သတင်း

ဖားကန့်လေကြောင်းတိုက်ခိုက်မှု တပ်မဟာမှူးတစ်ဦး ကျဆုံးဟု KIA ပြော

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ယမန်နေ့ (အောက်တိုဘာ ၂၃ ) ညပိုင်း လေကြောင်းတိုက်ခိုက်မှုတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ အမှတ် ၉ တပ်မဟာမှ  ခေါင်းဆောင်အချို့ အပါအဝင် ၅၀ ကျော် သေဆုံးသည်ဟု သိရသည်။

ယမန်နေ့ ည ၉ နာရီခန့်က ဖားကန့်မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ  အနန့်ပါ ကျေးရွာတွင် KIA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ KIO ၆၂ နှစ်ပြည့် နှစ်ပတ်လည်အကြိုနေ့ ဂုဏ်ပြုပွဲကျင်းပနေစဉ် စစ်ကောင်စီတပ်က တိုက်လေယာဉ် ၃ စီးဖြင့် ဗုံးကြဲခြင်းဖြစ်သည်။

တိုက်ခိုက်မှုအတွင်း သေဆုံးသူများထဲတွင် တပ်မဟာ ၉ မှ အရာရှိတချို့လည်း ပါဝင်သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“တပ်မဟာမှူး ပါသွားတယ်ဆိုပြီးပဲ ကြားပါတယ်၊ အဲဒါက အတည်ပြုပြောလို့ရပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

တပ်မဟာ ၁၀ ခု ရှိသည့် KIA တွင် အမှတ် ၉ တပ်မဟာ၏ လှုပ်ရှားနယ်မြေမှာ ဖားကန့်မြို့လည်း ပါဝင်သည်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူများ၏ အမည်အပါအဝင် အသေးစိတ်အခြေအနေကို စိစစ်နေဆဲဖြစ်သောကြောင့် ကျဆုံးသည့် တပ်မဟာမှူး၏ အမည်ကိုမူ ထုတ်ဖော်ပြောဆို၍ မရသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လူနာများကို ဆေးရုံပို့ရေး ကြိုးစားရာတွင် စစ်ကောင်စီတပ်ဂိတ်များ၏ ဟန့်တားမှုနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

“လူနာတွေသယ်ထုတ်ဖို့ဆိုတာက‌တော့ သူတို့စစ်ဆေးလာလို့ အခက်အခဲတွေရှိတယ်ဆိုတဲ့ တစ်ချက်ရယ်၊ နောက် သေဆုံးသွားတဲ့ဟာကတော့ အလောင်းကတော့ ၅၀ လောက်တော့ အတည်ပြုပြောလို့ရတယ်လို့ သတင်းပို့လာတာရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၂၃ ) ညပိုင်း ဖားကန့်မြို့ အနန့်ပါ ကျေးရွာတွင် KIO ၆၂ နှစ်ပြည့် နှစ်ပတ်လည် အကြိုနေ့ ဂုဏ်ပြုပွဲကျင်းပနေစဉ် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ပြီးနောက် အပျက်အစီးများကို တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့

တိုက်ခိုက်မှုအတွင်း ကချင်အဆိုတော် အော်ရာလီ၊ တေးသံရှင် ယော်လွင်နှင့် ဂီတသမားအချို့ပါ သေဆုံးသွားသည်ဟု ဒေသတွင်းသတင်းဌာနများ၏ ဖော်ပြမှုအရ သိရသည်။ 

ကချင်နှစ်ခြင်းအသင်းတော် (KBC) မှ တာဝန်ရှိသူတစ်ဦးကလည်း ဒဏ်ရာရသူများကို ကယ်ထုတ်ရာတွင် စစ်ကောင်စီတပ်က ကံဆီးကျေးရွာ စစ်ဆေးရေးဂိတ်တွင် တားဆီးထားကြောင်း ပြောသည်။

“ဒဏ်ရာရတဲ့သူတွေကို ဒီဘက်ကို မပို့နိုင်သေးဘူး။ တစ်နေတယ်။ တိုင်းကို ခွင့်တောင်းနေကြတယ်။ မြစ်ကြီးနားတို့ ဖားကန့်ဘက်ကို ဆေးကုသဖို့ အဆင်မပြေသေးဘူး။ သေဆုံးတဲ့သူတွေရဲ့ မိသားစုတွေကတော့ အလောင်းကို အိမ်ကို သယ်ချင်တာပေါ့” ဟု အဆိုပါ KBC တာဝန်ရှိသူက ပြောသည်။ 

စစ်ကောင်စီသည် နိုင်ငံအတွင်း ကျယ်ပြန့်လာနေသည့် စစ်မျက်နှာပြင်များတွင် လေကြောင်းအသုံးပြု တိုက်ခိုက်လာနေသည်။ 

အရပ်သားပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်ခြင်း မပြုရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာက စစ်ခေါင်းဆောင်ကို နားချသော်လည်း မအောင်မြင်ပေ။

ယမန်နေ့ (အောက်တိုဘာ ၂၃ ) ညပိုင်း ဖားကန့်မြို့ အနန့်ပါ ကျေးရွာတွင် KIO ၆၂ နှစ်ပြည့် နှစ်ပတ်လည် အကြိုနေ့ ဂုဏ်ပြုပွဲကျင်းပနေစဉ် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများ။ ဓာတ်ပုံ – ပေးပို့

ဖားကန့်ဒေသ အရပ်သား ၁၀၀ ကျော် ထိခိုက်မှုရှိသော၊ သေဆုံးမှု အများအပြားပါဝင်သည်ဟု ဆိုသော ထိုတိုက်ခိုက်မှုအတွက် လွန်စွာ စိုးရိမ် ဝမ်းနည်းမိသည်ဟု ကုလမြန်မာရုံးက ယနေ့ ထုတ်ပြန်ထားသည်။

အရပ်သားပစ်မှတ်ကို တိုက်ခိုက်ခြင်းအတွက်  ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ကန့်ကွက်လိုက်ပြီး ထိုတိုက်ခိုက်မှုမှာ စစ်ရာဇဝတ်မှုမြောက်ကြောင်း၊ ကချင်လူထုနှင့်အတူ ရပ်တည်ကြောင်း ယနေ့ ကြေညာသည်။

KNPP သည် ကရင်နီတပ်မတော် (KA) ၏ နိုင်ငံရေးအဖွဲ့ ဖြစ်သည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်း KNPP နည်းတူ ကြေညာချက်ထုတ်ပြန်သည်။ “စစ်ရာဇဝတ်မှုများအတွက် ထိုက်သင့်သော  ပြစ်ဒဏ်ပေးရေး” မျှော်လင့်သည်ဟု AA, MNDAA, TNLA တပ်ဖွဲ့တို့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း စစ်ကောင်စီဝါဒဖြန့် အွန်လိုင်းလူမှုကွန်ရက်တွင်မူ ထိုတိုက်ခိုက်မှုကို ထောက်ခံရေးသားနေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button