
“အရင်ခေတ် ပြန်ရောက်သွားပြီ”။
စစ်တပ်က အာဏာသိမ်းလိုက်ချိန်တွင် လူအများစုထံမှ ထွက်လာသည့် မှတ်ချက်စကားဖြစ်သည်။ စစ်ယူနီဖောင်းဝတ် ဗိုလ်ချုပ်ကြီးများ ကြီးစိုးခြယ်လှယ်ခဲ့သော နဝတခေတ် နအဖခေတ် ပြန်ရောက်သွားသည်ကို ဆိုလိုခြင်းပင်။
၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အနိုင်ရခဲ့သော်လည်း စစ်ဗိုလ်ချုပ်ကြီးများက အာဏာလွှဲမပေးဘဲ ၎င်းတို့စိတ်တိုင်းကျ စီမံအုပ်ချုပ်ခဲ့သည်။ နှစ်ပေါင်း ၃၀ အကြာတွင် ထိုအခင်းအကျင်းအတိုင်း ပြန်ရောက်လာသည်။
အရှေ့တောင်အာရှဒေသသည် ဒီမိုကရေစီ ရှင်သန်ပေါက်ဖွားရန် ခဲယင်းသောမြေဖြစ်သည်။ မြန်မာနိုင်ငံတွင်ကား ဒီမိုကရေစီက အညှောက်ပင် မပေါက်နိုင်တော့သည့် အခြေအနေပင်။ အာဏာရှင်များသာ တစ်သုတ်ပြီးတစ်သုတ် ပေါက်ဖွားလေ့ရှိသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံသည် အမှောင်တကာ့ အမှောင်ဆုံး အနေအထားကို အလျင်အမြန်တိုးဝင်လျက်ရှိသည်။ စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူများကို အတောမသတ် ဖမ်းဆီးထောင်ချနေသည်။ နိုင်ငံအနှံ့လည်း လက်နက်ကိုင်တိုက်ပွဲများဖြစ်နေသည်။
အာဏာသိမ်းမှု နောက်ဆက်တွဲဆိုးကျိုးများက လူ့အသိုင်းအဝိုင်းတစ်ခုလုံးကို ရိုက်ခတ်နေသည်။
ဩဂုတ်လဆန်းပိုင်းက နာမည်ကြီး မော်ဒယ်နှစ်ဦး ဖမ်းဆီးအရေးယူခံရသည်။ မြန်မာနိုင်ငံတွင် မသိသူမရှိသလောက် ထင်ရှားသူများဖြစ်သည့် သင်ဇာဝင့်ကျော်နှင့် နန်းမွေစံတို့ဖြစ်သည်။ လိင်စိတ်တိမ်းညွတ်စေသော ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးဖြန့်ဝေသည်ဟု အကြောင်းပြကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေပြီး မြန်မာအမျိုးသမီးများ၏ အရှက်နှင့် ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသူများကို စိစစ်ဖော်ထုတ်ကာ ထိရောက်စွာအရေးယူသွားမည်ဟု အာဏာသိမ်းစစ်တပ်က ခြိမ်းခြောက်ထုတ်ပြန်သည်။
နာမည်ကြီးမော်ဒယ်နှစ်ဦးကို ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သော အီလက်ထရောနစ်ဥပဒေပါ ပုဒ်မ ၃၃ (က) ဖြင့် တရားစွဲဆိုပြီး အင်းစိန်ထောင်ပို့သည်။ လက်ရှိတွင် မော်ဒယ်နန်းမွေစံကို ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပြီးဖြစ်သည်။ အင်းစိန်ထောင်ထဲ၌ပင် ရှိနေသည့် သင်ဇာဝင့်ကျော်၏ အခြေအနေကိုမူ မသိရပေ။
စစ်အာဏာရှင်စနစ်ကို သကာချလိုသော ဗိုလ်ချုပ်ကြီးများသည် ဘာသာသာသနာနှင့် ယဉ်ကျေးမှုကို ကာကွယ်ရန် အာဏာသိမ်းသည်ဆိုသော မရိုးနိုင်သော ဇာတ်ထုတ်ကို တံခါးပိတ်ဝါဒကျင့်သုံးခဲ့သော ၁၉၆၂ မှ ၂၀၁၀ ကာလတွင်သာမက တစ်ကမ္ဘာလုံး ယဉ်ကျေးမှု၊ စီးပွားရေး၊ လူမှုရေးတို့ ကူးလူးယှက်နွှယ်နေပြီဖြစ်သော ယခု ၂၀၂၀ အာဏာသိမ်းနောက်ပိုင်းတွင်ပါ ဆက်လက်ဖြန့်ချိနေလေသည်။
ယဉ်ကျေးမှုဆင်ခြေနောက်က အမြင်ကတ်ပုဒ်မ
စစ်တပ်အသိုင်းအဝိုင်းနှင့် မစိမ်းသူ သင်ဇာဝင့်ကျော်မှာ တစ်ကျော့ပြန်အဖမ်းခံရခြင်းဖြစ်သည်။ သရုပ်ဆောင် မင်းသမီးတစ်ဦးလည်းဖြစ်သည့် ၎င်းမှာ ဇူလိုင်လဆန်းပိုင်းကလည်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဌာနချုပ်မှ အပြန်တွင် အဖမ်းခံရသည်။
အာဏာသိမ်းစစ်တပ်နှင့် SSPP ၏ ရှမ်းပြည်တပ်မတော် (SSA) တို့ တိုက်ပွဲဖြစ်နေချိန် ရှမ်းလက်နက်ကိုင်အဖွဲ့မှ အရာရှိကြီးတစ်ဦး၏သမီး မင်္ဂလာဆောင်အခမ်းအနားကို သင်ဇာဝင့်ကျော် တက်ရောက်ခဲ့ခြင်းဖြစ်သည်။ SSA စစ်ယူနီဖောင်းဝတ်ကာ အခမ်းအနားတက်ရောက်ခဲ့သော နာမည်ကြီးမော်ဒယ်၏ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပြန့်နှံ့လာပြီးနောက် လူအများသတိထားစရာဖြစ်လာသည်။
ရန်ကုန်အပြန်လမ်းတွင် သင်ဇာဝင့်ကျော် ဖမ်းဆီးစစ်ဆေးခံရသည်မှာ တိုက်ဆိုက်မှု မဟုတ်တော့ပေ။

ဝမ်ဟိုင်းဒေသဖွံ့ဖြိုးရေးမှတ်တမ်း ရိုက်ကူးရန် နာမည်ကြီးမော်ဒယ်ကို ၎င်းတို့ဒေသအရောက် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရိုက်ကူးရေးဝတ်စုံဖြင့် မင်္ဂလာညစာစားပွဲ တက်ရောက်ခဲ့ခြင်းသာဖြစ်ကြောင်း SSPP/ SSA က ထုတ်ပြန်ခဲ့သည်။ တစ်ဖက်တွင်လည်း SSPP နှင့် စစ်ကောင်စီတို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးနေသော အချိန်ဖြစ်သည်။ ရက်ပိုင်းအကြာတွင် သင်ဇာဝင့်ကျော် ပြန်လည်လွတ်မြောက်လာသည်။
သို့သော် စစ်တပ်ထောက်ခံသူများ အခဲမကျေနိုင်ကြပေ။ ထိထိရောက်ရောက် ဖမ်းဆီးအရေးယူရန် ဆော်ဩကြသည်။ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သော ဓာတ်ပုံများပြန်ဖော်ကြသည်။ သင်ဇာဝင့်ကျော်သာမက နန်းမွေစံကိုပါ အရေးယူရန် တိုက်တွန်းကြသည်။ ဓာတ်ပုံနှင့် ဗီဒီယိုများရိုက်ကူးကာ နိုင်ငံတကာဝက်ဆိုက်များမှတစ်ဆင့် ရောင်းစားနေကြောင်း တိုင်တည်သည်။
သင်ဇာဝင့်ကျော်နှင့် နန်းမွေ့စံတို့သည်လည်း အခြားအနုပညာရှင်များနည်းတူ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ဖူးသည်။ အာဏာရှင်ဆန့်ကျင်ရေး သင်္ကေတဖြစ်သော လက်သုံးချောင်းထောင်ထားသည့် သူတို့ဓာတ်ပုံများ ထပ်မံပြန့်လွင့်လာပြီးနောက် ဩဂုတ်လ ၅ ရက်နေ့တွင် ၎င်းတို့နှစ်ဦးလုံး အဖမ်းခံရတော့သည်။
နာမည်ကြီး ကိုယ်ဟန်ပြမော်ဒယ် နန်းမွေစံမှာ မေလအတွင်းက ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခံခဲ့ရသည်။ ဖခင်ဖြစ်သူကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးကုသပေးရန် ကြိုးပမ်းစဉ် စစ်တပ်က နိုင်ငံကူးလက်မှတ်သက် တမ်းတိုးမပေးတော့ပေ။ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြောက်ဒဂုံမြို့နယ်တွင် အဖမ်းခံခဲ့ရသူ နန်းမွေစံမှာ ရှေ့နေငှားရမ်းခွင့်မရဘဲ စစ်ခုံရုံးဖြင့် ထောင်ဒဏ်ချမှတ်ခံရသူဖြစ်သည်။
မြန်မာနိုင်ငံတွင် အဖော်အချွတ်အလှဓာတ်ပုံများ ရိုက်ကူးလေ့ရှိသည်မှာ သင်ဇာဝင့်ကျော်နှင့် နန်းမွေစံတို့ နှစ်ဦးတည်းတော့ မဟုတ်ပေ။ အခြားလူသိများသည့် မော်ဒယ်များလည်း ထိုသို့ရိုက်ကူးလေ့ရှိသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က စတင်ခဲ့သော ဒီမိုကရစီအသွင်ပြောင်းလဲရေးနှင့်အတူ ပွင့်လင်းမြင်သာမှု အားကောင်းလာသောခေတ်တွင် မြန်မာမော်ဒယ်များလည်း နိုင်ငံတကာနည်းတူ တိုးတက်ပြောင်းလဲလာခြင်း ဖြစ်သည်။
စစ်ဗိုလ်ချုပ်များက အမြင်မသင့်တော်ဟု အကြောင်းပြရန်ရှာထားသည့် သင်ဇာဝင့်ကျော်နှင့် နန်းမွေစံတို့၏ ဓာတ်ပုံနှင့် ဗီဒီယိုများမှာ OnlyFans နှင့် Exantria ဝက်ဆိုက်များတွင် ရှိနေခြင်းဖြစ်သည်။ အခကြေးငွေဖြင့်သာ ဝင်ရောက်ကြည့်ရှုနိုင်သည့် သီးသန့်ပရိသတ်များနှင့် လည်ပတ်နေသော အင်တာနက်စာမျက်နှာများဖြစ်သည်။
သင်ဇာဝင့်ကျော်နှင့် နန်းမွေစံသာမက မြန်မာနိုင်ငံမှ အခြားနာမည်ကြီး မော်ဒယ်အချို့လည်း အလားတူ ဝက်ဆိုက်များတွင် ရှိနေသည်။ အရွယ်ရောက်ပြီးသူများသာ အခကြေးငွေဖြင့် ဝင်ရောက်ကြည့်ရှုနိုင်သည်။ နိုင်ငံတကာတွင် အထူးအဆန်းမဟုတ်တော့သော်လည်း မြန်မာတွင်မူ အကြောင်းမဲ့ ဖမ်းဆီးထောင်ချခံရနိုင်သည့် အခြေအနေဖြစ်လာသည်။
မော်ဒယ်နှစ်ဦး ဖမ်းဆီးထောင်ချခံရသည့်ဖြစ်ရပ်မှာ အမျိုးသမီးတစ်ဦးချင်းစီ၏ လွတ်လပ်စွာ ရွေးချယ်ခွင့်နှင့် အခြေခံလူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းဖြစ်သည်ဟု Women League of Burma (WLB) အဖွဲ့မှ အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲက မှတ်ချက်ပြုသည်။
၁၉၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံတွင် အခြေစိုက်လှုပ်ရှားသည့် ထိုအဖွဲ့မှာ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးရာတို့တွင် အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ဆောင်ရွက်ပေးနေသည့်အဖွဲ့ဖြစ်သည်။
“အခြားနိုင်ငံတွေမှာ အပြာမင်းသမီးတွေတောင်မှ သူတို့ကို ကာကွယ်ပေးတဲ့ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ မြန်မာနိုင်ငံမှာက ဘာလုပ်လုပ် ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုဆိုပြီး သူတို့အမြင် မကြည်ရင် ဖမ်းတာ” ဟု နော်ဆဲဆဲက ဆိုသည်။
ဘာသာသာသနာ၊ ယဉ်ကျေးမှုကို လက်နက်သဖွယ်အသုံးချ
နိုင်ငံအနှံ့မှ ဆန့်ကျင်သူများ၊ လက်နက်ကိုင်တော်လှန်သူများရန်ကြောင့် တိုင်းပြည်ကို ထိန်းချုပ်ရန် ခက်ခဲနေသည်နှင့်အညီ စစ်ခေါင်းဆောင်က ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုအကြောင်း တွင်တွင်ပြောလေ့ရှိသည်။

ယခင်က စစ်အာဏာရှင်များနည်းတူ ဘာသာရေးနှင့် ယဉ်ကျေးမှုကို လက်နက်သဖွယ် အသုံးချနေခြင်းလည်း ဖြစ်သည်။ စစ်ဗိုလ်ချုပ်များ အဓိကလိုလားသည်မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးပင်။ တိုင်းပြည်ကို နှစ်ပေါင်းနှစ်ဆယ်နီးပါး အုပ်ချုပ်ခဲ့သူ အာဏာရှင်ဟောင်း ဦးသန်းရွှေသည်လည်း စာပေ၊ ဂီတ၊ ရုပ်ရှင်မှစ၍ နယ်ပယ်အားလုံးကို ဖိနှိပ်ချုပ်ချယ်ခဲ့သူဖြစ်သည်။
‘နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ’ ဆိုသလို လက်ရှိအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်တွင် ပို၍ပို၍ ဆိုးရွားနိုင်ကြောင်း ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများဖြင့် သက်သေခံပြီးဖြစ်သည်။
ရွေးကောက်ပွဲတိုင်းတွင် လူထုထောက်ခံမှု အပြည့်အဝရရှိခဲ့သော NLD ပါတီ၏ ငါးနှစ်တာ အုပ်ချုပ်မှုကိုပင် မင်းအောင်လှိုင်က နှုတ်လှန်ထိုးလေ့ရှိသည်။ မဘသအဖွဲ့ ဖျက်သိမ်းခံရခြင်းအပေါ် မကျေမနပ်ဖြစ်နေသည့် ၎င်းက NLD ကြောင့် မြန်မာ့ယဉ်ကျေးမှု ထိခိုက်ပျက်စီးခဲ့သည်ဟုလည်း စွပ်စွဲပြောဆိုသည်။
“မြန်မာ့ယဉ်ကျေးမှုအတွက် စိုးရိမ်ရေမှတ်အနေအထားထိ ဖြစ်လာပါတယ်။ ရွှေတိဂုံစေတီပုံရိပ်ပေါ်မှာ ဖိနပ်နင်းအက ကခဲ့ရတဲ့အထိ ဘာသာရေးနဲ့ ယဉ်ကျေးမှုနယ်ပယ် ပျက်စီးခဲ့ရပါတယ်” ဟု ဖေဖော်ဝါရီလအတွင်းက တစ်နှစ်ပြည့်မိန့်ခွန်းတွင် မင်းအောင်လှိုင်က မဆီမဆိုင် ထည့်ပြောခဲ့သည်။
၁၉၉၀ ပြည့်ရွေးကောက်ပွဲအပြီး တိုင်းပြည်အာဏာသိမ်းယူခဲ့သော စစ်ဗိုလ်ချုပ်များက ၁၉၉၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ နှစ်စဉ်နှစ်တိုင်း အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပစေခဲ့သည်။ စစ်အာဏာရှင်များ၏ ဝါဒဖြန့်ချိရေးလုပ်ငန်းတစ်ခုဖြစ်သော ဆိုကရေးတီးပြိုင်ပွဲများကို မည်သူမျှ အထူးတလည် စိတ်မဝင်စားခဲ့ကြပေ။
မင်းအောင်လှိုင်ခေတ်တွင်လည်း ဆိုကရေးတီးပြိုင်ပွဲ ပြန်လုပ်နေပြီဖြစ်သည်။ ထိုပြိုင်ပွဲမရှိခဲ့သော လွန်ခဲ့သည့်ခြောက်နှစ်အတွင်း ရတနာထုပ်ပျောက်ဆုံးသွားသည့်နှယ် နှမြောတသ ဝမ်းနည်းရသည်ဟု စစ်ကောင်စီထိန်းချုပ် နိုင်ငံပိုင်သတင်းစာက ယခုရက်ပိုင်းနှစ်ရက်တွင် ရေးသားသည်။
လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများကြောင့် အနောက်နိုင်ငံများ၏ ဝိုင်းဝန်းဖယ်ကြဉ်ခြင်းခံရသည့် အတိတ်ကာလတစ်လျှောက်လုံးတွင်လည်း စစ်ဗိုလ်ချုပ်များက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။ နိုင်ငံခြားသားနှင့် အိမ်ထောင်ပြုသည်ကို ထောက်ကာ မဆီမဆိုင် အပုပ်ချပြောဆိုတတ်သည်။
အာဏာသိမ်းပြီးသည်မှာ နှစ်ပိုင်းမျှသာ ရှိသေးသော်လည်း စစ်ကောင်စီက နယ်ပယ်ပေါင်းစုံကို စတင်ပိတ်ပင် ဖိနှိပ်နေပြီဖြစ်သည်။
ဘာသာရေးအရ အငြင်းပွားဖွယ်ရာ စာအုပ်များထုတ်ဝေသည့် ဝင်းတိုးအောင်စာပေ၊ ရန်အောင်စာပေတို့ အပိတ်ခံရသည်။ အမျိုးသားချင်း ချစ်ကြိုက်သည့်အကြောင်း စာအုပ်ထုတ်သည့် ရွှေလာဘ်စာပေတိုက်လည်း အပိတ်ခံရသည်။ ရိုဟင်ဂျာများနှင့် ပတ်သက်သော စာအုပ်ကို ဘာသာပြန်ထုတ်ဝေသည့် လွင်ဦးစာပေလည်း ပိတ်ပင်ခံရသည်။
ယခုအခါ ရုပ်သံထုတ်လွှင့်နေသော ကုမ္ပဏီများအနေဖြင့် ပြည်တွင်းထုတ် ဇာတ်လမ်းတွဲဖြစ်စေ၊ နိုင်ငံခြားရုပ်ရှင်ဇာတ်လမ်းတွဲဖြစ်စေ ဆင်ဆာခွင့်ပြုချက်ယူရမည်ဟု စစ်ကောင်စီက ပြီးခဲ့သည့်လကုန်ပိုင်းတွင် ညွှန်ကြားချက်ထုတ်ပြန်သည်။
အာဏာရူးသော စစ်ဗိုလ်ချုပ်များအတွက် လူမျိုးရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုမှာ အသုံးချရုံ သက်သက်သာဖြစ်သည်။ လွတ်လပ်မှုဆိတ်သုဉ်းကာ အကြောက်တရားကြီးစိုးသော အာဏာရှင်လက်အောက်တွင် မည်သည့်လူမှုတန်ဖိုးမျှ မဖွံ့ဖြိုးနိုင်သည်မှာ ကမ္ဘာသိဖြစ်သည်။
‘ပါးစပ်က ဘုရားဘုရား လက်က ကားရားကားရား’
အာဏာသိမ်းစစ်တပ်က နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်နေခြင်းမှာ ပြည်သူလူထုတစ်ရပ်လုံး အကြောက်တရား ဖုံးလွှမ်းစေသောကြောင့်ဖြစ်သည်။ နာမည်ကြီး အမျိုးသမီးမော်ဒယ်နှစ်ဦးကို ဖမ်းဆီးထောင်ချခြင်းသည်လည်း အကြောက်တရား ထည့်ပေးခြင်းပင်။

စစ်ဗိုလ်ချုပ်များက ယဉ်ကျေးမှုအကြောင်း၊ သရုပ်ပျက်ဝတ်စားဆင်ယဉ်မှုများအကြောင်း တွင်တွင်ပြောနေသော်လည်း လက်တွေ့၌မူ အပြောတစ်မျိုး အလုပ်တစ်မျိုးဖြစ်နေသည်။
သီတင်းကျွတ်လပြည့်နေ့ အခါသမယဖြစ်သော လွန်ခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့အပါအဝင် နေရာဒေသအချို့ တွင် ဘုရားဖူးကြသူများ၊ လည်ပတ်အပန်းဖြေနေသူများနှင့် စည်ကားသိုက်မြိုက်နေပုံကို စစ်ကောင်စီထိန်းချုပ်မီဒီယာများက အားရဝမ်းသာဖော်ပြသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိရာ ဒေသများအပါအဝင် နိုင်ငံတစ်ဝန်း လက်နက်ကိုင်တိုက်ပွဲများ၊ ပစ်ခတ်ဖောက်ခွဲမှုများ၊ ဖမ်းဆီးသတ်ဖြတ်မှုများ ဖြစ်ပေါ်နေချိန် ပြည်သူအများစု လိုလားသည်မှာ လွတ်လပ်ပျော်ရွှင်မှုသာဖြစ်သည်ဟု စစ်ကောင်စီထိန်းချုပ် မီဒီယာများက ပုံဖော်ကြသည်။
အာဏာသိမ်းစစ်တပ် လက်အောက်ခံ ဒေသအာဏာပိုင်များက သီတင်းကျွတ်ပျော်ပွဲရွှင်ပွဲများပင် ပြုလုပ်ပေးသည်ကို တွေ့ရသည်။ စစ်ဗိုလ်ချုပ်များ အခြေစိုက်ရာ နေပြည်တော်ရှိ ရေပန်းဥယျာဉ်အတွင်း ရုပ်ရှင်ပြသစဉ် အားပေးကြည့်ရှုသူ လူငယ်များ ခုန်ပေါက်ပျော်မြူးနေသည်ကို တွေ့ရသည်။
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်အတွင်း စစ်တပ်က စီစဉ်သော ဖျော်ဖြေပွဲတွင် ခန္ဓာကိုယ်တစ်ပိုင်းတစ်စ လှစ်ဟထားသည့် အမျိုးသမီးငယ်တစ်ဦးက လှုပ်ရှားဖျော်ဖြေစဉ် စင်အောက်မှ လူများက ကခုန်နေကြသည်။ စစ်ဗိုလ်ချုပ်များအဆိုအရ သရုပ်ပျက်ဝတ်စားဆင်ယဉ်မှုဖြစ်သည်။ နေရာကား ရွှေတိဂုံခြေတော်ရင်းပင်။
ဗိုလ်ချုပ်ကြီးများ၏ ယဉ်ကျေးမှုထိန်းချုပ်ရေးမှာ ဟန်ပြသာဖြစ်ကြောင်း၊ ၎င်းတို့၏ သားသမီးများကိုယ်တိုင် ချိုးဖောက်လေ့ရှိသည်ဟု အာဏာသိမ်းစစ်တပ်ကို စွန့်ခွာကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။
“သူတို့မိဘတွေ ထုတ်ပြန်ထားတဲ့ အမိန့်တွေ၊ စည်းကမ်းတွေကို သူတို့သားသမီးတွေ ကိုယ်တိုင်ပဲ ဖောက်ဖျက်ကြတာ။ သူတို့သားသမီးတွေ ဘားသွား ကလပ်တက်လုပ်တာကို အောက်ခြေစစ်သားတွေက လုံခြုံရေးယူပေးရတယ်” ဟု စစ်တပ်အရာရှိဟောင်းက ပြောသည်။
အတိတ်ကာလတွင်လည်း စစ်ဗိုလ်ချုပ်ကြီးများ၏ သားသမီးများ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ လူမှုရေးရေးဖောက်ပြန်ခြင်း စသည့်အဖြစ်အပျက်များ လူသိရှင်ကြားရှိခဲ့ဖူးသည်။
အာဏာရှင်ဟောင်း ဦးသန်းရွှေ၏မြေးဖြစ်သူ နေရွှေသွေးအောင်သည် မကြာမီက ဖမ်းဆီးထောင်ချခံရသည့် နာမည်ကြီးမော်ဒယ် သင်ဇာဝင့်ကျော်နှင့် သီချင်းရုပ်သံတစ်ခု ရိုက်ကူးဖူးသည်။ လိင်အသားပေးပြကွက်များ ပါဝင်သည့်ရုပ်သံဖြစ်သည်။
စစ်ဗိုလ်ချုပ်ဟောင်းများ ယူနီဖောင်းချွတ်ကာ အာဏာရယူခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် မြန်မာ့ရုပ်ရှင်ဆင်ဆာကို သရော်သည့်ဇာတ်လမ်းတိုတစ်ခု ပေါ်ထွက်ခဲ့ဖူးသည်။ “အဲဒီအခန်းဖြတ်” ဆိုသော ထိုဇာတ်လမ်းတိုမှာ ဆင်ဆာဘုတ်အဖွဲ့တွင် ပါဝင်သော လူကြီးများ၏ ကမောက်ကမလုပ်ပုံကို ပုံဖော်ရိုက်ကူးခြင်း ဖြစ်သည်။
ဆင်ဆာအဖွဲ့တွင် ဗိုလ်ချုပ်ကတော်များ ဦးဆောင်သည့် အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူလည်း ပါဝင်သည်။ အမျိုးသမီးရေးရာအဖွဲ့မှ အရေးပါအရာရောက်သူ အမျိုးသမီးကြီးက ဇာတ်လမ်းတစ်ခုတွင် အမျိုးသမီးငယ်တစ်ဦး၏ ခေတ်ပေါ်ဝတ်စားဆင်ယဉ်မှုကို ပြစ်တင်ဝေဖန်ကာ ထည့်သွင်းပြသခြင်း မပြုရန် တားမြစ်သည်။
ထိုအချိန်တွင် ထိုအမျိုးသမီးကြီး၏ သမီးဖြစ်သူ ဖုန်းဆက်လာသည်။ ကလပ်ရောက်နေသော သမီးဖြစ်သူမှာ ဟော့ဟော့ရမ်းရမ်း ဝတ်စားထားသည်။ ကိုယ်ဖော်သည့်ဆေး ကိုယ်မစား၊ ပါးစပ်က ဘုရားဘုရား လက်က ကားရားကားရား လုပ်တတ်သော အာဏာရှင်ခေတ်လက်ကျန် ကမောက်ကမအခြေအနေတစ်ခုပင်။
စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့် ကြံ့ခိုင်ရေးပါတီသည်ပင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်းက အဖော်အချွတ်မော်ဒယ်အဖြစ် နာမည်ကြီးသည့် ဇွန်သင်ဇာကို ငှားရမ်းအသုံးပြုခဲ့ဖူးသည်။ စင်ပေါ်နေ၍ အမျိုးစုံလှုပ်ရမ်းကာ ဖျော်ဖြေစေသည်။
ရွေးကောက်ပွဲတွင် အပြတ်အသတ်ရှုံးနိမ့်ခဲ့သော ကြံ့ခိုင်ရေးပါတီ၏ ထိုမဲဆွယ်ပွဲများကို စစ်တပ်က လုံခြုံရေးယူပေးခဲ့ရသည်ဟု ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။
“သူတို့လို ယဉ်ကျေးမှုကို ထိန်းသိမ်းပါတယ်ဆိုတဲ့ အသိုင်းအဝိုင်းမှာ ဒီလိုတွေလုပ်တာပဲ။ နောက် တခြား KTV က အမျိုးသမီးတွေနဲ့ ရှိုးပွဲတွေလုပ်ပြီး စည်းရုံးခဲ့တာတွေ လုပ်ခဲ့တာလည်း အများကြီးမှ အများကြီး။ သူတို့ပါးစပ်က ပြောပြီး သူတို့ကိုယ်တိုင်လုပ်ခဲ့တာပဲ” ဟု ၎င်းက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)