သတင်း

ပုလောရှိ PDF ဂိတ်ကို စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲ၊ အရပ်သားအချို့ကို ဖမ်းထား

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ဆေးရေးဂိတ်တစ်ခုကို စစ်ကောင်စီက ဗုံးတပ်ဒရုန်းဖြင့် တိုက်ခိုက်မှု၊ အရပ်သား ၂၀ နီးပါးကို ဓားစာခံအဖြစ် ဖမ်းဆီးမှု ယမန်နေ့ (အောက်တိုဘာ ၁၃) တွင် ဖြစ်ပွားသည်။

ပုလောမြို့အရှေ့ဘက် ၄ မိုင်အကွာ ဒူးရင်ပင်ရှောင်ရွာရှိ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF-ပုလော) ၏ စစ်ဆေးရေးဂိတ်ကို ထိုနေ့ မွန်းတည့်ချိန်ခန့်တွင် အနောက်ဘက် ၂ မိုင်အကွာရှိ နန်းတောင်ရွာ၌ တပ်စွဲထားသည့် စစ်တပ်က ဒရုန်းတွင် ဗုံးသီးတပ်၍ ၃ လုံး ကြဲချခဲ့ကြောင်း ပုလော KPDF တာဝန်ရှိသူက ပြောသည်။

“(ဂိတ်က) ရွာထိပ်မှာပဲ။ ပုလောကနေ လာရင် ရွာထိပ်ပဲ” ဟု ၎င်းက ပြောသည်။

ထိုဖြစ်စဉ်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး နောက်ကျောနှင့် ပေါင်တို့တွင် ဗုံးစမှန် ဒဏ်ရာ အနည်းငယ်ရသွားကြောင်း၊ အဆောက်အအုံနှင့် အခြားထိခိုက်မှုမရှိကြောင်း ထိုသူက ဆက်ပြောသည်။

ဒူးရင်ပင်ရှောင်ရွာသည် သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ တပ်မဟာ ၄ ဒေသအတွင်း ပါဝင်သည်။ မူးယစ်ဆေးဝါးနှင့် စစ်ကောင်စီထုတ်ကုန်များကို တားမြစ်ရန် ထိုရွာတွင် လွန်ခဲ့သည့် တစ်နှစ်ကျော်မှစ၍ စစ်ဆေးရေးဂိတ်ဖွင့်ထားခြင်းဖြစ်ကြောင်း အထက်ပါ KPDF တာဝန်ရှိသူက ဆိုသည်။

ထိုနေ့တစ်ရက်တည်းတွင်ပင် မိုင် ၈၀ ဝန်းကျင်ဝေးသည့် ထားဝယ်နှင့် ထီးခီး၊ မိုင် ၅၀ ခန့်ဝေးသည့် မြိတ်နှင့် ပုလောကြားတွင် လှုပ်ရှားနေသည့် စစ်ကောင်စီ စစ်ကြောင်း နှစ်ခုက ပြည်သူ ၂၀ ဝန်းကျင်ကို ဖမ်းကာ ဓားစာခံအဖြစ် အသုံးပြုနေသည်ဟု ပုလော KPDF တာဝန်ရှိသူက ဆက်ပြောသည်။

မြိတ်နှင့် ပုလောကြား စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်တွင် ထရပ်ကား ၇ စီး ပါဝင်ပြီး၊ အင်အားအတိအကျ မသိရသေးကြောင်း၊ ထားဝယ်- ထီးခီးကြားတွင်မူ အင်အား ၁၀၀ ခန့်ရှိကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ယမန်နေ့ (အောက်တိုဘာ ၁၃) မွန်းလွဲပိုင်းတွင် မြိတ်-ပုလော လမ်းပေါ်ရှိ ဇရပ်ဆိတ်ရွာနှင့် တပိုရွာတို့မှာ ရွာသား ၁၅ ဦးထက်မနည်းကို ဓားစာခံအဖြစ် ဖမ်းဆီး၍ ပုလောဘက်သို့ ချီတက်လာကြောင်း ပုလော KPDF တာဝန်ရှိသူက ပြောသည်။

“ရွာသားတွေကို ကြိုးတုပ်ပြီးတော့ ဖမ်းဆီးထားတယ်။ သူတို့ယာဉ်တန်းကို PDF တွေက တိုက်ခိုက်ရင် ရွာသားတွေကို ပစ်သတ်မယ်ဆိုပြီး ဓားစားခံ ဖမ်းထားတယ်။ ရွာတွေကို ပြောခဲ့တာ။ သူတို့ကို တိုက်ခိုက်ရင် ဖမ်းထားတဲ့ ရွာသားတွေအကုန်ပစ်သတ်မယ်လို့ ပြောခဲ့တာ” ဟု ၎င်းက ပြောသည်။ 

လက်ရှိအချိန်အထိ ဇရပ်ဆိပ်ရွာတွင် စစ်ကောင်စီ တပ်စွဲထားသောကြောင့် ဖမ်းဆီးခံရသူအရေအတွက်ကို အသေးစိတ်အတည်မပြုနိုင်သေးကြောင်း၊ စစ်ကြောင်းတွင် အရပ်သားများဖမ်းဆီးခေါ်ဆောင်လာသည့်အတွက် အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း KPDF တာဝန်ရှိသူက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။

တနင်္သာရီတိုင်း ပုလောမြို့နယ် ဒူးရင်းပင်ရှောင်ရွာ ဒေသကာကွယ်ရေးအဖွဲ့ စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီကြဲချခဲ့သည့် ဗုံးအစိတ်အပိုင်းများကို အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ်။

ထို့ပြင် ယနေ့ (အောက်တိုဘာ ၁၄) နံနက်က ထားဝယ်-ထီးခီး လမ်းပေါ်တွင် အရပ်သား ၃ ဦးကို စစ်ကောင်စီက ဖမ်း၍ ထီးခီးဘက်သို့ ခရီးဆက်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသူတို့မှာ ထားဝယ်မြို့ အရှေ့ဘက် ၈ မိုင်ကျော်အကွာရှိ မဲချောင်းရွာသားများဖြစ်ကြောင်း၊ လမ်းတွင် ပြန်လွှတ်လိုက်ပြီဟု သတင်းကြားသော်လည်း အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။

“ကားပေါ်မှာ ပစ္စည်းတွေ တင်ပြီး စစ်သားတွေက ခြေလျင်သွားပါတယ်။ PDFတွေ လာတိုက်မှာ ကြောက်ပြီးလက်နက်ကြီး ရမ်းပစ်ပါတယ်” ဟု အထက်ပါ ဒေသခံက ဆိုသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲ ဖြစ်သည်။

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူများ ဖမ်းမိလျှင် ရက်စက်စွာ သတ်ဖြတ်သည့် ဖြစ်စဉ်များ နိုင်ငံအနှံ့ ရှိနေသည်။ တော်လှန်ရေးအဖွဲ့များကမူ ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်လေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button