သတင်း

ကျောက်ဖြူမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးကို စစ်ကောင်စီဖမ်းဆီး

စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်အတွင်း အပစ်အခတ် ရပ်စဲရန် ညှိနှိုင်းနေသည့် ကာလမှာပင် ရခိုင်ပြည်နယ်အတွင်း အရပ်သားများကို ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သံသယနှင့် ဆက်လက် ဖမ်းဆီးခဲ့သည်ကို တွေ့ရသည်။  

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့   သဗ္ဗာန်ချောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး  နိုဝင်ဘာ  ၂၅ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခံရကြောင်း သိရသည်။

ထိုနေ့နံနက် ၁း၃၀  တွင်  ဒေသအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) အမှတ် ၃၄ မှ စစ်သားများ   ၃၆ နှစ်အရွယ် ဦးနိုင်ဇော်လင်း၏  နေအိမ်သို့ ရောက်လာပြီး  ဖမ်းဆီးခေါ်သွားကြောင်း ထိုရပ်ကွက်တွင် နေထိုင်သူတစ်ဦးကပြောသည်။ 

“အုပ်ချုပ်ရေးမှူးကို နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် ၁ နာရီခွဲလောက်က ခလရ ၃၄ တပ်ရင်းက စစ်သားတွေက အရပ်ဝတ်နဲ့ လာဖမ်းသွားတာပါ။ သူတို့လာတာ အရပ်သားကား တစ်စီးနဲ့လာပြီး အုပ်ချုပ်ရေးမှူး ကို  စစ်ဆေးစရာရှိတယ်ဆိုပြီးတော့ ခေါ်သွားတာဖြစ်ပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ၎င်းက ပြောသည်။

“ဘာအတွက် ဖမ်းလဲ ဆိုတာကတော့ သူတို့ ပဲသိမယ်။ အရင်က အရပ်သားတွေကိုဖမ်းတယ်။ အခု ဆိုရင် ဌာနဆိုင်ရာ တွေ၊ ရဲတွေကိုဖမ်းတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကိုဖမ်းနေတယ်”

အောက်တိုဘာ ၃၁ တွင်  စေတီယျရပ်ကွက်မှ အုပ်ချုပ်ရေးမှူး စိုးလှထွန်း နှင့် ထွေအုပ်စာရေး ဦးစိုးမင်းနိုင်၊  နိုဝင်ဘာ ၂  တွင် ပြင်ဖြူမော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်း၊ စေတီတောင် ရပ်ကွက်မှ ရာအိမ်မှူး ဦးဝင်းမောင်တို့ ဖမ်းဆီးခံခဲ့ရသည်။ 

ဌာနဆိုင်ရာ ဝန်ထမ်းများလည်း ကျောက်ဖြူတွင် အဖမ်းခံနေရသည်။ ၎င်းတို့မှာ   ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဌာနဦးစီးမှူး ဦးကျော်ဆင့်၊ တရားလွှတ်တော်ရှေ့နေ ဦးဦးဆန်းဝင်း၊  မြို့နယ် လူဝင်မှု ကြီးကြပ်ရေးဌာန ဒုဦးစီးအရာရှိ ဒေါ်မကြည်၊ မြေစာရင်း ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ မြေတိုင်းစာရေး ဦးခင်မောင်၊  ရဲတပ်ကြပ် မောင်မောင်အေး၊ ရဲတပ်ကြပ် မျိုးဝင်းအောင်၊ ရေကြောင်းရဲတပ်ဖွဲ့မှ ဦးထက်ဝေလင်းတို့ ဖြစ်သည်။ 

သြဂုတ်လနှင့် နိုဝင်ဘာလအတွင်း စစ်ကောင်စီက ဝန်ထမ်းများနှင့် ဒေသခံ စုစုပေါင်း ၄၀  ထက်မနည်းကို ဖမ်းဆီးထားပြီး တချို့ကိုပြန်လွှတ်ပေးသည်။

ကုလားဘာတောင် ရပ်ကွက်မှ ဦးတင်ညွန့်၊ ဦးဝင်းအောင်၊ ရခိုင်ပိုက်ဆိပ် ရပ်ကွက်မှဦးဘသန်း၊ ဦးစိုးဝင်းနိုင်၊ စေတီတောင် ရပ်ကွက်မှ ဦးဝင်းနိုင်၊ အစိုးရရပ်ကွက်မှ ဆလိုင်းကိုအေးတို့ကို  နိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က)ဖြင့်  အမှုဖွင့်ခံထားရသည်ဟု သိရသည်။ 

ကျောက်ဖြူမှ ဖမ်းဆီးခံရသူများထဲတွင် ဦးစိုးမိုးသူ၊ ဦးတင်ညွန့်၊ ကိုဖြိုး(ခ) ဖြိုးမင်းထွန်း၊ ဦးဝင်းမောင်၊ ဦးဘသန်း၊ ဦးဝင်းနိုင်၊ ဦးကျော်လှအောင်၊ ဦးဆန်းဝင်း၊ ဦးစံထွန်းသာ၊ ဦးလှကျော် တို့မှာ  AA ၏ နိုင်ငံရေးအဖွဲ့   ULA ၏ အဖွဲ့ဝင်များ ဖြစ်သည်ဟု   စစ်ကောင်စီဘက်တော်သားများက  ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်တွင် ဝါဒဖြန့်နေကြောင်း တွေ့ရသည်။ 

ရုတ်တရက် အပစ်ရပ်ခြင်း

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်အချို့ကို တောတွင်းတစ်နေရာတွင် တွေ့ရစဉ်။

ပြီးခဲ့သည့်လများအတွင်း တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ရာ ရခိုင်ဒေသ ကျေးရွာအများအပြား လက်နက်ကြီးနှင့် တိုက်ခိုက်ခံခဲ့ရသည်။နိုဝင်ဘာ ၂၆ တွင်မူ နှစ်ဘက်လုံးက အပစ်အခတ်ရပ်စဲကြောင်း၊ ညှိနှိုင်းဆွေးနွေးမှုလုပ်ခဲ့ကြောင်း သတင်းဌာနတချို့ကို ပြောသည်။

အပစ်ရပ် သဘောတူညီချက်တွင် မည်သည့်အချက်များ ပါဝင်သည်ကိုမူ နှစ်ဘက်လုံးက ထုတ်ဖော်ခြင်း မရှိသေးပေ။အပစ်မရပ်ခင်က အရပ်သားဖမ်းဆီးခံရမှုသတင်းများ  ရခိုင်ပြည်နယ်အတွင်း ဒေသအများအပြားတွင် ထွက်ပေါ်ခဲ့သည်။

သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေးတစ်ဦးဖြစ်သူ ဦးဝင်းမောင်မောင်ဖြိုး ခေါ် ကိုဖြိုးဆိုသူကိုလည်း မတရားအသင်း ဆက်သွယ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၁၇(၁)နှင့်၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် အမှု ဖွင့်ထားသည်။

သံတွဲမြို့နယ် အိမ်ထောင်စု စာရင်း၊ လုပ်ငန်းများစာရင်း၊  အုပ်ချုပ်ရေးမှူးစာရင်းများကို AA သို့ ပေးပို့ခဲ့သည်၊   ဌာနဆိုင်ရာ အစည်းအဝေး များကိုလည်း အသံဖမ်းကာ AA ကို ပေးပို့ခဲ့ သည်ဟု စွပ်စွဲခံထားရသည်။ 

ထို့အတူ သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရပ်ကျေးစာရေး တစ်ဦးဖြစ်သူ သံတွဲမြို့နယ် ဆိတ်ကြီးကျေးရွာမှ ဦးလှိုင်ဝင်းထွဋ် ခေါ်  ဝင်းထွဋ်သည်လည်း စစ်တပ်လှုပ်ရှားမှု သတင်းများကို  AA သို့ ပေးပို့သည်ဟု စွပ်စွဲခံရပြီး မတရား အသင်း အက်ဥပဒေပုဒ်မ ၁၇(၁)နှင့် အမှုဖွင့်ခံထားရကြောင်း သိရသည်။ 

 စစ်ကောင်စီက ချင်းပြည်နယ် ပလက်ဝမြို့မှ  ရာအိမ်မှူးတစ်ဦးကို လည်း  နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့်တရားစွဲပြီး  နိုဝင်ဘာ ၂၁ တွင် ထောင်ဒဏ် ၃နှစ် ချမှတ်လိုက်ကြောင်းသိရသည်။

နိုဝင်ဘာ ၁၀ တွင် AA က  ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်ကောင်စီတပ် ရိက္ခာကားတစ်စီးကို   ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်သည် ကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ်မီးရှို့ခြင်း၊ အပြစ်မဲ့အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ လက်နက်ကြီးများ၊ဒရုန်းများဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ကို ဆက်တိုက် ပြုလုပ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ 

ယင်းဖြစ်ရပ်ကြောင့် ပုဏ္ဏားကျွန်းတွင် ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး ရပ်ကျေး  အုပ်ချုပ်ရေးမှူး ၇၀ ကျော် ထွက်စာတင်ထားကြောင်း သိရသည်။ AA သည် ရခိုင်ပြည်နယ်လူထု၏ထောက်ခံမှုကို ရရှိထားသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။

၂၀၂၁ နှစ်ဆန်းပိုင်း အာဏာသိမ်းမှုအပြီး အကြမ်းဖက်မှုကြောင့် စစ်တပ်၏အကြောင်းကို ပြည်သူတို့ ပိုမို သဘောပေါက်လာခြင်းကြောင့်  AA ကို အခြားဒေသများတွင်ပါ ထောက်ခံမှု များပြားလာသည်။

 AA က အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေသည့် အဖွဲ့အစည်းတချို့နှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button