သတင်း

မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးခေါ်ယူထား 

မြန်မာ့အရေးနှင့် ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ တွင် လာမည့်သီတင်းပတ်အတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးတစ်ရပ် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနများက ရေးသားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနှစ်လအကြာ ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းကလည်း ဂျာကာတာမြို့တွင် အာဆီယံခေါင်းဆောင်များ စုဝေးခဲ့ကာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့သော ထိုအစည်းအဝေးတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ ဘုံသဘောတူညီချက်တစ်ရပ်ထွက်ပေါ်ခဲ့သည်။ 

အချိန်တစ်နှစ်ခွဲရှိလာပြီဖြစ်သော်လည်း အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးနှင့် စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တွေ့ဆုံဆွေးနွေးရေး အပါအဝင် အချက်ငါးချက်ပါ အာဆီယံသဘောတူညီချက်နှင့် ပတ်သက်၍ တိုးတက်မှု မဆိုစလောက်သာရှိခဲ့သည်ဟု AFP သတင်းဌာနက ရေးသားသည်။

ယခုတစ်ကြိမ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးကို လာမည့်သီတင်းပတ်အတွင်း ကြာသာပတေးနေ့တွင် ဂျာကာတာရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် ကျင်းပမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိက အတည်ပြုထားသည်။​

အာဆီယံဘုံသဘောတူညီချက်ပါ အချက်များနှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးရန် မျှော်လင့်ထားကြောင်း၊ အာဏာသိမ်း မြန်မာစစ်တပ်အနေဖြင့် အာဆီယံသဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်လိုခြင်း မရှိကြောင်းလည်း ဆိုသည်။​

မြန်မာကို အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်မှ ရပ်ဆိုင်းရေးမှာမူ လွယ်ကူသည့် လုပ်ငန်းစဉ်မဟုတ်ကြောင်းလည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ထုတ်ဖော်ပြောဆိုသည်။ 

အင်ဒိုနီးရှားနိုင်ငံသည် နိုဝင်ဘာလအတွင်း ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးအပြီးတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် လွှဲပြောင်းတာဝန်ယူမည်ဖြစ်သည်။​ 

လာမည့် ကြာသာပတေးနေ့တွင် ကျင်းပမည့် အထူးအသည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး သဘာပတိအဖြစ် ဆောင်ရွက်မည်ဟု သိရသည်။ 

အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးမှာ မြန်မာနိုင်ငံသို့ နှစ်ကြိမ်တိုင် ရောက်ရှိပြီးဖြစ်သော်လည်း အာဏာသိမ်းစစ်တပ်၏ အစီအစဉ်ဖြင့်သာ လှည့်ပြန်ခဲ့ရပြီး ၂၀၂၀ ရွေး ကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရခဲ့ပေ။

ကမ္ဘောဒီးယားနိုင်ငံက ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့တစ်ခု စေလွှတ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီထံမှ တုံ့ပြန်စကားကို စောင့်မျှော်နေသည်ဟု သိရသည်။  

မြန်မာ့အရေး ဖြေရှင်းရန် မှော်အစွမ်းမရှိဟု ထုတ်ဖော်ပြောဆိုထားသည့် အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်သို့ တတိယအကြိမ်သွားရောက်ကာ ပဋိပက္ခဖြေရှင်းရေး ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါကို အသုံးချလိုကြောင်းလည်း ဖွင့်ဟခဲ့ဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button