သတင်း

ဖားကန့်မှ ဗုံးဒဏ်သင့်လူနာများ ကုသပေးသူကို တရားစွဲမည်ဟု စစ်ကောင်စီ ခြိမ်းခြောက် 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါ ဒေသကို စစ်ကောင်စီလေတပ်က တိုက်ခိုက်မှုအပြီး ဒဏ်ရာရသွားသူများကို လက်ခံဆေးကုပေးပါက တရားစွဲဆိုမည်ဟု ခြိမ်းခြောက်နေကြောင်း ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

အောက်တိုဘာ ၂၃ ည လေကြောင်းတိုက်ခိုက်မှုအတွင်း လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအမိန့်ဖြင့် ဆေးကုသခွင့် ပိတ်ပင်ထားခြင်းဟု ဆိုသည်။

“ဘာသာရေးခေါင်းဆောင်တွေကို ခေါ်ပြီးတော့ ပြောတယ်။ ၁၇ (၁) နဲ့ တရားစွဲ (မယ်) လို့ ပြောဆိုထားတာ ဟုတ်တယ်။ နာရေးဆုတောင်းပွဲ လုပ်တာတောင်မှ ခြိမ့်ခြိမ့်သဲ မလုပ်ရ။ တစ်အိမ်မှာ နာရေးရှိတယ်ဆိုရင် ဒီအိမ်နဲ့ အသင်းအုပ်ဆရာတစ်ယောက်ဆိုရင် ရပြီလို့ ပြောတယ်၊ အဲဒီလောက်အထိကို တင်းကျပ်စွာ ပြုလုပ်ဆောင်ရွက်နေတယ်” ဟု မြို့ခံကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

ဖားကန့်မြို့ကို မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ညမထွက်ရအမိန့်ထုတ်ကြောင်း ယမန်နေ့ (အောက်တိုဘာ ၂၆) တွင် ကြေညာလိုက်ပြီးနောက် ဒေသတွင်း ဘာသာရေးခေါင်းဆောင်များကို စစ်ကောင်စီတပ်နှင့် ၎င်းတို့ခန့်အပ်ထားသည့် အုပ်ချုပ်ရေးအဖွဲ့က ခေါ်ယူသတိပေးခဲ့ခြင်းဟု ဆိုသည်။

“လက်နက်ကိုင်သောင်းကျန်းသူနဲ့ ဆက်စပ်သူမှန်သမျှ၊ KIA နဲ့ ဆက်ဆံတဲ့ မှန်သမျှ အားလုံးက ၁၇ (၁) လို့ ပြောတယ်။ အဲဒါက နေပြည်တော်ကနေ အမိန့်ကို ထုတ်ပြန်တော့မှာ ဖြစ်တဲ့အကြောင်း၊ မကြာခင်မှာ တိတိကျကျထုတ်ပြန်မယ့်အကြောင်း ပါးစပ်နဲ့ ခေါ်ပြောတာ။ အရင်တုန်းက အုပ်ချုပ်ရေးမှူးတွေ ဘယ်ရောက်နေမှန်းမသိဘူး။ အခုမှ အုပ်ချုပ်ရေးမှူးတွေက ဘယ်က ဘယ်လို ပေါ်လာမှန်းမသိဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။

ထို့အပြင် အနန့်ပါဒေသမှ မြစ်ကြီးနား၊ ဖားကန့်မြို့များသို့ သွားရောက်ဆေးကုသရန် ဖြတ်သွားရမည့် ကံစီးရွာတွင်လည်း စစ်ကောင်စီတပ်အင်အား ရာဂဏန်းဖြင့် အထိုင်ချထားကာ ဒဏ်ရာရလူနာများ ထိုနေရာမှ ဖြတ်သန်းသွားလာခွင့် မရဟု ဒေသခံများက ပြောသည်။

အောက်တိုဘာ ၂၃ မှ ယနေ့ (အောက်တိုဘာ ၂၇) ထိ ဗုံးဒဏ်သင့် သေဆုံးသူတို့၏ ရုပ်အလောင်းများအပါအဝင် လူနာများကို ဖြတ်သန်းခွင့်ပိတ်ပင်ထားသဖြင့် အနန့်ပါဒေသမှာပင် ရရာနည်းလမ်းဖြင့် ဆေးဝါးကုသမှု ပေးနေရကြောင်း၊ သွေးထွက်လွန်၍ အသက်ဆုံးရှုံးနေရသည့် လူနာများ နေ့စဉ် တိုးပွားနေချိန်တွင် လက်ခံဆေးကုမှုမပြုရန် ခြိမ်းခြောက်ပြောဆိုနေခြင်း ဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

ဒဏ်ရာရလူနာများကို ကံစီးရွာမှ ဖြတ်သန်းသွားလာခွင့်ပြုရေးအတွက် စစ်ကောင်စီနှင့် ညှိနှိုင်းနေသော်လည်း ဖြတ်သန်းသွားလာခွင့်မပြုနိုင်ကြောင်း ဖားကန့်မြို့ရှိ စစ်ကောင်စီဗျူဟာမှူးက ပြန်လည်တုံ့ပြန်ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။ 

“လုံးဝ (ခွင့်ပြုလို့) မရဘူး။ နေပြည်တော်ကလာတဲ့ အမိန့်အရ ကျွန်တော်လုပ်တဲ့အတွက်ကြောင့် ကျွန်တော့်ကိုလည်း နားလည်ပေးကြပါပဲ ပြောတယ်။ ကံစီးဘက်မှာဆို လက်နက်အစုံနဲ့ အင်အားတွေ ပိုချထားတယ်။ မိန်းမသော်လည်းကောင်း၊ ယောက်ျားသော်လည်းကောင်း၊ ကလေးဖြတ်လည်း ပစ်မှာပဲ။ လက်နက်ပါတာ၊ မပါတာ လာမပြောနဲ့ ရန်သူလို့ သတ်မှတ်ပြီးတော့ ပစ်မှာပဲတဲ့” ဟု ၎င်းက ပြောသည်။

အခြားလူမှုကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးကလည်း ထိခိုက်ဒဏ်ရာရသူများ ဆေးရုံဆေးခန်းများတွင် ဆေးကုသလျှင် တရားစွဲဆိုမည်ဟု လူနာများထံက ကြားသိရပြီး အသေးစိတ်အခြေနေကိုမူ မသိရသေးဟု ပြောသည်။

အနန့်ပါဒေသမှ ကံစီးရွာကို ဖြတ်၍မရသေးသည့် ဗုံဒဏ်သင့်လူနာများမှာ သွေးထွက်လွန်၍ သေဆုံးနေရသူ နေ့စဉ် ၁၀ ဦးထက်မနည်းရှိကြောင်း သိရသည်။ လေယာဉ်ဖြင့်​ ဗုံးကြဲခံရပြီး နောက်တစ်နေ့ဖြစ်သော အောက်တိုဘာ ၂၄ တွင် လူနာ ၂၀၊ အောက်တိုဘာ ၂၅ နှင့် ၂၆ တို့တွင် ၁၀ ဦးစီထက်မနည်း သေဆုံးနေသည်ဟု ကူညီဆောင်ရွက်ပေးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ 

“ဒဏ်ရာရတဲ့အခြေနေကတော့ သွေးလွန်လို့ ဆုံးသွားတာတွေ၊ ယမ်းဆိပ်သင့်ပြီးတော့ ဆုံးသွားတာတွေ ပိုများလာတယ်။ ကျည်တွေ၊ မိုင်းထိတွေရင် ယမ်းအဆိပ်သင့်ပြီးတော့ ဖြတ်တောက်ရမယ့် အနေအထားတွေမျိုးရှိတယ်လေ။ မဖြတ်တောက်နိုင်လို့ ယမ်းအဆိပ်သင့်လို့ သေတာတွေ ပိုများလာတာပေါ့” ဟု ပြောသည်။ 

စစ်ကောင်စီက ဗုံးကြဲတိုက်ခံခိုက်ရပြီး ၅ ရက်ကြာသည့်တိုင် သေဆုံးသူအရေအတွက် အတိအကျကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။ 

ယနေ့ နောက်ဆုံးအခြေအနေနှင့် ပတ်သက်၍ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။ 

ကူညီကယ်ဆယ် လုပ်အားပေးနေသူတစ်ဦးက လေကြောင်းတိုက်ခိုက်မှု နောက်ဆက်တွဲအခြေအနေ လွန်စွာ ဆိုးရွားနေသည်ဟု ပြောသည်။

“ခေါင်းတခြား၊ ကိုယ်တခြား၊ တချို့ဆိုရင် ဘေးနားက သစ်ပင်တွေမှာ အသားစတွေ ကပ်နေတာတွေရှိတယ်။ လက်ပြတ်၊ ခြေပြတ်တွေလည်း ကပ်နေတာ။ သေဆုံးသူက အတိအကျကို ထုတ်ပြန်လို့မရသေးဘူး။ မနေ့ကအထိကို ခန္ဓာကိုယ်အစိတ်အပိုင်းတွေက ကောက်နေရတုန်းရှိသေးတယ်” ဟု ကူညီဆောင်ရွက်ပေးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။  

ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်း၊ ဆေးကုသမှုကို တားမြစ်ခြင်းနှင့် ဆေးကုသပါက တရားစွဲဆိုမည်ဆိုခြင်းတို့အတွက် စစ်ကောင်စီ ပြောခွင့်ရသူများထံ Myanmar Now က ဆက်သွယ်၍မရဘဲဖြစ်နေပြီး အခြေအနေအသေးစိတ်ကို သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ။

အောက်တိုဘာ ၂၃ ည ၉ နာရီဝန်းကျင်က ဖားကန့်မြို့နယ် မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ အနန့်ပါဒေသတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း ၆၂ နှစ်ပြည့်အထိမ်းအမှတ် တေးဂီတပွဲကျင်းပနေစဉ် စစ်ကောင်စီက တိုက်လေယာဉ် ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။​ လူပေါင်းများစွာ စုဝေးနေစဉ် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးသုံးလုံးကြဲချ၍ တိုက်ခိုက်မှုကြောင့် ၆၂ ဦးသေဆုံးကာ  ထိခိုက်ဒဏ်ရာရသူ အများအပြားရှိသည်။ 

စစ်ကောင်စီကမူ ၎င်းတို့က KIA ထိန်းချုပ်နယ်မြေကို ပစ်ခတ်ခြင်းဖြစ်သောကြောင့် စစ်ရေးပစ်မှတ်ကို တိုက်ခိုက်မှုဖြစ်သည်ဟု ဆိုသည်။

သို့သော်လည်း တိုက်ခိုက်ခံရသည့် ဂီတပွဲသို့ တက်ရောက်သူများထဲတွင် KIA စစ်သည်များ ပါဝင်သလို အရပ်သားများလည်း ပါဝင်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button