သတင်း

ပို့ကုန်ရငွေဖြင့်သာ သွင်းကုန်ခွင့်ပြုသည့်စနစ်ကို စစ်ကောင်စီ ပြန်အသက်သွင်း

ယခင် စစ်အာဏာရှင်လက်ထက်က ကျင့်သုံးခဲ့သော ပို့ကုန်ရငွေ ပမာဏအတိုင်းသာ သွင်းကုန်ခွင့်ပြုသည့် စနစ်ကို အာဏာသိမ်းစစ်ကောင်စီက တကြော့ပြန်အသက်သွင်းလာသည်။ 

သွင်းကုန်သမားများအနေဖြင့် ထိုင်းနယ်စပ်မှ ကုန်ပစ္စည်းတင်သွင်းရာတွင် ဘဏ်စနစ်သုံးရမည်ဖြစ်ပြီး ပို့ကုန်ဝင်ငွေ (Export Earning) ဖြင့်သာ ပေးချေရမည့်မူဝါဒကို ယခုလ ၁ ရက်တွင် စတင်လိုက်ခြင်း ဖြစ်သည်။  

၁၉၉၇ တွင် ကျင့်သုံးခဲ့သည့် ထိုစနစ်ကို သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက် ၂၀၁၃ ဧပြီတွင် ဖျက်သိမ်း၍ လွတ်လပ်စွာတင်သွင်းခွင့်ပြုခဲ့သော်လည်း အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြန်လည်ကျင့်သုံးခြင်းဖြစ်သည်။ 

ပို့ကုန်တင်ပို့မှုအားနည်းသည့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် ထိုစနစ်စတင်ခြင်းဖြစ်သဖြင့် စစ်ကောင်စီက ထိုင်းသွင်းကုန်များကို ပိတ်ပင်လိုခြင်းဖြစ်နိုင်ကြောင်း နယ်စပ်သွင်းကုန်လုပ်ငန်းရှင် တစ်ဦးက Myanmar Now ကိုပြောသည်။ 

“ဦးသိန်းစိန်တို့တက်လာတော့ အဲ့ဒါကိုဖျက်သိမ်းတယ်။ အခု စစ်ကောင်စီလက်ထက်မှာ ပြန်စတယ်။ ပြန်စတော့လည်း ပို့ကုန်မရှိတဲ့နေရာမှာလာစတယ်။ အဓိက ယိုးဒယားသွင်းကုန်တွေကို မသွင်းစေချင်တာ ပေါ့ဗျာ” ဟု အမည်မဖော်လိုသည့် သွင်းကုန်လုပ်ငန်းရှင် တစ်ဦးက  ၎င်းက ဆိုသည်။

ကမ္ဘာ့ငွေကြေးခဝါခမှုစောင့်ကြည့်ရေးအဖွဲ့(FATF) က မြန်မာကို အမည်ပျက်စာရင်းသွင်းခဲ့ပြီးနောက် ထိုအဖွဲ့၏အစီရင်ခံစာကို လိုက်နာမှုအားကောင်းရန်နှင့် ဘဏ်စနစ်အသုံးပြုမှုတွင်ကျယ်ရန်ဟုဆိုကာ ထိုမူဝါဒကိုပြောင်းလဲကြောင်း စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီးဌာနက အောက်တိုဘာ ၃၁ တွင် ထုတ်ပြန်ကြေညာသည်။ 

ပို့ကုန်ရငွေ၊ ပြည်ပရောက်အလုပ်သမားများ၏လစာနှင့် အခြားဝင်ငွေကိုသာ သွင်းကုန်တင်သွင်းရာတွင် ပေးချေခွင့်ပြုမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

သွင်းကုန်သမားများက ကုန်ပစ္စည်းသွင်းရန် လိုင်စင်လျှောက်ရာတွင် ပေးချေမည့် ငွေအမျိုးအစားကို သတ်မှတ်ရငွေဟုတ်မဟုတ်နှင့် ဝင်ငွေလမ်းကြောင်းကို စီးပွားကူးသန်းက စိစစ်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် သွင်းကုန်သမားများသည် ကုန်ပစ္စည်းဝယ်ရန် ပို့ကုန်သမားများထံမှ ဒေါ်လာ သို့မဟုတ် ထိုင်းဘတ်ငွေကို အလုအယက် ဝယ်မည်အခြေအနေနိုင်ကြောင်း ကုန်သည်အသိုင်းဝိုင်းက ဆိုသည်။ 

နိုင်ငံခြားငွေခန်းခြောက်လာသည့် စစ်ကောင်စီသည် ဒေါ်လာသုံးစွဲမှုလျှော့ချရန် ပြည်ပမှတင်းသွင်းသည့် ဇိမ်ခံပစ္စည်းများသာမက မရှိမဖြစ်ဝယ်ယူတင်သွင်းရသော ကုန်ပစ္စည်းများကို ထိန်းချုပ်ထားသည်။

ကားတင်သွင်းမှုကို ဗွေဆော်ဦး ပိတ်ပင်လိုက်သည့်အပြင် လွတ်လပ်စွာတင်သွင်းခွင့်ပြုထားသော သွင်းကုန်အများစုကိုလည်း လိုင်စင်ပြန်လျှောက်ရန် ပြန်လည်သတ်မှတ်ခဲ့ကာ ထိုသို့ပိတ်ပင်မှုကြောင့် ကားထုတ်လုပ်သည့်လုပ်ငန်းများရပ်ဆိုင်းသည်အထိရိုက်ခတ်မှုရှိခဲ့သည်။

“Import(သွင်းကုန်)ကို ပေးမဝင်စေချင်တာ။ ခက်တာက ကျွန်တော်တို့ဆီမှာက၊ သွားကြားထိုးတံ၊ အိမ်သာတစ်ရှူး၊ ဘုရားပန်းကအစ အကုန် Import လုပ်နေရတာ။ ဒေါ်လာအသည်းအသည်လိုနေတာကို သွေးရူးသွေးတန်းလုပ်နေတာ” ဟု ထိုသွင်းကုန်လုပ်ငန်းရှင်က ဝေဖန်သည်။

စစ်ကောင်စီလက်ထက်တွင် စရိတ်စကကြီးမြင့်မှုကြောင့် လူဦးရေအများအပြားမှီခိုလုပ်ကိုင်သည့် လယ်ယာလုပ်ငန်းကျဆင်းကာ စိုက်ပျိုးရေးထွက်ကုန် မည်မည်ရရမရှိသလို အခြားပို့ကုန်များလည်း ကျဆင်းနေကြောင်း ၎င်းက ဆိုသည်။ 

ပို့ကုန်နှင့် သွင်းကုန်မျှခြေဖြစ်ရန်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ထိုင်းမြန်မာနယ်စပ် တာချီလိတ်နယ်စပ်ကုန်သည်များကို အောက်တိုဘာ ၃၁ မနက်ပိုင်းတွင် အစည်းအဝေးခေါ်ယူရှင်းပြခဲ့သည်။ 

နိုဝင်ဘာ ၁ မှစတင်ကာ ထိုင်းနှင့်ကုန်သွယ်နေသည့် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင် နယ်စပ်စခန်းတို့တွင် ထိုစနစ်သတင်မည်ဖြစ်ကြောင်း တာချီလိတ်မြို့မှ ကုန်သည်တစ်ဦးက Myanmar Now ကို ပြောသည်။ 

“ဘယ်လိုရှေ့ဆက်လုပ်ကြမလဲဆိုတာ လူတိုင်းခေါင်းခဲနေကြတယ်။ ဘာလို့လဲဆိုတော့ သိတဲ့အတိုင်းပဲ။ မြဝတီတို့၊ ကော့သောင်းတို့ဘက်က Export(ပို့ကုန်)က ကျွန်တော်တို့(တာချီလိတ်) ထက်ကို အများကြီး ရှိတယ်။ တာချီလိတ်က Export ‌တော်တော်လေးကိုနည်းတယ်။ Export ကိုပဲမှီပြီး Import ပြန်လုပ်မယ် ဆိုရင် တော်တော်ကိုအဆင်မပြေမှုတော့ရှိတာပေါ့” ဟု ၎င်းက ဆိုသည်။ 

အထူးသဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် စက်သုံးဆီကို​ ထိုင်းနိုင်ငံမှ အဓိကတင်သွင်းရောင်းချနေရပြီး မူဝါဒအသစ်ကြောင့် ဆီလုံလုံလောက်လောက်မသွင်းနိုင်ပါက ဆီပြတ်လပ်နိုင်ကြောင်း သူက ဆိုသည်။  

၂၀၂၂ ဧပြီ ၁ ရက်မှ အောက်တိုဘာ ၂၁ အထိ တာချီလိတ်မှ သွင်းကုန်တန်ဖိုးမှာ ဒေါ်လာ ၅၅ သန်းကျော် ရှိပြီး သွင်းကုန်တန်ဖိုးမှာ ၃၁ သန်းရှိကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။

သွင်းကုန်များကို ကန်သတ်ပိတ်ပင်ထားသည့် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ၎င်းလက်ထက်တွင် ကုန်သွယ်ရေးလိုငွေမပြကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို ဦးစားပေးကြောင်း မကြာခဏပုံဖော်ပြောဆိုလေ့ရှိသည်။  

မြန်မာအနေဖြင့် စားသုံးကုန်၊ လူသုံးကုန်၊ ဆေးဝါးနှင့် အထည်ချုပ်ကဲ့သို့ စက်မှုကုန်ကြမ်းပစ္စည်းကို ပြည်ပမှ အဓိကတင်သွင်းရပြီး သွင်းကုန်များထိန်းချုပ်မှုကြောင့် ကုန်ပစ္စည်းရှားပါးကာ ဈေးနှုန်းမြင့်တက်လာမည့်အပြင် မှောင်ခိုဈေးကွက်လည်းကြီးထွားလာနိုင်ကြောင်း ကုန်သည်များက သုံးသပ်ထားကြသည်။

Show More

Related Articles

Back to top button