သတင်း

စစ်ကောင်စီတပ် တမူးတွင် ပဒေသာမိုင်းထိပြီး ၁၀ ဦးသေဟု PDF ပြော

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် ဒေသခံကာကွယ်ရေးအဖွဲ့စခန်းများကို စစ်ကြောင်း ထိုးရှာဖွေနေသည့် စစ်ကောင်စီတပ် ယမန်နေ့ (နိုဝင်ဘာ ၂၁) က မိုင်းထိသဖြင့် ၁၀ ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။

မွန်းလွဲ ၃ နာရီခွဲခန့်က တမူးမြို့မှ ကလေးမြို့ဘက်သို့ ထွက်ခွာလာသည့် အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်း၏ ရှေ့ပြေးတပ်ဖွဲ့ ကံမ္မကြီးရွာအနီး မိုင်း ၁၁ လုံးပါ ပဒေသာမိုင်း ထိသွားသည်ဟု တမူး-PDF တပ်ရင်း(၃) မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ခိုက်မှုအတွင်း မျက်မြင်တွေ့ရှိခဲ့မှုအပြင် ဒေသခံများ၏ ပြောဆိုမှုအရ စစ်ကောင်စီတပ်ဘက်တွင် ဒဏ်ရာရသူများလည်းရှိသည်ဟု ၎င်းက ဆိုသည်။

“အပြန်အလှန်တိုက်ခိုက်တာ မဟုတ်တဲ့အတွက် ကျွန်တော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး၊ သူတို့ (စစ်ကောင်စီ)ဘက်ကတော့ သေတာတင် ၁၀ ယောက်၊ ကျိုးတာ ပြတ်တာ မပါသေးဘူး” ဟု ထိုပြန်ကြားရေးတာဝန်ခံက Myanmar Now  ကို ယနေ့ ပြောသည်။

တိုက်ခိုက်ခံရပြီးနောက် အဆိုပါ စစ်ကြောင်းမှာ ကံမ္မကြီးရွာတွင် ညအိပ်ရပ်နားခဲ့ပြီး အနီးဝန်းကျင်ကိုလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် နာရီအတန်ကြာ ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထိုမိုင်းခွဲတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး တမူး PDF  တပ်ရင်း (၃) က မှတ်တမ်းရုပ်သံဖိုင် ယနေ့ ထုတ်ပြန်ထားသည်။ စစ်သားများ တန်းစီပြီး ချီတက်နေသည့်နေရာတွင် ပဒေသာမိုင်း ပေါက်ကွဲသွားပုံကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

သေဆုံးသည့် စစ်သားများကို ကံမ္မကြီးရွာတွင် မီးသင်္ဂြိုဟ်သွားခဲ့ပြီးနောက် အဆိုပါ စစ်ကြောင်းမှာ ယနေ့နံနက်တွင် ကလေးမြို့ဘက်သို့ ဆက်လက်ထွက်ခွာသွားခဲ့သည်ဟု တပ်ရင်း(၃) ထံမှ သိရသည်။

၎င်းစစ်ကြောင်းတွင် ကလေးအခြေစိုက် ခြေလျင်တပ်ရင်း (၈၉) နှင့် အခြားပူးပေါင်းတပ်များအပြင် ဒေသတွင်းရှိ ပျူစောထီးများပါ ပူးပေါင်းထားသည်ဟု သိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့ သေဆုံးမှုအရေအတွက်နှင့် ပတ်သက်ပြီး Myanmar Now က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း ထိုဖြစ်ရပ်မျိုးကို သတင်းထုတ်ပြန်လေ့မရှိပေ။ 

ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်က တမူးမြို့တောင်ဘက် မိုင်အနည်းငယ်အကွာတွင်ရှိသည့် တမူး PDF  စခန်းတချို့ အပါအဝင် တော်လှန်ရေးမဟာမိတ်အဖွဲ့ ၆ ခု၏ စခန်းများ စီးနင်းတိုက်ခိုက်ခံရသည်။ ထိုစဉ်က သေဆုံးသူမရှိဟု ဆိုသည်။

အဆိုပါ မဟာမိတ် ၆ ဖွဲ့မှာ Freedom Ranger Tamu(FRT)၊ Fighter Police CDM Tamu၊ Burmese Students Organization၊ ABSDF၊ တမူး-PDF တပ်ရင်း(၄)နှင့် တမူး(ပကဖ)အဖွဲ့တို့ ဖြစ်သည်။

တပ်ရင်း အမှတ် (၁)၊ (၂) နှင့် (၃) စခန်းများလည်း စီးနင်းခံရနိုင်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

သို့သော် စခန်း ၆ ခု စီးနင်းမှုတွင် အဓိကပါဝင်သည့် စစ်ကြောင်းမှာ ကလေးမြို့သို့ ပြန်လည်ဆုတ်ခွာသွားပြီးဖြစ်သည့်အတွက် လတ်တလောတွင် ထိုကဲ့သို့ စခန်းသိမ်းတိုက်ပွဲ ထပ်ဖြစ်လာဖွယ်မရှိကြောင်း တပ်ရင်း(၃) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော်လည်း “အတိအကျတော့ ပြောလို့မရသေးဘူး၊ နယ်စပ်လည်း ဖြစ်နေတယ်ဆိုတော့ အချိန်နဲ့ အမျှတော့ သတိကတော့ ရှိနေရတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ဖြစ်ပွားလာသည့် လက်နက်ကိုင်တော်လှန်ရေးများ တွင် စစ်ကိုင်းတိုင်းသည် ရှေ့တန်းမှ ဦးဆောင်နေသည်။

တမူးမြို့သည် အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်ပြီး စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင် အုံကြွခဲ့သည့် စစ်ကိုင်းတိုင်းမြို့နယ်တစ်ခုဖြစ်သည်။

မတည်ငြိမ်မှုများကြောင့် တမူး-မိုရေး နယ်စပ်ဂိတ်မှ လွတ်လပ်စွာသွားလာခွင့်ကို ပြီးခဲ့သည့် စက်တင်ဘာ ၁၅ မှ စတင်ကာ နှစ်လပိတ်ပင်ခဲ့ပြီး ယခု နိုဝင်ဘာ ၁၅ ရက်မှ စတင်ပြီး သုံးလ ထပ်မံပိတ်ပင်လိုက်ကြောင်း မဏိပူရ်ပြည်နယ်အစိုးရက ယခုလ ၁၁ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button