သတင်း

ဘူးသီးတောင်တွင် ရိုဟင်ဂျာကျောင်းဆရာ အသတ်ခံရမှု စုံစမ်းစစ်ဆေးရန် တောင်းဆို

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာတွင် စေတနာ့ဝန်ထမ်း ကျောင်းဆရာတစ်ဦး ပစ်သတ်ခံရမှုအပေါ် ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး အရေးယူပေးရန် မိသားစုက မျှော်လင့်နေသည်။

အသတ်ခံရသူမှာ ရိုဟင်ဂျာလူမျိုးဖြစ်သည့် အသက် ၄၈ နှစ်အရွယ် ဦးရှေကူလ်အစ္စလာမ်ဖြစ်ပြီး ယခု လ ၈ ရက်က ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာတွင် ပစ်သတ်ခံရခြင်းဖြစ်သည်။ 

ရူပဗေဒဘာသာရပ်ဖြင့် မဟာဘွဲ့ရရှိထားသည့် ဦးရှေကူလ်အစ္စလာမ်သည် စေတနာ့ဝန်ထမ်း ကျောင်းဆရာအဖြစ် စာသင်ကြားပေးနေသူဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်ကလည်း စစ်တပ်၏ ဖမ်းဆီးနှိပ်စက်ခြင်းခံခဲ့ရပြီး ၁၅ လအကြာတွင် ဘူးသီးတောင်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူဟု သိရသည်။

တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသူဖြစ်ကာ ရွာရှိနေအိမ်မှ တိရစ္ဆာန်များကို အစာကျွေးပြီး ဆိုင်ကယ်ဖြင့် ပြန်လာစဉ် လမ်းတွင် အပစ်ခံရခြင်းဖြစ်သည်ဟု ဦး‌ရှေကူလ်၏ တူမဖြစ်သူ မဝေဝေနုက ပြောသည်။ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သည့် မဝေဝေနုမှာ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်သည်။​

“တောင်ကုန်းတွေဘေးမှာ ချုံပုတ်တွေရှိတယ်။ အဲဒီဘက်ကနေ ပစ်သတ်ခံရတာ။ ဆိုင်ကယ်တွေကို ပစ်တာပေါ့နော်။ အဲဒီမှာ အရင်ဆုံး သေနတ် ၂ ချက် အရင်ပစ်တယ်။ သူတို့က ဆိုင်ကယ်ကို ရပ်ပြီးတော့ လှဲနေလိုက်တယ်။ သေနတ်ပစ်တာကို ရှောင်ပြီးတော့ လှဲနေလိုက်တယ်။ အကြာကြီးနေတော့မှ မပစ်တော့ဘူးထင်ပြီး ထသွားတဲ့အချိန်မှာ အဲလိုအပစ်ခံရတာ” ဟု မဝေဝေနုက ပြောသည်။ 

ဒေသခံများအဆိုအရ အဆိုပါ ပစ်ခတ်မှုမှာ ရွာအနီး ခြေကုပ်ယူထားသည့် ရက္ခိုင့်တပ်တော် (AA) လက်ချက်ဖြစ်နိုင်သည်ဟု ယူဆရကြောင်းလည်း မဝေဝေနုက ပြောသည်။​

“ရွာသားတွေရဲ့ပြောဆိုချက်အရတော့ AA ပဲ ဖြစ်နိုင်တယ်။ စစ်တပ်က အဲ့ဘက်ကို သွားလို့ မရဘူး။ ဟိုဘက်မှာ AA တွေ ရှိနေတဲ့အတွက်ကြောင့်ပေါ့” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းမှစ၍ ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ထို့နောက် စစ်တပ်က ရွာအတွင်း တပ်စွဲလိုက်ပြီး ရွာအပြင်ဘက်တွင် AA က ခြေကုပ်ယူထားသည်ဟု သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးရှေကူလ်၏ ဇနီးဖြစ်သူကို အခင်းဖြစ်ပွားသည့် ညနေပိုင်းတွင် စစ်တပ်က ခေါ်ယူမေးမြန်းခဲ့သည့်နည်းတူ AA ကလည်း တူတော်စပ်သူနှင့် ယောက္ခမဖြစ်သူကို ခေါ်ယူမေးမြန်းသည်ဟု သိရသည်။

“ကျွန်မတို့ကတော့ ရွာသားတွေရဲ့ပြောဆိုချက်ကိုပဲ လက်ခံပြီးတော့ AA က ကျူးလွန်တယ်လို့ ယူဆရတယ်။ ကျွန်မတို့မျှော်လင့်တာက ဒီကိစ္စကို သူတို့ရဲ့ တပ်ထဲမှာ ပွင့်ပွင့်လင်းလင်းနဲ့ မှန်မှန်ကန်ကန်အရေးယူပြီးတော့ စုံစမ်းစစ်ဆေးပြီးတော့ အရေးယူ ဖော်ထုတ်ပေးဖို့ဖြစ်တယ်” ဟု မဝေဝေနုက ပြောသည်။ 

ဂူတာပြင်ရွာအတွင်း စစ်ကောင်စီတပ် တပ်စွဲထားဆဲဖြစ်ပြီး စစ်ရေးတင်းမာနေဆဲဖြစ်သည့်အတွက် ဒေသခံများ ရှောင်တိမ်းနေရဆဲဖြစ်သည်ဟု သိရသည်။

ဂူတာပြင်ကျေးရွာမှ စေတနာ့ဝန်ထမ်း ကျောင်းဆရာ အသတ်ခံရမှု AA လက်ချက်ဖြစ်သည်ဆိုသော အချက်နှင့် ပတ်သက်၍ သီးခြား အတည်မပြုနိုင်ပေ။ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ် မေးမြန်းသော်လည်း ဖြေကြားခြင်း မရှိပေ။​

ပြီးခဲ့သည့်လများအတွင်း ရခိုင်ပြည်နယ်တွင် စစ်တပ်နှင့် တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်လာပြီးနောက် စစ်ကောင်စီ၏ ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်မှုများကို သတိထားရန် AA က ထုတ်ပြန်ခဲ့ဖူးသည်။

ဂူတာပြင်ရွာ စာသင်ကျောင်းနှင့် ဗလီတွင် တပ်စွဲထားသည့် ခမရ ၂၁၀ တပ်ရင်းက သောက်ရေကန်အနီးတွင် ဦးရှေကူလ်အစ္စလာမ်ကို ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း AA နှင့် နီးစပ်သည့် Arakan Princess မီဒီယာက ရေးသားသည်။

၂၀၁၇ ခုနှစ်အတွင်းက စစ်တပ်၏ နယ်မြေရှင်းလင်းရေးဆိုသော စစ်ဆင်ရေးများအတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ သိန်းနှင့်ချီသော ရိုဟင်ဂျာများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့်နည်းတူ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများလည်း ရှိခဲ့သည်။

ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာအနီးတွင် ရာနှင့်ချီသော ရုပ်အလောင်းများကို နေရာငါးခုတွင် မြှုပ်နှံထားကာ မည်သူမည်ဝါ မသိစေရန် အက်ဆစ်လောင်း ဖျက်ဆီးထားသည်ဟု အမေရိကန်အခြေစိုက် အေပီသတင်းဌာနက ၂၀၁၈ ခုနှစ်အတွင်း ရေးသားခဲ့ဖူးသည်။

ရိုဟင်ဂျာအရေးအခင်းတွင် စစ်တပ်က အောက်ခြေစစ်သားများကို ထင်ရာစိုင်းခွင့်ပေးခဲ့သည့်အပြင် လူသိရှင်ကြား ပေါ်ပေါက်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွက် စစ်တပ်အရာရှိအချို့ နှင့် စစ်သားများကို အရေးယူခဲ့သော်လည်း ဟန်ပြသာဖြစ်သည်ဟု ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဗိုလ်ကြီးဟောင်း နေမျိုးသက်က ထုတ်ဖော်ပြောဆိုထားသည်။

စစ်တပ်၏ ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးများတွင် သုံးကြိမ်တိုင် ပါဝင်ခဲ့ဖူးသည့် ထိုစစ်တပ်အရာရှိမှာ အာဏာသိမ်းပြီးနောက် စစ်တပ်ကို စွန့်ခွာခဲ့ကာ လက်ရှိတွင် အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေပြီဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button