သတင်း

ရဲစခန်းတွင်ခေါ်စစ်ရင်း သေဆုံးခဲ့သူကိစ္စ စုံစမ်းစစ်ဆေးနေ

(ရန်ကုန်) — ရွာသားတစ်ဦးပိုင်သည့် ငါးဖမ်းပိုက်များ ပျောက်ဆုံးမှုတွင် တစ်ရွာတည်းနေ အမျိုးသားတစ်ဦးကို ရဲက စစ်မေးရင်း သေဆုံးခဲ့သည့်ဖြစ်ရပ်တစ်ခု ဧရာဝတီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့ပြီး ၎င်းဖြစ်စဉ်တွင် စစ်မေးခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များကို စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်ရှိ တော်ကျိုက်ကျေးရွာအုပ်စု၊ ညောင်တပင်ကျေးရွာနေ ရွာသားတစ်ဦး၏ ငါးဖမ်းပိုက်ငါးစုံ ပျောက်ဆုံးမှုတွင် မြို့နယ်ရဲစခန်းက ထိုရွာနေ အသက် ၃၈ နှစ်အရွယ် ကိုဇော်မင်းထွန်းနှင့် ဇနီးတို့ကို ဇွန်လ ၂၆ ရက်နေ့က စခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ပြီး ယင်းနေ့ ညတွင် ကိုဇော်မင်းထွန်း သေဆုံးခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး သေမှုသေခင်းအဖြစ် အမှုဖွင့်လှစ်ကာ ဒေးဒရဲမြို့နယ်ရဲတပ်ဖွဲ့ဝင်များကိုလည်း ပြန်လည် စစ်ဆေးနေပြီးဟု ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ဇွန်လ ၂၈ ရက်နေ့တွင် Myanmar Now ကို ပြောသည်။

“သေမှုသေခင်းအတွက် ဆေးရုံကိုပို့ပြီး စစ်ဆေးတယ်။ အဲ့ဒီလိုဆိုတော့ ဆရာဝန်ရဲ့ ဆေးစစ်ချက်ပေါ် မူတည်မှာပါ။ ဒီသေဆုံးမှုနဲ့ အခု ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း စုံခုံ (စုံစစ်စိစစ်ရေး ခုံရုံး) ဖွဲ့ပြီး စစ်နေပါပြီ။ ဘယ်လိုဆိုတာတော့ လတ်တလော မပြောနိုင်သေးပါဘူး။ အတည်ပြုချက် မထွက်သေးပါဘူး” ဟု သူက ဆိုသည်။

ထိုဖြစ်ရပ်တွင် ငါးဖမ်းပိုက်ပျောက်သည့် ကာယကံရှင်များက ရဲစခန်းတွင် အမှုဖွင့်ထားခြင်းမရှိသလို ကနဦး ညှိနှိုင်းမှုများအရ ကိုဇော်မင်းထွန်းက ပြန်လည်လျော်ပေးမည်ဟု သဘောတူ ပြီးခါမှ ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့လင်မယားကို ဒေးဒရဲမြို့နယ် ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း၊ အဆိုပါနေ့ည ၈ နာရီကျော် အချိန်တွင် ဇနီးဖြစ်သူကို ပြန်လွှတ်ကာ ငါးဖမ်းပိုက်များ ကို ပြန်လည်ရှာဖွေစေခဲ့ကြောင်း၊ သို့ရာတွင် ည ၁၁ နာရီကျော်တွင် ကိုဇော်မင်းထွန်းမှာ သေဆုံးသွားပြီဟု ဆိုပြီး မြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားလိုက်ပြီဟု အသိပေးလာကြောင်း ကိုဇော်မင်းထွန်း၏ အစ်မ ဒေါ်သီသီဝင်းက ပြောသည်။

ယခုစစ်ဆေးမှုတွင် ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့်အဖွဲ့မှ ဒေးဒရဲမြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကာယကံရှင်မိသားစုများနှင့်အတူ အခင်းဖြစ်ရပ်တွင် ပါဝင်ပတ်သက်သည့် အရပ်သား များ အားလုံးကို စစ်ဆေးမေးမြန်းကာ ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေးအတွက် ကြိုးစားဆောင်ရွက်နေကြောင်း ဒေးဒရဲ မြို့နယ် ပါဝင်သည့် ဖျာပုံခရိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောသည်။

မြို့နယ်ဆေးရုံမှ မှုခင်းဆရာဝန်က ကိုဇော်မင်းထွန်းထံတွင် ခန္ဓာကိုယ်တွင်း ဒဏ်ရာများ မတွေ့ရဘဲ ဦးခေါင်းထိခိုက်မိသည့် ပြင်ပဒဏ်ရာများကိုသာ တွေ့ရသည်ဟု ပြောသည်ဟု ဒေါ်သီသီဝင်းက ဆက်ပြောသည်။

“ကျွန်မမောင်လေး သေတာဟာ ကိုယ်တွင်းက ဒဏ်ရာကြောင့် မဟုတ်ဘူး။ သူ့ကို ထုထောင်းရိုက်ပုတ်လို့ ဦးဏှောက်မှာ သွေးယိုစီးကျတဲ့ဒဏ်ရာမျိုးလို့ သိရတယ်။ ဆေးစာကိုတော့ ကျွန်မတို့ကို မပြပါဘူး။ သက်ဆိုင်တဲ့ ရဲတို့၊ တရားရုံးတို့ဆီပဲ ပို့မယ့်သဘောမျိုးပါ” ဟု ၎င်းက ဆိုသည်။

(နောက်ဆက်တွဲသတင်း)

အဆိုပါအမှုနောက်ဆက်တွဲသတင်းအရ ဒေးဒရဲမြို့နယ်ရဲစခန်းမှ အရာရှိတစ်ဦးအပါအဝင် ရဲငါးဦးကို ယမန်နေ့ (ဇွန်လ၂၈ရက်) က ဖမ်းဆီးကာ စစ်ဆေးရေးဝင်နေကြောင်း ဒေးဒရဲမြို့နယ် ရဲစခန်းမှူးက Myanmar Now ကို ယနေ့(ဇွန်လ ၂၉ရက်) တွင် ပြောသည်။

“စစ်တာက ကျွန်တော်တို့စခန်းက မဟုတ်ပါဘူး။ ခရိုင်အဆင့်က ရဲအရာရှိတို့က ဦးစီးပြီး စစ်ဆေးနေတာပါ။ ကျွန်တော်တို့လည်း အခြေအနေ ဘာမှမသိရပါဘူး။ သက်ဆိုင်တဲ့ ရဲတပ်ဖွဲ့ဝင် ငါးဦးလုံးကို လက်ရှိ ဖမ်းချုပ်ထားပြီး စစ်ဆေးနေတာပါ” ဟု ဒေးဒရဲမြို့နယ် ရဲစခန်းမှူး ဒုတိယရဲမှူး ဝင်းရွှေက ပြောသည်။

သံသယရှိသူတစ်ဦး အမှုစစ်ဆေးခံနေရစဉ် သေဆုံးသွားသည့် အဆိုပါဖြစ်စဉ်နှင့် စစ်ဆေးခဲ့သည့် ရဲများအား ဌာနတွင်း စုံစမ်းစစ်ဆေးနေမှုများကို ၎င်းတို့စောင့်ကြည့်နေကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် တိုင်ကြားစာများကော်မတီကို ဦးဆောင်သူ ဦးယုလွင်အောင်က Myanmar Now ကို ပြောသည်။

“လူတစ်ယောက်ကို ဥပဒေနဲ့အညီ သေဒဏ်ပေးတာမဟုတ်ရင် မသတ်ရဘူး။ အမှုစစ်တာလည်း မရိုက်ရဘူး။ အပြစ်ပေးတာတောင်မှ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ကျအောင် မလုပ်ရဘူး။ ဒါက အခြေခံလူ့အခွင့်အရေးပဲ။ မတရားသက်သက်သဘောရှိလာရင် ဒါကို အရေးယူရမယ်” ဟု ၎င်းက ပြောသည်။

Show More

Related Articles

Back to top button