
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ကိုယ်ဝန်ဆောင်နှင့် သက်ကြီးရွယ်အိုတစ်ဦးကို ပစ်သတ်ခဲ့သည့် စစ်ကြောင်းကို ယနေ့ (အောက်တိုဘာ ၂၀) နံနက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။
ယမန်နေ့ နံနက်က ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာအနီးတစ်ဝိုက်ကို ရဟတ်ယာဉ်နှစ်စီးဖြင့် ပစ်ခတ်ပြီး ရဟတ်ယာဉ် ၄ စီးဖြင့် အင်အားချခဲ့သည့် စစ်ကောင်စီစစ်ကြောင်းက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနှင့် ယောက္ခမဖြစ်သူတို့ကို ပစ်သတ်ခဲ့သည်။
ထိုသို့ ပစ်ခတ်သတ်ဖြတ်ပြီးနောက် စစ်ကောင်စီတပ်က ရင်ပေါင်တိုင်ရွာတွင် တပ်စွဲခဲ့သည်။ ယနေ့ နံနက်ပိုင်း ထိုရွာမှ ပြန်အထွက် လမ်းတွင် ဒေသခံကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ရင်ပေါင်တိုင်က အဖွဲ့တွေက ပုထိုးသာဘက်ကို လာပေါင်းတာ။ ပုထိုးသာမှာ မနေ့က တစ်ဖွဲ့ရှိတယ်။ တံတားကြီးတောင်ဘက်ရောက်ရင်တော့ မိုင်းဆင်ထားတော့ မိုင်းတွေဆွဲလိုက်တာ။ သူတို့ဘက်က ၅ ကောင်ကျတယ်။ ကျွန်တော်တို့ဘက်က ရဲဘော်တစ်ယောက်ကတော့ ကျည်ရှပ်မှန်တယ်။ ပွဲအချိန်ကတော့ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ပဲ ရှိမယ်” ဟု ပါဝင်တိုက်ခိုက်ခဲ့သော ဂဠုန်အမည်ရ ဒေသခံကာကွယ်ရေးအဖွဲ့တာဝန်ခံက ပြောသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရသည့် အရေအတွက်နှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တရစပ် ပစ်ခတ် တိုက်ခိုက်ပြီးနောက် တိုက်ပွဲထပ်ဖြစ်ပွားခြင်းမရှိဘဲ နှစ်ဖက် အခြေအနေစောင့်ကြည့်နေဆဲဖြစ်သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့ဝင် နောက်တစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရင်ပေါင်တိုင်ရွာအနီးကျေးရွာတစ်ဝိုက်ကို လေကြောင်းမှ ပစ်ခတ်ပြီး စစ်ကောင်စီတပ်သည် ရင်ပေါင်တိုင်ရွာ၊ ညောင်တန်းရွာအနီးတစ်ဝိုက် လေကြောင်းမှ စစ်သားများချသွားခြင်း ဖြစ်သည်။
ယမန်နေ့တွင် စစ်တပ်က ရဟတ်ယာဉ်များနှင့် ရုတ်တရက်ဝင်ရောက် ပစ်ခတ်စဉ် အနီးဝန်းကျင်ရှိ နုန်းတန်းရွာမှ အသက် ၆၇ နှစ်အရွယ် ဒေါ်ငြိမ်းညွန့်နှင့် ကိုယ်ဝန် ၇ လလွယ်ထားရသည့် အသက် ၃၃ နှစ်အရွယ် မစိုးစိုးတို့ ပြားအိုရွာသို့ စစ်ဘေးရှောင်လာစဉ် စစ်ကြောင်းနှင့် တွေ့ပြီး ပစ်သတ်ခံရသည်။
ဒေါ်ငြိမ်းညွန့်မှာ တင်ပဆုံမှ ဆီးခုံဖောက်ထွက် ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင် မစိုးစိုးမှာ အနီးကပ် ပစ်ခတ်ခံရမှုကြောင့် လည်ပင်း ကျည်ဖောက်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း မိသားစုဝင်တစ်ဦးက ပြော သည်။
“ (ဒေါ်ငြိမ်းညွန့်)ကတော့ အဝေးကနေ လှမ်းပစ်လိုက်တာ။ တင်ပါးဆုံကနေ ဆီးခုံဘက်ထိ ပေါက်သွားတာ။ အဲဒီလိုနဲ့ အစ်ကိုထူနေတဲ့အချိန်မှာ မရီးကတော့ မမှန်သေးဘူး။ နောက်ပြီးတော့ (မစိုးစိုး)ကို သေနတ်နဲ့ ပစ်သွားတဲ့ပုံကို ကြည့်ရတာတော့ အနီးကပ်ပစ်သွားတာ။ ကျည်ခွံတွေကလည်း သူ့ဘေးမှာပဲ တွေ့ရတာ။ လည်ပင်းကို အနောက်ကနေ တေ့ပစ်တဲ့ပုံစံမျိုး” ဟု မိသားစုဝင် အမျိုးသားက ဆိုသည်။
သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင်ကို ပစ်သတ်ပြီး စစ်တပ်က နားကပ်နှင့် ပိုက်ဆံ ၂ သိန်းကိုပါ ယူဆောင်သွားကြောင်း ၎င်းက ပြောသည်။
“သူတို့ကို လူမဆန်စွာ ရက်ရက်စက်စက်သတ်ပြီးတော့ သူတို့မှာ ပါတဲ့ နားကပ်လေးတွေလည်း ဖြုတ်သွားတယ်။ ပိုက်ဆံတွေလည်း ယူသွားတယ်။ ပိုက်ဆံကတော့ တအားကြီးတော့မများဘူး။ ၂ သိန်းလောက်ပဲရှိမှာ။…သူတို့မှာ ပါတဲ့အိတ်တွေထဲလည်း ဖြန့်ကျဲပြီးတော့ ရှာထားတာပေါ့။ ဘာပစ္စည်းတွေပါလဲလို့ဆိုတာမျိုး”
ဒေါ်ငြိမ်းညွန့်နှင့် ချွေးမဖြစ်သူ မစိုးစိုးတို့၏ ရုပ်အလောင်းများကို ယမန်နေ့ ညနေပိုင်း၌ပင် နုန်းတန်းရွာသင်္ချိုင်းတွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
“ကိုယ်ဝန်ဆောင်အမျိုးသမီးတို့၊ အသက်ကြီးကြီးအဘွားကြီးတို့ကို ဒီလိုရက်ရက်စက်စက် သတ်သွားတာက လူသားချင်းစာနာစိတ် လုံးဝမရှိဘူး။ သူတို့မှာရော ဒီလိုမိသားစုဝင်တွေ မရှိဘူးလား။ တစ်ဦးတစ်ယောက် ကောင်းစားဖို့အတွက်နဲ့ အများပြည်သူတွေကို ရက်ရက်စက်စက်သတ်သွားတာ။ အရင်တုန်းကတော့ သူများ ပြောတာပဲ ကြားရတာ။ ကိုယ်တွေ့ကြုံတော့ တကယ့်ကို အသည်းပေါက်မိပါတယ်” ဟု မိသားစုဝင် အမျိုးသားက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ နေ့လယ်တွင် ပုထိုးသာရွာတွင် စုဝေးနေပြီး မည်သည့်ဘက်သို့ စစ်ကြောင်းဆက်ထိုးမည်ကို မသိရသေးကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့က ရင်ပေါင်တိုင်ရွာကို စီးနင်းစဉ် အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေရကြောင်း၊ ထိုရွာမှ လက်ဘက်ရည်ဆိုင်တစ်ဆိုင်နှင့် နေအိမ် ၂ လုံးကို မီးရှို့ခဲ့ ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
ပြားအိုရွာဘုန်းကြီးကျောင်းမှ ဖမ်းဆီးလာသည့် အမျိုးသား ၃၀ ဦးအနက် အသက်အရွယ်ကြီးသူနှင့် ငယ်ရွယ် သူ ၁၀ ဦးခန့်ကို ရင်ပေါင်တိုင်ရွာရောက်စဉ် ယမန်နေ့က ပြန်လွှတ်ပေးခဲ့ပြီး ကျန် လူ ၂၀ နီးပါးကို ဓားစာခံအဖြစ် ဆက်လက်ဖမ်းဆီးထားသည်။
စစ်ကြောင်းဝင်နေ၍ ရင်ပေါင်တိုင်နှင့်အနီးတစ်ဝိုက် ကျေးရွာများဖြစ်သည့် ပုထိုးသာ၊ ကမ္ဘားရပ်၊ ညောင်တန်း၊ ပျားအို၊ နုန်းတန်းရွာတို့မှ ထောင်နှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်။
ဩဂုတ်လလယ်ကလည်း ရင်ပေါင်တိုင်ရွာကို ဦးတည်ပြီး လေကြောင်းမှ ရုတ်တရက်ပစ်ခတ်ပြီး ရွာအတွင်း ၃ ရက်တာ တပ်စွဲနေစဉ် ပစ်ခတ်မှုများကြောင့် အသက် ၁၀ နှစ်နှင့် ၁၇ နှစ်အရွယ် ကလေးများအပါအဝင် အရပ်သား ၁၉ ဦးသေဆုံးထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)