သတင်း

လုပ်ခတိုးပေးရန် ဆန္ဒပြသည့် Adidas ဖိနပ်စက်ရုံမှ ၂၉ ဦး အလုပ်ထုတ်ခံရ

ကမ္ဘာကျော် Adidas ဖိနပ်များ ထုတ်လုပ်သော ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ မြန်မာပေါင်ချိန်စက်ရုံမှ လုပ်ခလစာတိုးပေးရန်တောင်းဆိုသည့် ဝန်ထမ်း ၂၉ ဦးကို အောက်တိုဘာ နောက်ဆုံးပတ်တွင် အလုပ်မှ ထုတ်ပယ်ခဲ့သည်ဟု အဆိုပါ စက်ရုံဝန်ထမ်းများက ပြောသည်။

အလုပ်သမား ၇၈၀၀ ခန့်ရှိ ထိုစက်ရုံတွင် အောက်တိုဘာ ၂၅ ရက်နေ့က အခြေခံလုပ်ခလစာ တိုးပေးရန် အလုပ်သမား ၄၀၀ ခန့်ကစတင် ဆန္ဒပြခဲ့ကြသည်။ အောက်တိုဘာ ၂၇ တွင်လည်း ထပ်မံဆန္ဒပြရာ ပါဝင်သည့် အလုပ်သမား ၂၀၀၀ ခန့် ရှိသည်။ 

စက်ရုံတာဝန်ရှိသူများ ဦးဆောင်ဆန္ဒပြသည်ဟု ၎င်းတို့ ယူဆသော အလုပ်သမား ၂၆ ဦးကို အလုပ်မှထုတ်ပယ်ခဲ့သည်။“စက်ရုံထဲဝင်လို့ကိုမရတော့ဘူး၊ အလုပ်သမားခေါင်းဆောင်တစ်ယောက်က သွားတွေ့တော့ သူ့ကို အလုပ်ထုတ်တဲ့စာနဲ့ လစာပေးတယ် (ဝန်ထမ်း)ကတ် ဖြုတ်လိုက်တယ် ဒါပေမယ့် သူက လက်မှတ် လည်းမထိုးဘူး၊ လစာလည်း မယူခဲ့ဘူး”ဟု အလုပ်မှထုတ်ပယ်ခံရသည့် မြန်မာပေါင်ချိန် စက်ရုံအလုပ်သမားသမဂ္ဂမှ အဖွဲ့ဝင်အမျိုးသမီးတစ်ဦးက ပြောသည်။

ဆန္ဒပြတောင်းဆိုသည့်ရက်များကို စက်ရုံဘက်က အလုပ်မဆင်းသည့် ခွင့်မဲ့ပျက်ကွက် ရက်များအနေဖြင့် မှတ်ယူခဲ့ပြီး EC (Employment Contract) စာချုပ်ခေါ် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ပါအချက်များနှင့် ညိစွန်းသည်ဆိုကာ အလုပ်မှထုတ်ပယ်လိုက်ခြင်းဖြစ်သည်ဟု အလုပ်သမားတို့က ပြောသည်။

စတင်ဆန္ဒပြခဲ့သည့် အောက်တိုဘာ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် စက်ရုံက စစ်ကောင်စီတပ်ကို တိုင်ကြားခဲ့ပြီး Double Cup စစ်ကား၄စီးနှင့် ယူနီဖောင်းဝတ် စစ်သားနှင့်ရဲ ၁၀ ဦးခန့် ရောက်လာကာ ဆန္ဒပြသူများကို ကြိမ်းမောင်းသွားခဲ့သည်ဟုလည်း အလုပ်သမားတစ်ဦးက ပြောသည်။

“နောက်နေ့မှာ ဆက်မလုပ်ဖို့ပြောတယ်၊ အပြင်မှာလုပ်ရင်ဆွဲစိမယ်(ဖမ်းဆီးမယ်)တဲ့၊ စက်ရုံထဲမှာလုပ်လို့ ပစ္စည်းတွေပျက်စီးရင်လည်း ဆွဲစိမယ်။ လုပ်ချင်နေတာ အတော်ကြာပြီလို့ပြောတယ်” ဟု အလုပ်ထုတ်ခံ ရသည့် အထက်ပါ အမျိုးသမီးက ပြောသည်။

အောက်တိုဘာ ၂၉ တွင် စက်ရုံရှိ A3  ဆောင်မှ နောက်ထပ် အလုပ်သမားအမျိုးသမီး ၃ ဦးကို အလုပ်မှထုတ်ပယ်လိုက်သည်ဟုလည်း ဆန္ဒပြမှုတွင်ပါဝင်ခဲ့ပြီး စက်ရုံတွင် လက်ရှိအလုပ်လုပ်နေသေးသော အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးကပြောသည်။

စက်ရုံထဲမှာလည်း မိုက်နဲ့လိုက်အော်တယ် ဆန္ဒပြရင် အရေးယူမယ်တဲ့ စက်ရုံထိခိုက်အောင်လုပ်လို့တဲ့။ အခု စက်ရုံထဲ လူ၂ယောက်စုရင်ကို ခွေးမောင်းသ လိုမောင်းထုတ်တာ” ဟုအဆိုပါ အမျိုးသမီးက ပြောသည်။

အလုပ်သမားတို့က အနည်းဆုံးအခြေခံလုပ်ခလစာ ၄၈၀၀ ကျပ်မှ ၈၀၀၀ ကျပ်သို့တိုးပေးရန်၊ ရက်မှန်ကြေးနှင့် ကုန်ထုတ်ဆုကြေးများ နှုန်းထားတိုးပေးရန်၊ စက်ရုံတွင်း တင်းကြပ်သော စည်းကမ်းများ ပြင်ဆင်ပေးရန်၊ ဖယ်ရီကားများစီစဉ်ပေးရန်နှင့် စက်ရုံဝင်းအတွင်းထားရှိသော စက်ဘီးဆိုင်ကယ်များ ပျောက်ဆုံးလျှင် တာဝန်ယူပေးရန် ထိုစက်ရုံရှိ အလုပ်သမားသမဂ္ဂအဖွဲ့က တောင်းဆိုခဲ့ပြီးနောက် စက်ရုံတာဝန်ရှိသူတို့က အလုပ်သမများကို ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် အလုပ်ထုတ်ခံရသော အလုပ်သမားများက စစ်ကောင်စီ၏အလုပ်သမားရေးဝန်ကြီးဌာန၊ အလုပ်သမား ဆက်ဆံရေးဦးစီးဌာနသို့ တိုင်ကြားထားသည်ဟုသိရသည်။

အနည်းဆုံးအခကြေးငွေနှုန်းထားကို ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်က တစ်ရက် ၈ နာရီအတွက် ကျပ် ၃၆၀၀၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (NLD) အစိုးရက ၂၀၁၈ တွင် ကျပ် ၄၈၀၀ အဖြစ် ပြင်ဆင်သည်။

အနည်းဆုံးအခကြေးငွေ ဥပဒေအရ ထိုနှုန်းများမှာ ၂ နှစ်လျှင် တစ်ကြိမ် အနည်းဆုံးပြန်လည်ချိန်ညှိ သတ်မှတ်ရမည်ဖြစ်သည်။ သို့သော် ထိုနှုန်းထားမှာ ၅ နှစ်ဝန်းကျင်ရှိလာချိန် ယနေ့တိုင်အထိ အတည်ဖြစ်နေသည်။ အာဏာသိမ်းပြီးတစ်နှစ်အတွင်းပင် မြန်မာတွင် အလုပ်သမားတစ်သန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ သည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ထုတ်ပြန်ထားသည်။ စစ်ကောင်စီကလည်း အလုပ်သမားရေးဆောင်ရွက်သော အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များ၊ အဖွဲ့ အစည်းများကို တရားမဝင်အဖွဲ့အစည်းအဖြစ် အာဏာသိမ်းစကတည်းကပင် ကြေညာထားသည်။

လက်ရှိတွင် စက်ရုံများ၌ အလုပ်ရှင်က အချိန်ပိုကြေးမပေးခြင်း၊ ပိတ်ရက်တွင် အခကြေးငွေမပေးဘဲ အလုပ်ဆင်းရခြင်း၊ မဆင်းလျှင် အလုပ်ပျက်ရက်သတ်မှတ်ခြင်း၊ ကုန်ထုတ်လုပ်ပေးရသည့် အရေအတွက်ကို မြှင့်တင်လိုက်ခြင်း၊ အခွင့်အရေးတောင်းဆိုသူများကို အလုပ်ထုတ်ခြင်းတို့ကို အလုပ်သမားတို့ ရင်ဆိုင်နေရသည်။

ထို့ပြင် ကိုယ်ထိလက်ရောက် ရိုက်နှက်ခံရခြင်း၊ ဆဲဆိုခြင်း၊ ခွင့်မပေးခြင်း၊ လူမှုဖူလှုံရေးခံစားခွင့်များ မရတော့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုမရခြင်း၊ အလုပ်သမားအဖွဲ့များ လွတ်လပ်စွာဖွဲ့ခွင့် မရှိခြင်းတို့ ကြုံနေရသည်ဟု စစ်ကောင်စီက ဖျက်သိမ်းထားသည့် အလုပ်သမားအဖွဲ့အချို့က ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button