သတင်း

စစ်တပ်က ရွှေကျင်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာတချို့ကို ဖိအားပေး ပြောင်းရွှေ့ခိုင်း

ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဘေးရှိ ရွှေကျင်မြို့ပေါ်မှ ရပ်ကွက် ၂ ခုနှင့် ကျေးရွာတချို့ကို စစ်ကြောင်းထိုးရန်ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်တပ်က ရွှေ့ပြောင်းခိုင်းနေကြောင်း ဒေသခံတချို့ထံမှ သိရသည်။

ရွှေကျင်မြို့အစွန်ဘက်ရှိ ကျွဲတဲ(ကွက်သစ်) နှင့် ခြေတော်ရာရပ်ကွက်၊ ရွှေကျင်-ကျောက်ကြီး ကားလမ်းဘေးရှိ အထက်မဲဇောင်း ၊ ပဒဲကော၊ သံဆိပ်စသည့် ကျေးရွာများကို ပြောင်းရွှေ့ပေးရန် စစ်တပ်က ပြောဆိုခဲ့ကြောင်း ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

“စစ်ကောင်စီက စစ်ကြောင်းထိုးလာမှာကြောင့် ရွာတွေကို ရွှေ့ခိုင်းတယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။

မည့်သည့်နေ့ရက်တွင် အပြီးပြောင်းရွှေ့ရမည်ဟု တရားဝင်စာထုတ်ပြန်ခြင်း မဟုတ်ဘဲ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှတစ်ဆင့် ပြောဆိုခြင်းဖြစ်ကြောင်း ကျွဲတဲရပ်ကွက်နေ အမျိုးသားတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့တော့ မပြေးသေးဘူး။ တချို့လူတွေက ကြောက်တဲ့အခါကျတော့ ဘေးလွတ်ရာကို ရှောင်ပြေးကြတာကို တွေ့ရတယ်” ဟု ထိုသူက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ ထိန်းချုပ်နယ်မြေအတွင်း ပါဝင်သည့် ညောင်လေးပင်ခရိုင်ရှိ စစ်ကောင်စီအခြေစိုက် ဘောကထာ၊ သံဆိပ်၊ တုံးတံတာစခန်းများကို KNU လက်အောက်ခံတပ်များက နိုဝင်ဘာ ၁၂ ရက်က တိုက်ခိုက်ဖျက်ဆီးပြီးနောက် စစ်ကောင်စီတပ်များက အင်အားတိုးချဲ့ဝင်ရောက်လာခြင်း ဖြစ်သည်။

လက်ရှိတွင် KNU နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားနေကာ ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်အကြား ဆက်သွယ်ထားသည့် ကားလမ်းမတစ်လျှောက်ရှိ ကျေးရွာများတွင် နေထိုင်ကြသည့် ဒေသခံများသည် ဘေးလွတ်ရာ ရှောင်တိမ်းနေရသည်။

ရွာပေါင်း ၁၈ ရွာခန့်မှ ဒေသခံများ အနီးအနားရှိ တောင်ယာများ၊ ဘေးလွတ်ကင်းရာ ရွာအချို့တွင် ခိုလှုံနေရကာ စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အဖွဲ့အစည်းအချို့ထံမှ သိရသည်။

စက်တင်ဘာ ၆ ရက်က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုခံရသော KNU တပ်မဟာ ၆ နယ်မြေ ဝင်းရေးမြို့နယ်ရှိ မဲ့ကသာဘုန်းကြီးကျောင်းကို မီးငြှိမ်းသတ်နေစဉ်။ (ဓာတ်ပုံ-KNU) 

ရွှေကျင်နှင့် ကျောက်ကြီးမှ စစ်ရှောင်အများစုသည် ပဲခူးတိုင်း တောင်ငူခရိုင်အတွင်းရှိ ဖြူး၊ ကညွတ်ကွင်း၊ ပဲနွယ်ကုန်းနှင့် ကျောက်တံခါးမြို့နယ်များအတွင်းရှိ ဘုန်းကြီးကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်းများတွင် လာရောက်ခိုလှုံနေကြသည်။

တောင်ငူမြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်းများတွင် ကရင်စစ်ရှောင်အများစုရှိနေပြီး ဖြူး၊ ပဲနွယ်ကုန်း၊ ကျောက်တံခါး ဘုန်းတော်ကြီးကျောင်းများ၌ ဗမာစစ်ရှောင်များ ခိုလှုံနေကြသည်ဟု ဒေသတွင်း သတင်းရင်းမြစ်တို့ထံမှ သိရသည်။

ဖြူးမြို့နယ်တွင် တေဇာရာမကျောင်း၊ ကျောင်းသစ်ကျောင်း၊ ခေမာသီဝံ၊ နတ်ရေကန်၊ မြို့အရှေ့၊ အနောက် ဗလီစာသင်ကျောင်း၊ မဟာဗောဓိ၊ သဘာဝတရားရိပ်၊ ကရင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းတို့က စစ်ရှောင်များကို ကူညီပေးထားသည်ဟု ဖြူးဒေသခံအမျိုးသားတစ်ဦးက နိုဝင်ဘာ ၂၁ တွင် Myanmar Now ကို ပြောထားသည်။

KNU ဘက်ကလည်း ၎င်းတို့၏ တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီက တင့်ကား၊ အမြောက်ကားများ အပါအဝင် အင်အားတိုးချဲ့ ပြင်ဆင်နေပြီး လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေ၍ ဒေသခံများ ထိတ်လန့်စွာနေထိုင်နေရကြောင်း ယမန်နေ့ (နိုဝင်ဘာ ၂၃) တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ကလည်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးဇေယျာလင်းဆိုသူသည် ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ တမာခေါနှင့် တောင်စုကျေးရွာရှိ ရပ်မိရပ်ဖများကို ခေါ်တွေ့ကာ ဒေသခံများအား ကျေးရွာမှ ထွက်ခွာရန်နှင့် မထွက်ခွာလျှင် နေအိမ်များကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။​ 

နောက်တစ်နေ့တွင် တမာခေါကျေးရွာမှ ဒေသခံအများအပြား စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ နိုဘိုးခီးကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရသည်ဟု KNU ထုတ်ပြန်ချက်အရ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှ ၂၀၂၂ ခုနှစ် ဩဂုတ်အထိ စစ်ကောင်စီတပ်နှင့် KNU တပ်များအကြား တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူ သုံးသိန်းကျော် ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပြီး ၎င်းတို့အနက် လူတစ်သိန်းကျော်မှာ အရေးပေါ်အကူညီများ လိုအပ်နေသည်ဟု KNU က သတင်းထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button