
ရန်ကုန်မြို့ အင်းစိန်ထောင် အဝင်ဝရှိ ထောင်ဝင်စာဌာနတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့သူ ဗ.က.သ ဗဟိုကော်မတီဝင်ဟောင်း ကိုဂျိမ်းစ်(ခ) လင်းထက်နိုင်၏ မိခင် ဒေါ်ကြီးမြင့်(ခ) အမေကြည် ၏ နာရေးအခမ်းအနားကို ယနေ့ အောက်တိုဘာ ၂၁ နံနက်ပိုင်းက ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစုသုသာန်တွင် ပြုလုပ်ခဲ့သည်။
အသက် ၅၅ နှစ် အရွယ် ဒေါ်ကြီးမြင့်(ခ) အမေကြည်သည် အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရသူ သားဖြစ်သူ ကိုဂျိမ်းစ် ထံသို့ ထောင်ဝင်စာလာပို့စဉ် ဗုံးပေါက်ကွဲမှုနှင့် ရင်ဆိုင်ခဲ့ရပြီး စစ်ကောင်စီက ပစ်ခတ်လိုက်သည့် ကျည်ဆန်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၁၉ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ထိုပေါက်ကွဲမှုကြောင့် အကျဉ်းဦးစီးဌာန ဝန်ထမ်း ၃ ဦး နှင့် ၁၀ နှစ်အရွယ် မိန်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား အမျိုးသမီး ၅ ဦး သေဆုံးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ပေါက်ကွဲမှုဖြစ်ချိန်တွင် အကျဉ်းထောင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပေါက်ကွဲမှုဖြစ်ပွားသည့် အဆောက်အအုံသို့ သေနတ်ဖြင့် ၁၀ ချက်ထက်မနည်းပစ်ခတ်ခဲ့ရာ အနည်းဆုံး ၅ ဦး ထက်မနည်း ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ထိုပေါက်ကွဲမှုကို မြင်တွေ့ခဲ့ရသူတစ်ဦးက Myanmar Now ကို ပြောဆိုထားသည်။
ဗ.က.သ ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ ကိုဂျိမ်းစ်(ခ) လင်းထက်နိုင်မှာ အင်းစိန်အကျဉ်းထောင်တွင် နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံထားရပြီး မိခင်ဖြစ်သူ၏ ဈာပနကို ဂါရဝပြုခွင့်ရရန် တောင်းဆိုထားသော်လည်း လုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်ကောင်စီက ပိတ်ပင်ထားသည်။
ထိုပေါက်ကွဲမှုဖြစ်စဉ်မှာ အင်းစိန်ဗဟိုအကျဉ်းထောင်ထောင်မှူးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သားများ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု Special Task Agency of Burma (STA)အဖွဲ့က ထုတ်ပြန်ထားသည်။
ရန်ကုန်အခြေစိုက် တော်လှန်ရေးအင်အားစုများက အရပ်သားအများစု သွားလာနေသည့် နေရာတွင် ဗုံးပေါက်ခွဲခဲ့သည့်အပေါ် ကန့်ကွက်ရှုတ်ချထားသည်။
[youtube https://youtu.be/cKnf_UggEZw]