ဗိုလ်ချုပ်အောင်ဆန်း မွေးရပ်မြေဖြစ်သော မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် ယခုလ ၁၆ ရက်နေ့က ကင်းလှည့်လာသည့် ရဲများတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးကာ သေနတ် ၂ လက်လည်း ဆုံးရှုံးခဲ့သည်။
နတ်မောက်မြို့ အရှေ့ဘက် ၁၇ မိုင်ခန့်အကွာရှိ ဖက်တောရေရွာအနီးတွင် ကင်းလှည့်လာသည့် ရဲ ၈ ဦးနှင့် ဒေသကာကွယ်ရေးအဖွဲ့ဝင် ၉ ဦး ထိပ်တိုက်တွေ့ကာ အပြန်အလှန်တိုက်ခိုက်ကြစဉ် သေနတ် အတိုတစ်လက်နှင့် အရှည်တစ်လက်သာ ပါသော ရွာကာကွယ်ရေးအဖွဲ့ဝင်များက ငှက်ကြီးတောင် ဓားများဖြင့်ပါ ဝင်ခုတ်ခဲ့သည်ဟု သိရသည်။
နာရီဝက်နီးပါးအကြာ တိုက်ပွဲအပြီး သိမ်းဆည်းရမိသော သေနတ်အမျိုးအစားအရ ရဲတပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု ဒေသကာကွယ်ရေးအဖွဲ့ဘက်က ဆိုသော်လည်း တိုက်ခိုက်ခံရသည့် ရဲများနှင့်အတူ စစ်သားများပါမပါ သေချာစွာ မသိရပေ။
ဆိုင်ကယ်လေးစီးဖြင့် ရောက်လာသည့် လက်နက်အပြည့်အစုံပါ ရဲတပ်ဖွဲ့ ၈ ဦးကို ခုခံတိုက်ခိုက်ခဲ့သည့် ဒေသကာကွယ်ရေးအဖွဲ့ဝင် ၉ ဦးမှာ ဂဠုန်တပ်(နတ်မောက်) နှင့် ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ဖြစ်သည်ဟု သိရသည်။
“သုံးယောက်က ရှေ့တင်ကျတယ်။ နောက်တစ်ယောက်ကတော့ ဆိုင်ကယ်ဘက် ပြေးသွားတဲ့အချိန်မှာ ကျတာ” ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ဗိဿနိုးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်ဆိုသူက ပြောသည်။
၎င်းတို့တွင် မောင်းပြန်တစ်လက်နှင့် ပစ္စတိုတစ်လက်သာ ပါဝင်ပြီး လက်နက်အင်အား မမျှသော်လည်း ရဲများကို ပစ်ခတ်ပြီးနောက် ငှက်ကြီးတောင်ဓား ကိုင်ထားသည့် အဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဂဠုန်တပ်တာဝန်ခံ ဗိုလ်အောင်ဒင်ကလည်း ပြောသည်။
“အရှည်ပါတဲ့သူနဲ့ အတိုပါတဲ့သူက ပစ်နေတဲ့အချိန်မှာ ခွေးတွေက ဆိုင်ကယ်နဲ့လာတော့ ဆိုင်ကယ်လဲတော့ ဓားနဲ့ ဝင်ခုတ်ကြတယ်။ နှစ်ယောက်က ကျည်ထိတယ်။ ဒါပေမဲ့ မသေဘူး။ ထပြီးတော့ ပြန်ပစ်တယ်။…ပြီးတော့ ဓားနဲ့ ဝင်ခုတ်တာပေါ့” ဟု ၎င်းက ဆိုသည်။
ကျည်မလောက်သဖြင့် ပြန်ဆုတ်ခွာရချိန်တွင် သေဆုံးသည့် ရဲ ၄ ဦးထံမှ သေနတ်နှစ်လက်ကိုသာ ကောက်ယူနိုင်ခဲ့ကြောင်းလည်း ဗိုလ်အောင်ဒင်က ပြောသည်။
“ကျည် ၁၄ တောင့်ပဲ ပါတာ။ နောက်ဆုံးပိတ် တစ်တောင့်ချန်ထားပြီးတော့ နောက်ပြန်ဆုတ်တဲ့ အချိန်မှာ သေနတ် ၂ လက်ကတော့ ရလာတာပေါ့။ ကျွန်တော်တို့က ကျည်ကုန်သွားတာ။ အဲဒီတော့ (ကျန်) လက်နက် ၂ လက်က မကောက်နိုင်ခဲ့ဘူး”
ကျန်ရဲတပ်ဖွဲ့ဝင်များက ဒိုင်ခံပစ်ခတ်နေသည့်အတွက် သေနတ်နှစ်လက်ကိုသာ ကောက်ယူပြီး အချိန်မီ ပြန်ဆုတ်ခဲ့ရသည်ဟု သိရသည်။
၎င်းတို့ဘက်မှ သေနတ်သွားကောက်သူတစ်ဦးနှင့် ကျန်အဖွဲ့ဝင်တစ်ဦး ကျောနှင့် ပေါင်တွင် ကျည်ထိမှန် ဒဏ်ရာရခဲ့သော်လည်း မပြင်းထန်ကြောင်း ဗိုလ်အောင်ဒင်ထံမှ သိရသည်။
ထိုသို့တိုက်ခိုက်အပြီး ၂ နာရီခန့်အကြာ ည ၁၁ နာရီတွင် စစ်သား ၆၀ နီးပါး ဖက်တောရေရွာသို့ ရောက်ရှိလာကာ ရာနှင့်ချီသော ဒေသခံ ၁၆၀ နီးပါးကို ဖမ်းဆီးခဲ့သည်ဟုလည်း သိရသည်။
ယမန်နေ့ (အောက်တိုဘာ ၁၇) ညနေပိုင်းတွင် အမျိုးသမီး ၇၀ ခန့်ကို ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုးသား ၉၀ ခန့်ကို ယနေ့ နံနက်ပိုင်းအထိ ဆက်လက်ဖမ်းထားကာ ရိုက်နှက်စစ်ဆေးနေကြောင်းလည်း ဒေသခံတို့က ဆိုသည်။
ဖမ်းဆီးခံထားရသည့်အမျိုးသားများအနက် လူလတ်ပိုင်းအရွယ်သာမက အသက်မပြည့်သေးသည့် ၁၄ နှစ်အရွယ် ၆ တန်းကျောင်းသားများထိပင် ပါဝင်ကြောင်း၊ စစ်တပ်က ရွာသူရွာသားများကို ဖမ်းဆီး စစ်ဆေးနေသည့်အပြင် နေအိမ်ငါးလုံးလည်း မီးရှို့ဖျက်ဆီးထားသည်ဟု သိရသည်။
ဖက်တောရေရွာကို စစ်တပ်က စီးနင်းထားသည့်အတွက် အနီးဝန်းကျင်ရှိ သဗွတ်ပင်၊ ကျောက်အိုး၊ ကန်သာရွာတို့မှ ဒေသခံများလည်း ထွက်ပြေး တိမ်းရှောင်နေရသည်။
နိုင်ငံအနောက်မြောက်ပိုင်းရှိ စစ်ကိုင်းတိုင်းနည်းတူ အလယ်ပိုင်းရှိ ဗမာလူမျိုးအများစု နေထိုင်ရာ မကွေးတိုင်းတွင်လည်း ဒေသခံများကို အာဏာသိမ်းစစ်တပ်က ခုခံတော်လှန်နေပြီး ပစ်ခတ်တိုက်ခိုက်မှုနှင့် ဖမ်းဆီးသတ်ဖြတ်မှုများလည်း မကြာခဏ ဖြစ်ပွားနေသည်။