သတင်း

ကျိုက်ထီးရိုး ဘုရားဖူးတချို့သေဆုံးမှု နှစ်ဖက်အပြန်အလှန်စွပ်စွဲ 

ယမန်နေ့က ဖြစ်ပွားခဲ့သော ဘုရားဖူးအမျိုးသမီး သုံးဦး သေဆုံးရသည့် မွန်ပြည်နယ်၊ ကျိုက်ထီးရိုးတောင်ခြေ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် စစ်ကောင်စီတပ်အကြား အပြန်အလှန် စွပ်စွဲ ပြစ်တင်နေကြသည်။ 

ယမန်နေ့ (အောက်တိုဘာ ၁၂) နံနက်က ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ တောင်တက်ကားဂိတ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ငယ်ဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး ချက်ချင်း ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ကျိုက်ထို PDF တာဝန်ခံ CDM ရဲတပ်ကြပ် အေးမင်းထွန်းက ပြောသည်။ 

ကျိုက်ထို PDF ၏ ပစ်ခတ်မှုကြောင့် ရဲတစ်ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီ စွပ်စွဲထားသလို လက်နက်ကြီး အသုံးပြုခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

“စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်တဲ့ လက်နက်တွေကြောင့် ထိတာဖြစ်ပါတယ်။ တကယ်လို့ ဘယ်သူပစ်လဲ၊ ဘယ်ဝါပစ်လဲ သိချင်ရင် တောင်တက်ကားဂိတ်မှာ CCTV မှတ်တမ်းတွေ အများကြီးရှိတယ်။ အဲဒီမှတ်တမ်းတွေကို ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ချပြရဲတယ်ဆိုရင် ဘယ်သူပစ်လဲဆိုတာ သိသွားမှာပါ” ကိုအေးမင်းထွန်းက ပြောသည်။ 

အဆိုပါတောင်တက်ကားဂိတ်တွင် စစ်ကောင်စီတပ်က သဲအိတ်ဘန်ကာ အခိုင်အမာ ပြုလုပ်ထားပြီး တပ်စွဲထားကြောင်း၊ ယာဉ်မောင်းများ နားနေဆောင်တွင်လည်း စစ်သားများသာ နေထိုင်လျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။ 

စစ်ကောင်စီဘက်ကမူ စစ်ကောင်စီက ထိုပစ်ခတ်မှုမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် PDF တို့၏ ပစ်ခတ်မှုကြောင့် ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်မှ ဘုရားဖူး အမျိုးသမီး သုံးဦး သေဆုံးပြီး ဘုရားဖူး ၁၉ ဦးနှင့် ရဲတစ်ဦး ဒဏ်ရာရကြောင်း၊ ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျပြီး နေအိမ်အချို့ ထိခိုက်ကြောင်း ထုတ်ပြန်သည်။ 

စစ်ကောင်စီနှင့် နီးစပ်သော အဖွဲ့များဖြစ်သည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး၊ မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် ပိန္နဲကုန်းရခိုင်ဂျာမေဗလီတို့က အဆိုပါ တိုက်ခိုက်မှုကို ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ကြေညာချက်များကို စစ်ကောင်စီထိန်းချုပ်သည့် ယနေ့ထုတ်ဝေသည့် သတင်းစာများတွင် ဖော်ပြခဲ့သည်။ 

ထို့ပြင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် မဟာမိတ်ပူးပေါင်းတပ်များ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာတွင် ဘုရားဖူးမိဘပြည်သူများ ထိခိုက်မှုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် အထူးဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ချက်အတုကိုလည်း စစ်ကောင်စီဝါဒဖြန့်သည့် အင်တာနက်ပလက်ဖောင်းများ၌ တွေ့ရသည်။ 

ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မည်သူ့လက်ချက်ဖြစ်သည်ကို Myanmar Now အနေဖြင့် တိတိကျကျ မသိရသေးပေ။

စစ်အာဏာသိမ်းပြီးကတည်းက ကင်မွန်းစခန်း တောင်တက်ကားဂိတ်၌ စစ်ကောင်စီတပ်သားများ နေရာယူထားကြောင်း၊ ယမန်နေ့နံနက် ၁၁ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားသည်မှာ မှန်ကန်သော်လည်း ဘုရားဖူးသေဆုံးသည်မှာ မည်သူ့လက်ချက်မှန်း မသိရကြောင်း တောင်တက်ကားဂိတ်အနီး နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။ 

“ဒတ်ဒတ်ဒတ်ဒတ်တွေ၊ ဝုန်းဒိုင်းအသံတွေတော့ ကြားနေရတာပေါ့။ ကိုယ်တွေက ကြောက်အားလန့်အားနဲ့ ပုန်းနေတော့ သေသေချာချာရယ်လို့ ဘာမှ မပြောတတ်ဘူး” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။ 

ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းနှင့် တောင်တက်ကားဂိတ်ကို မပိတ်သော်လည်း ယမန်နေ့ကစ၍  ဆိုင်ခန်းများကို ပိတ်ခိုင်းထားသည်ဟု သူက ဆက်ပြောသည်၊။

တောင်တက်ကားဂိတ် မျက်နှာချင်းဆိုင်ရှိ မိုးမိုးယိုစုံဆိုင်ဘက်မှ ပစ်ခတ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။ 

ယနေ့တွင် တောင်တက်ကားဂိတ်အနီးရှိ မိုးမိုးယိုစုံဆိုင်ပိုင်ရှင်ဖြစ်သူကို ကင်မွန်းစခန်း ရဲကင်းတွင် စစ်ဆေးမေးမြန်းနေကြောင်း ဆိုင်ပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးကလည်း ပြောသည်။ 

အနယ်နယ်အရပ်ရပ်တွင် စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် အရပ်သားတို့ ထိခိုက်သေဆုံးလျက်ရှိသည်။

ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ ရွာမီးရှို့ခြင်းလုပ်ရပ်များ ရပ်တန့်ရန် နိုင်ငံတကာက စစ်ကောင်စီကို တောင်းဆိုထားသည်။

စစ်ကောင်စီကမူ ၎င်းတို့၏ လက်နက်ကိုင်များက ပြည်သူကို အကာအကွယ်ပေးနေခြင်းဖြစ်ကြောင်း တုံ့ပြန်လျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button