်းမရှိဘဲ ယာဉ်တန်းလုံခြုံရေးအတွက် အင်အား ဖြည့်တင်းထားသည့် တမူး_ကလေးလမ်းနှင့် ရာဇဂြိုဟ်လမ်းဆုံမှ ဂိတ်ကိုသာ တိုက်ခိုက်ခဲ့သည်ဟု HNB အဖွဲ့ ဒုတိယခေါင်းဆောင်ဖြစ်သူ ကိုဝေကြီးက ယမန်နေ့တွင် ဖုန်းကတဆင့် ပြောဆိုသည်။
“ မိုင်းလည်းမဆွဲနိုင်ဘူး။ လက်နက်အင်အားချင်းလည်း မမျှနိုင်တဲ့အနေအထားဆိုတော့ အဆင်မပြေတော့လို့ အဲ့ဒီစစ်ကြောင်းကို ရှောင်ပေးလိုက်တယ်။ အဲ့ဒီယာဉ်တန်းက ကလေး-တမူးလမ်းဆုံ၊ ရာဇဂြိုဟ်ဘက်ကို ခွဲသွားတဲ့လမ်းဆုံက ဂိတ်ထိုင်ထားတာကို ကျော်ပြီးတော့ နောက်ကနေ ပြန်ပတ်ဝင်ပြီး သိမ်းမယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့” ဟု ကိုဝေကြီးက ဆိုသည်။
၎င်းနှင့် တိိုက်ပွဲတွင်ပါဝင်ခဲ့သူတို့၏ အဆိုအရ ထိုနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှု များပြားသည်ဟု တိုက်ခိုက်ရာတွင်ပါဝင်ခဲ့သည့် အဖွဲ့များထံမှ သိရသည်။
PDF (ကလေး) တပ်ရင်းများ၊ ညီညွတ်သော မြောက်ပိုင်းမဟာမိတ်ညီနောင်များအဖွဲ့ (Harmonious Northern Brotherhood) အဖွဲ့ ၊ RKDF, KL – UGF S2,ဒေါင်းသွေးရာဇာ၊ မြောက်ပိုင်း ပကဖ အပါအဝင် ဒေသခံကာကွယ်ရေး အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
ချင်းပြည်နယ်၊ မကွေးတိုင်းတို့နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် ကလေးမြို့သည် စစ်အင်အား ဖြည့်တင်းရေး အတွက် အချက်အချာကျသည့် မြို့ဖြစ်ပြီး ဒေသခံကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းရာ မြို့နယ်ဖြစ်သည်။
၂၀၂၁ စစ်တပ်အာဏာသိမ်းမှုအား ပြည်သူများက ငြိမ်းချမ်းစွာဆန္ဒပြမှုများကို စစ်တပ်က အကြမ်းဖက် သတ်ဖြတ်နှိမ်နင်းမှုများကြောင့် မြန်မာနိုင်ငံအနှံ့တွင် လက်နက်ကိုင်တော်လှန်ပုန်ကန်မှုများပေါ်ပေါက်နေသည်။ ထိုပုန်ကန်မှုများကို စစ်တပ်က ကြည်းတပ် နှင့် လေတပ်ကို အဓိကထားသုံးစွဲပြီး ပြန်လည်တိုက်ခိုက်နေသကဲ့သို့ ပုန်ကန်မှုများအားကောင်းရာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယား (ကရင်နီ) ပြည်နယ်တို့တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်
ယခုလတ်တလောတွင် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်နှင့်ထိစပ်နေသည့် အင်းတော်၊ ကသာ၊ ထီးချိုင့်၊ ကန့်ဘလူ၊ ခင်ဦး၊ ဝက်လက် နှင့် မကွေးတိုင်းရှိ ပေါက်နှင့် မြိုင်မြို့နယ်များတွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကာ စစ်ကောင်စီသည် တော်လှန်ရေးအားကောင်းရာ ထိုဒေသများတွင် ရွာများကို မြေလှန် မီးရှို့မှုများပြုလုပ်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)