အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဦးကိုနီအမှု တရားခံများလုံခြုံရေးကို တရားလိုရှေ့နေ စိုးရိမ်

ရန်ကုန် – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးသည့် အချိန်အတွင်း လုံခြုံရေး ပိုမို ချထားသင့် သည်ဟု အာဏာပိုင်တို့ကို တိုက်တွန်းလိုကြောင်း တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်က ဇူလိုင် ၂၁ ရက်နေ့တွင် ပြောလိုက်သည်။

တရားရုံးအနီး ဖြတ်သန်းသွားလာနေသူ များပြားလှပြီး ထိုအမှုနှင့် မဆက်စပ်သည့် မော်တော်ယာဉ် အများအပြားလည်း တရားခံတို့ကို တင်ဆောင်လာသည့် ယာဉ်အနီး ရပ်နားထားတတ် သည်ဟု သူက ဆက်ပြောသည်။

နိုင်ငံတကာက စိတ်ဝင်စားနေသည့် လေဆိပ်လူသတ်မှုနှင့် ပတ်သက်ပြီး အင်းစိန်ထောင်တွင် ထိန်းသိမ်းထားသူတို့ကို တရားခွင်သို့ ခေါ်ဆောင်ရာတွင် အချုပ်ကားကို အသုံးမပြုဘဲ သာမန်ရဲကားကိုသာ အသုံးပြုနေခြင်းမှာလည်း လုံခြုံရေးပိုင်းဆိုင်ရာ အားနည်းချက် ဖြစ်သည်ဟု ယူဆကြောင်း ရှေ့နေက ဆိုသည်။

“သူတို့အနားကိုကပ်သွားတဲ့အခါမှာလည်း လက်နက်ကိုင်လုံခြုံရေးတွေက နည်းနေတယ်။ အဓိကကျတဲ့ တရားခံကို နှုတ်ပိတ်တာတို့ဘာတို့ ဆိုတာ ဖြစ်နိုင်တယ်” ဟု ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ဦးကိုနီလုပ်ကြံခံရမှုကို အကောင်အထည်ဖော်သူများအဖြစ် အာဏာပိုင်တို့ သံသယ ရှိနေသူများထဲတွင် အောင်ဝင်းခိုင်၊ အောင်ဝင်းဇော်နှင့် အောင်ဝင်းထွန်းတို့ ညီအစ်ကိုသုံးဦး၊ ဗိုလ်ကြီးဟောင်း ဇေယျာဖြိုး၊ လေဆိပ်တွင် အနီးကပ် လုပ်ကြံပစ်ခတ်ခဲ့သူ သေနတ်သမား ကြည်လင်းတို့ ပါဝင်သည်။

၎င်းတို့ထဲမှ ၄ ဦးကို ဖမ်းဆီးရမိထားပြီး နေပြည်တော်ပရဆေးဥယျာဉ်အနီး ရောက်ရှိပြီးနောက်ပိုင်း ခြေရာပျောက်သွားသည်ဟု အာဏာပိုင်တို့ ကြေညာထားသော ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်သည် လွတ်မြောက်နေဆဲဖြစ်သည်။

မိုင်းဖြတ်မြို့နယ် အမတ်

အမှုနှင့် ပတ်သက်သည့် သက်သေများအနက် တစ်ဦးဖြစ်သူ မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးလင်းဇော်ထွန်းကို စစ်ဆေးခွင့် မရရှိသေးကြောင်း ရှေ့နေ ဦးရောဘတ်စန်း အောင်က ပြောသည်။

မိုင်းဖြတ်လွှတ်တော်အမတ်သည် အောင်ဝင်းခိုင်၊ ဇေယျာဖြိုးတို့နှင့်အတူ ရန်ကုန်၊ တာမွေမြို့နယ်ရှိ မော်ဒန်လက်ဖက်ရည်ဆိုင်တွင် ဦးကိုနီနှင့် ပတ်သက်ပြီး ပြောဆို ဆွေးနွေးကြရာမှ မကျေနပ်မှုများဖြစ်ပေါ်လာပြီး လုပ်ကြံမှု ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထုတ်ဖော်ပြောဆိုထားကြောင်း ရှေ့နေက ထောက်ပြသည်။

“ပြည်ထဲရေးက အခိုင်အမာသတင်းရှိလို့ ပြောတာပေါ့၊ အဲဒါကို အစစွဲထုတ်ရင်တော့ နောက်ထပ် အစတွေ ထွက်လာဦးမှာပေါ့။ အဲဒါကို ကျွန်တော်တို့ ကြိုးစားနေပါတယ်။ (ဦးလင်းဇော်ထွန်းက) သက်သေထဲမှာ ပါနေတယ်။ ရှေ့ကိုတိုးပြီးဆောင်ရွက်ဖို့က ဥပဒေအရာရှိက စောပါသေးတယ် ဆိုတော့ ကျွန်တော်တို့က ဘာမှလုပ်မရဘူး” ဟု ရှေ့နေက ဆက်ပြော သည်။

သို့သော်လည်း ရဲတပ်ဖွဲ့က လွှတ်တော်အမတ်ကို စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်မှုမရှိဟု တွေ့ရကြောင်း ပြည်ထဲရေးဝန်ကြီးက အထက်ပါ သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button