
အားကစားပစ္စည်းနှင့် အဝတ်အထည်များ ထုတ်လုပ်သည့် ကမ္ဘာကျော် Adidas ကုမ္ပဏီက ရန်ကုန် ရွှေပြည်သာမြို့နယ်ရှိ မြန်မာပေါင်ချိန်စက်ရုံမှ အလုပ်သမား ၂၉ ဦး အလုပ်ထုတ်ခံရမှုကို စုံစမ်း စစ်ဆေးနေပြီး အလုပ်ပြန်ခန့်ပေးရန်လည်း တောင်းဆိုထားသည်။
ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ မြန်မာပေါင်ချိန်စက်ရုံသည် လုပ်ခလစာတိုးပေးရန် တောင်းဆိုသည့် ဝန်ထမ်း ၂၉ ဦးကို ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းတွင် အလုပ်မှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။
လုပ်ငန်းခွင်စံနှုန်းများ ချိုးဖောက်ပြီး အလုပ်ထုတ်ပယ်မှုကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် အလုပ်သမားများ၏လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ကို အစဉ်တစိုက်လက်ကိုင်ထားကြောင်း Adidas တာဝန်ရှိသူကို ကိုးကား၍ အထည်အလိပ်ဈေးကွက်ဆိုင်ရာ သတင်းများဖော်ပြနေသည့် Just Style မဂ္ဂဇင်းက ယမန်နေ့တွင် ရေးသားသည်။
“ချုပ်လုပ်တင်သွင်းတဲ့ (မြန်မာပေါင်ချိန်စက်ရုံ) ရဲ့လုပ်ရပ်နဲ့ ပတ်သတ်လို့ ကျွန်တော်တို့ စုံစမ်းစစ်ဆေးပါ တယ်။ ပြီးတော့ ထုတ်ပယ်ခံအလုပ်သမားသမားတွေကို ချက်ချင်းအလုပ်ပြန်ခန့်ပေးဖို့ စက်ရုံကို တောင်းဆိုထားပါတယ်” ဟု Adidas ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ဂျာမနီအခြေစိုက် Adidas ကုမ္ပဏီသည် အားကစားပစ္စည်းဆိုင်ရာ ထုတ်လုပ်မှုနှင့် ပတ်သက်၍ ကမ္ဘာ့ဒုတိယအကြီးဆုံး ကော်ပိုရေးရှင်းကြီးတစ်ခုဖြစ်သည်။
Adidas ကုမ္ပဏီအတွက် ဖိနပ်များ ချုပ်လုပ်ပေးနေသည့် ရွှေပြည်သာမြို့နယ်မှ မြန်မာပေါင်ချိန်စက်ရုံ တွင် အလုပ်သမား ၇၈၀၀ ခန့်ရှိပြီး အောက်တိုဘာလနှောင်းပိုင်းတွင် အခြေခံလုပ်ခလစာ တိုးပေးရန် ထောင်နှင့်ချီသော အလုပ်သမားများက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ထို့နောက် ဦးဆောင်ဆန္ဒပြသည်ဟု ယူဆချက်ဖြင့် အလုပ်သမား ၂၆ ဦးကို စက်ရုံတာဝန်ရှိသူများက အလုပ်ထုတ်ခဲ့ပြီး အောက်တိုဘာ ၂၉ တွင် အမျိုးသမီးအလုပ်သမား သုံးဦးကိုလည်း ဆန္ဒပြရာတွင် ပါဝင်သည်ဆိုကာ ထပ်မံထုတ်ပယ်ခဲ့သည်။
ဆန္ဒပြသည့်ရက်များတွင် စက်ရုံဘက်က စစ်ကောင်စီကို တိုင်ကြားခဲ့၍ စစ်ကား ၄ စီးနှင့်အတူ ယူနီဖောင်းဝတ်စစ်သားနှင့် ရဲ ၁၀ ဦးခန့်က ဆန္ဒဆက်မပြရန် လာရောက်ကြိမ်းမောင်းသွားသည်ဟု သိရသည်။
ပြီးခဲ့သည့် လပိုင်းများက နာမည်ကြီး နိုင်ငံတကာအမှတ်တံဆိပ်များဖြစ်သည့် ဥရောပအခြေစိုက် C&A၊ လန်ဒန်မြို့အခြေစိုက် Tesco PLC၊ Marks & Spencers နှင့် အိုင်ယာလန်အခြေစိုက် Primark ကုမ္ပဏီတို့ မြန်မာတွင် အထည်ချုပ်လုပ်မှု ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြသည်။
အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေမည်ကို စိုးရိမ်ပြီး ၎င်းတို့ကို ချုပ်လုပ်တင်သွင်းပေးနေသည့်လုပ်ငန်းများတွင် မည်သည့်လူ့အခွင့်အရေးချိုးဖောက်မှုကိုမျှ သည်းမခံနိုင်၍ တာဝန်ယူမှုရှိစွာ ထွက်ခွာခြင်းဖြစ်ကြောင်း Marks & Spencers(M&A) ၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
လက်ရှိတွင် စက်ရုံများ၌ အလုပ်ရှင်က အချိန်ပိုကြေးမပေးခြင်း၊ ပိတ်ရက်တွင် အခကြေးငွေမပေးဘဲ အလုပ်ဆင်းရခြင်း၊ မဆင်းလျှင် အလုပ်ပျက်ရက်သတ်မှတ်ခြင်း၊ ကုန်ထုတ်လုပ်ပေးရသည့် အရေအတွက်ကို မြှင့်တင်လိုက်ခြင်း၊ အခွင့်အရေးတောင်းဆိုသူများကို အလုပ်ထုတ်ခြင်းတို့ကို အလုပ်သမားတို့ ရင်ဆိုင်နေရသည်။
ထို့ပြင် ကိုယ်ထိလက်ရောက် ရိုက်နှက်ခံရခြင်း၊ ဆဲဆိုခြင်း၊ ခွင့်မပေးခြင်း၊ လူမှုဖူလှုံရေးခံစားခွင့်များ မရတော့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုမရခြင်း၊ အလုပ်သမားအဖွဲ့များ လွတ်လပ်စွာဖွဲ့ခွင့် မရှိခြင်းတို့ ကြုံနေရသည်ဟု စစ်ကောင်စီက ဖျက်သိမ်းထားသည့် အလုပ်သမားအဖွဲ့အချို့က ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)