
ထောင်ဝင်စာပို့ခွင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ပြီးနောက် အကျဉ်းသားများ၏ စားရေးသောက်ရေးနှင့် ကျန်းမာရေးအတွက် ဆေးဝါးရရှိမှုတို့ အခက်အခဲဖြစ်နေကြောင်း ထောင်ဝင်စာပို့သူများနှင့် ထောင်သတင်းရပ်ကွက်ထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ(၁၉) အင်းစိန်ထောင် ဗုံးပေါက်ကွဲမှုအပြီး စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များကို ထောင်ဝင်စာပို့ခွင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ရာ ထောင်တွင်းအခြေအနေမှာ ပိုမိုဆိုးရွားသွားခဲ့သည်ဟု အိုးဘိုထောင်နှင့် နီးစပ်သူ ရှေ့နေတစ်ဦးက ဆိုသည်။
“သူတို့အိမ်တွေကပို့ထားတဲ့ အရင်ကမုန့်ခြောက်တွေ၊ ရိက္ခာခြောက်တွေကို မျှစားနေကြတယ်။ ထောင်ထဲမှာ ဆန်တွေက စားဖို့ လုံးဝကို အဆင်မပြေကြတော့ သူတို့အိမ်တွေက ထောင်ဝင်စာလေးတွေကို မျှော်ကြရတာ အခုပိတ်လိုက်တော့ အခြေအနေအတော်ကို ဆိုးသွားတယ်” ဟု ပြောသည်။
ထောင်ဝင်စာများမပိတ်မီကပင် စားရေးသောက်ရေး အဆင်ပြေမှုမရှိသော ထောင်များတွင် မိသားစုဝင်များ၏ ထောင်ဝင်စာကို အားကိုးနေရ၍ ယခုအခါ ပိုမို၍ ခက်ခဲနေမည်ဟုလည်း မကြာသေးမီက အိုးဘိုထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ကိုအဂ္ဂက ဆိုသည်။
“ထောင်ထဲ နိုင်ကျဉ်းတွေ များလာပြီးတဲ့နောက် အသားဟင်းက တစ်လနှစ်လနေမှ တစ်ကြိမ်လောက် ကျွေးတယ်၊ ထမင်းဆိုတာလည်း ဘယ်တော့မှမနပ်ဘူး၊ ပဲဟင်းကလည်း အရည်ချည်းပဲ၊ စားလို့ကိုမရဘူး၊ အခုဆို ပိုခက်ခဲသွားပြီပေါ့” ဟု ပြောသည်။
မြင်းခြံ၊ သာယာဝတီ၊ ကျိုက်မရော၊ အင်းစိန်၊ ပုသိမ်၊ ပခုက္ကူ၊ မုံရွာ၊ မကွေး စသည့်ထောင်များသို့ ထောင်ဝင်စာပို့လေ့ရှိသူများထံ Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ထိုထောင်များတွင်လည်း အလားတူမျိုး ကြုံနေကြရသည်ဟု ဆိုကြသည်။
မကွေးအကျဉ်းထောင်လည်း လက်ရှိအချိန်အထိ ထောင်ဝင်စာ ပိတ်ထားဆဲဖြစ်ပြီး လုံခြုံရေးကင်မရာများ တပ်ဆင်ပြီးမှသာ ထောင်ဝင်စာပို့ခွင့်ပေးနိုင်မည်ဖြစ်ကြောင်း မကွေးအကျဉ်းထောင်အတွင်း ဝင်ထွက်သွားလာနေသည့် ရှေ့နေတစ်ဦးက ဆိုသည်။
“CCTV တွေ တပ်ဆင်နေတာ ပြီးသွားရင်တော့ ထောင်ဝင်စာ ပြန်ဖွင့်ပေးပါမယ်လို့ ထောင်ဘက်က ပြောပါတယ်။ အခုအချိန်ကတော့ အထဲကို စားနပ်ရိက္ခာ ပါဆယ်ပို့ခွင့်တော့ ပိတ်ထားတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြောင်းရွှေ့လိုက်ခြင်းကြောင့်လည်း မိသားစုနေထိုင်ရာနေရာနှင့် ဝေးလွန်းသည့် ထောင်များသို့ ရောက်ရှိသွားကြခြင်းကြောင့် အကျဉ်းကျသူနှင့် မိသားစုတို့ ဆက်သွယ်ရေးပိုမို ခက်ခဲစေသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မန္တလေးအကျဉ်းထောင်မှ မြင်းခြံထောင်သို့ နိုင်ငံရေးအကျဉ်းသား ၁၅၀ ကို ထောင်ပြောင်းရွှေ့ခဲ့သည်။ ပြောင်းရွှေ့ခံရသူများထဲမှ မန္တလေး ဒေသခံတစ်ဦး၏ ဇနီးဖြစ်သူကလည်း ထောင်ဝင်စာ ပိတ်လိုက်သည့်အတွက် စားရေးသောက်ရေး ခက်ခဲနေမည်ကို ပူပန်နေရသည်ဟု ဆိုသည်။
“အစ်မက မန္တလေးကနေ မြင်းခြံထောင်ကို ပို့ရတော့ ၂ လမှ တစ်ကြိမ်လောက်ပဲ ထောင်ဝင်စာသွားနိုင်တယ်၊ သွားပို့ရမယ့်ရက် မတိုင်မီလေး အခုလိုဖြစ်သွားတော့ အရမ်းစိတ်မကောင်းဘူး၊ သူလည်း အထဲမှာ ခက်ခဲနေမှာ” ဟု ထိုအမျိုးသမီးက ဆိုသည်။

လတ်တလောတွင် ထောင်အာဏာပိုင်တို့က အကျဉ်းသားများလိုအပ်သည့် စားစရာနှင့် အသုံးအဆောင်များကို ထောင်ဈေးမှ ဝယ်ယူခွင့်ပြုထားသော်လည်း ဈေးအဆမတန်မြှင့်တင်ထားသည်ဟုလည်း နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅၀၅(က)ဖြင့် မန္တလေးအိုးဘိုထောင်တွင် တရားရင်ဆိုင်နေရသူ အမျိုးသမီးတစ်ဦး၏ဖခင်က ပြောသည်။
“အမျိုးသမီး လစဉ်အသုံးအဆောင်တွေပါ သွင်းလို့မရတာ၊ ဒီတော့ ဘာလုပ်ရလဲဆိုတော့ ငွေပို့လို့တော့ရတော့ ငွေပေးပြီး ထောင်ဈေးဘားကနေ မှာကြရတယ်၊ မတန်တဆ ဝယ်ပြီးသုံးနေရတယ်” ဟု ဆိုသည်။
ထောင်များအတွင်း လုံလောက်သည့် အစားအစာမရမှုအပြင် ဆေးကုသမှုခံရန် လိုအပ်ပါကလည်း ထောင်အာဏာပိုင်များက လျစ်လျူရှုထားသည်ဟုလည်း ပြန်လည်လွတ်မြောက်လာသည့် ကိုအဂ္ဂက ဆိုသည်။
“ဆရာဝန်ရှိပြီး ဆေးမရှိတာပါ၊ ဘာရောဂါဖြစ်ဖြစ် ပါရာစီတမောပဲ ပေးတယ်၊ ဝဲပေါက်ရင်တောင် ဆေးကို တန်းမပေးဘူး၊ တစ်ကိုယ်လုံးပြန့်ပြီးမှ လိမ်းဆေးအတောင့် သေးသေးလေးတစ်တောင့် ပေးတယ်၊ ကိုယ်လိုချင်တဲ့ဆေးကို ကိုယ်ဝယ်ကြရတယ်၊ ထောင်ကပေးတယ်ဆိုတာ မရှိသလောက်ပဲ” ဟု ဆိုသည်။
အကျဉ်းထောင်များအတွင်း ထောင်အာဏာပိုင်တို့ လိုက်နာရန်နှင့် အကျဉ်းသားများရရှိသည့် အခွင့်အရေးများကို အကျဉ်းထောင်လက်စွဲတွင် ဖော်ပြထားသော်လည်း အဆိုပါ အခွင့်အရေးများမရဘဲ ဖြစ်နေသည်။
အကျဉ်းထောင်အက်ဥပဒေ ပုဒ်မ ၃၁ တွင် အကျဉ်းသားတစ်ဦးသည် လူမှုလိုအပ်ချက်များဖြစ်သော အစားအစာနှင့် အဝတ်အထည်များကို သတ်မှတ်ခွင့်ပြုထားသော အချိန်များတွင် သွင်းယူခွင့်ရှိသည်ဟု ဖော်ပြထားသည်။
ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်၍လည်း ပုဒ်မ ၃၇၊ ၃၈၊ ၃၉ တို့တွင် အကျဉ်းသားတစ်ဦး ဆေးဝန်ထမ်းနှင့် တွေ့ဆုံလိုခြင်း၊ ဆေးကုသမှုခံယူလိုခြင်းတို့အတွက် ခွင့်ပြုပေးရမည့်အပြင် ဆေးဝါးလိုအပ်ချက်လည်း ဖြည့်ဆည်းပေးရမည်ဟု ပါရှိသည်။
သို့သော် အဆိုပါအခွင့်အရေးများ လုံးဝမရဟု နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအဂ္ဂက ဆိုသည်။ “ကောင်းမွန်တဲ့ အဟာရဆိုတာ ထောင်ထဲမှာ ကပ်ထားတဲ့ ဗီနိုင်းတွေပေါ်မှာပဲ ရှိတာပါ” ဟု သူက ပြောသည်။
အကျဉ်းသားအခွင့်အရေးများရရှိရန် ထောင်အာဏာပိုင်များထံ တောင်းဆိုသော်လည်း “ဘာမှမလုပ်ပေးဘူး၊ လူ ၅ ယောက်လောက် စုပြီး သွားပြောတော့လည်း ဆန္ဒပြပါတယ်ဆိုပြီး ရိုက်နှက်တိုက်ပိတ်ခံရပါတယ်” ဟုလည်း ကိုအဂ္ဂက ဆိုသည်။
နိုင်ငံအတွင်း အကျဉ်းထောင်နှင့် အကျဉ်းစခန်း ၉၀ ကျော်ရှိရာ အဆိုပါ အကျဉ်းထောင်များသည် သောက်ရေ မသန့်ရှင်းခြင်း၊ သုံးရေမလုံလောက်ခြင်း၊ ထောင်အကျယ်အဝန်းနှင့် အကျဉ်းသားအရေအတွက် မမျှခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ခြင်း၊ မပေးခြင်း၊ ထောင်အာဏာပိုင်တို့ လူ့အခွင့်အရေးချိုးဖောက်ခြင်း စသည့်အချက်များဖြင့် စစ်အာဏာရှင်အဆက်ဆက် နာမည်ဆိုးဖြင့် ကျော်ကြားသည်။
ထိုအခြေအနေများထိန်းသိမ်းနိုင်ရန် အကျဉ်းထောင်များသို့ ဝင်ခွင့်ပြုရေး တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီက ခွင့်မပြုကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ယခုနှစ် ဇွန်လအတွင်း ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)