သတင်း

ဖားကန့်တွင် တိုက်ပွဲပြင်းထန်နေပြီး PDF စခန်းငယ်တချို့ ဆုတ်ခွာပေးရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာစဉ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့သော်လည်း နောက်ဆုတ်ပေးလိုက်ရသည်ဟု သိရသည်။

ယခုလ ၁၅ ရက် မွန်းလွဲ ၁ နာရီခန့်က ဖားကန့်၊ မိုးညှင်းမြို့အကြား ညောင်ထောက်ကုန်း ဆိုသည့်နေရာ အနီးတွင် အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းသုံးကြောင်းခွဲပြီးတက်လာသည့် စစ်ကောင်စီတပ်နှင့် KIA,PDF ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားသည်။

သုံးနာရီကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် PDF စစ်ဆေးရေးဂိတ်နှင့် ရှေ့တန်းစခန်းငယ်တချို့ လက်လွှတ်လိုက်ရသည်ဟု PDF အဖွဲ့နှင့် နီးစပ်သူ အသက် ၄၀ ကျော်အရွယ် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့ (စစ်ကောင်စီ) နောက်ပြန်ဆုတ်တာလား နေရာပြန်ယူတာလားတော့ မသိဘူး၊ ဒီဘက်ကတော့ နောက်ပြန်ဆုတ်တယ်။ အတွင်းသတင်းအရတော့ ဒီဘက်က အခြေအနေသိပ်မကောင်းဘူးပေါ့။ ရှေ့ပွိုင့်တွေနည်းနည်းတော့ လွှတ်ပေးလိုက်ရတယ်ပေါ့” အထက်ပါ အမျိုးသားက ဆိုသည်။

အဆိုပါစစ်ကြောင်းမှာ အင်းတော်ကြီးဒေသမှ စစ်ကြောင်းထိုးလာသည့်တပ်ဖြစ်ပြီး ဖားကန့်နှင့် မိုးညှင်းမြို့နယ်အကြားရှိ PDF အခြေစိုက်စခန်းအချို့ကို သိမ်းဆည်းရန် ကြိုးစားခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများသည်ဟု သိရသော်လည်း မြေပြင်အချက်အလက်များကို အတိအကျမသိရသေးကြောင်း ဆိုသည်။ 

တိုက်ပွဲဖြစ်ပွားမှု အခြေအနေများကို သိနိုင်ရန် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။

တိုက်ပွဲဖြစ်ပွားသည့်ဒေသသည် KIA တပ်မဟာ(၉) လက်အောက်ခံနယ်မြေဖြစ်ပြီး စစ်ကောင်စီတပ်မှ တပ်မ ၁၁ လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ (၄၂) မှတပ်များနှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းဌာနအချို့က ရေးသားထားသည်။

တိုက်ပွဲဖြစ်ပွားစဉ် ဖားကန့်မြို့ပေါ်ရှိ စစ်တပ်ဗျူဟာကုန်းမှလည်း လက်နက်ကြီးပစ်ကူများပေးခဲ့ပြီး ည ၈ နာရီခန့်တွင်လည်း ထပ်မံပစ်ခတ်ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ည ၇ နာရီခန့်တွင် ဖားကန့်ရှိ ကျောက်လုပ်ကွက်အချို့ ယာယီပိတ်သွားခဲ့သည်ဟု ဖားကန့်ဒေသခံအချို့က ဆိုသည်။

“နတ်မှော် ကချင်(လုပ်ကွက်)ဆိုက်က တစ်ခါမှ မပိတ်ဖူးဘူး၊ မနေ့ကတော့ ပိတ်သွားတယ်၊ ညပိုင်း ၇ နာရီ ၁၅ လောက်မှာ ပိတ်သွားတာ၊ တစ်ခါမှ မပိတ်ဖူးတဲ့ ဆိုက်တွေကလည်း ပိတ်တယ်၊ နတ်မှော်ကရော မှော်ထဲရှိသမျှ လုပ်ကွက်တွေ အကုန်တက်ပြေးကြတာ” ဟု အထက်ပါ ဖားကန့် ဒေသခံအမျိုးသားက ပြောသည်။

ယနေ့နံနက် ဖားကန့်မြို့ပေါ်တွင် ပုံမှန်အတိုင်း သွားလာလှုပ်ရှားဆဲဖြစ်ပြီး အစစ်အဆေးများလည်း မရှိသေးကြောင်း ဖားကန့်ဒေသခံ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

တိုက်ပွဲများလည်း ငြိမ်သက်နေဆဲဖြစ်သော်လည်း စစ်ကောင်စီတပ်က ရှေ့ဆက်တိုးလာပါက တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်ခြေရှိသည်ဟု ဖားကန့်ဒေသခံအချို့က ခန့်မှန်းကြသည်။

ဖားကန့်ဒေသတွင် စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ ဖမ်းဆီးသတ်ဖြတ်မှုများနှင့်အတူ တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်မှာ ယနေ့အထိဖြစ်သည်။

အောက်တိုဘာ ၂၃ ရက်က ဖားကန့်နယ်အတွင်းရှိ အနန့်ပါဒေသ ဗုံးကြဲတိုက်ခိုက်မှုပြီးသည့်နောက် စစ်ရေးအခြေအနေ ပိုမိုတင်းမာလာကာ အပြန်အလှန်ဖမ်းဆီးမှုများလည်း ဆက်တိုက်ဖြစ်နေသည်။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ၆၂ ပြည့်အကြို ဂီတဖျော်ဖြေပွဲ ပြုလုပ်နေစဉ် စစ်ကောင်စီက တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာ လူပေါင်းရာဂဏန်းမျှ သေဆုံးခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း KIA/KIO အရာရှိ ၁၀ ဦးထက်မနည်း မြစ်ကြီးနားမြို့တွင် ဖမ်းဆီးခံထားရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button