သတင်း

ပုသိမ်ကြီးမြို့နယ် ပစ်ခတ်မှုအတွင်း GZP အဖွဲ့ဝင် ၄ ဦး၊ အရပ်သား ၁ ဦး သေဆုံး

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၂၁) က စစ်ကောင်စီတပ်သားများနှင့် ဖြစ်ပွားခဲ့သည့် အပြန်အလှန်ပစ်ခတ်မှုအတွင်း မြို့ပြပြောက်ကျားအဖွဲ့မှ ၄ ဦး သေဆုံးသွားသည်။

ပုသိမ်ကြီးမြို့နယ် ၁၉လမ်း အဆုတ်ဆေးရုံအနီး ပစ်ခတ်မှုများဖြစ်ပွားကြောင်း မျက်မြင်သက်သေတချို့ကို ကိုးကားပြီး ဒေသခံတစ်ဦးက ပြောသည်။

“ပစ်နေသံတွေ တောက်လျှောက်ကြားရတယ်၊ နေ့လယ် ၁နာရီခွဲဝန်းကျင်လောက်။ ကြာချိန်ကတော့ မိနစ်ပိုင်းပဲ။ အဲဒီနောက် လူနာတင်ကား၄စီး အဲဒီဘက်ထဲကို ဆင်းသွားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ပုသိမ်ကြီးမြို့နယ် ဒေသခံက ဆိုသည်။

ပစ်ခတ်မှုအတွင်း သေဆုံးသူများမှာ Generation Z Power(GZP) အဖွဲ့မှ ဒုခေါင်းဆောင် သက်နိုင်ထွန်း ခေါ် ကျွဲကြီး၊ ဘဏ္ဍာရေးတာဝန်ခံ မိုးကို ခေါ် အကြီးကောင်၊ တပ်ဖွဲ့ဝင် ဇေယျနှင့် ကျော်စွာလင်းတို့ ဖြစ်ကြောင်း စစ်ကောင်စီက ယမန်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ပုသိမ်ကြီးအဆုတ်ဆေးရုံအနီးသို့ မောင်းနှင်လာသည့် ဆိုင်ကယ်စီသူတစ်ဦးကို ပြောက်ကျားတပ်ဖွဲ့ဝင်များက တိုက်ခိုက် ထွက်ပြေးပြီးနောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

သို့သော် ပုသိမ်ကြီးမြို့နယ် မြေပြင်ကင်းထောက်အဖွဲ့တစ်ခုဖြစ်သည့် Patheingyi Information-PIF ကမူ စစ်ကောင်စီက ရဲဘော်လေးဦးအား လိုက်လံပစ်ခတ်ဖမ်းဆီးရာမှ ပစ်ခတ်မှုဖြစ်ပွားရာမှ ရဲဘော် ၄ ဦး ကျဆုံးကြောင်း၊ အပြစ်မဲ့လမ်းသွားလမ်းလာပြည်သူတစ်ဦးလည်း ထိခိုက်သေဆုံးပြီး ထိုသူ၏ ဆိုင်ကယ်နှင့် ပစ္စည်းများ စစ်ကောင်စီတပ်က ယူဆောင်သွားသည်ကို မြင်တွေ့ရသူများရှိကြောင်း ယနေ့ (နိုဝင်ဘာ ၂၂) တွင် ထုတ်ပြန်သည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး Myanmar Now က ထိုအဖွဲ့ကို လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် စာပို့မေးမြန်းရာတွင် ကျဆုံးမှုကိုသာ အတည်ပြုပြီး အသေးစိတ်ကိုမူ ဖြေကြားရန် ငြင်းဆိုခဲ့သည်။

မန္တလေးမြို့အခြေစိုက်ပြီး အားကောင်းသည့် UG အဖွဲ့တစ်ခုဖြစ်သည့် GZP သည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ၂၀၂၁ မတ်လ (၂၇) နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၁ နှစ်ကျော်အတွင်း ရဲဘော် (၁၄) ဦး ကျဆုံးခဲ့ပြီး ၆ ဦး ဖမ်းဆီးခံထားရကြောင်း ပြီးခဲ့သည့် စက်တင်ဘာလက ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button