စစ်ရေးပြင်းထန်နေသော ရခိုင်ပြည်နယ်မြောက်ပိုင်းသာမက တောင်ပိုင်းတွင်ပါ စစ်ကောင်စီက ဒေသခံများကို ဖမ်းဆီးနေရာ စက်တင်ဘာနှင့် အောက်တိုဘာအတွင်း ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ရမ်းဗြဲနှင့် မြောက်ပိုင်း ကျောက်တော်ဒေသများမှ ဒေသခံ အနည်းဆုံး ၄၃ ဦးခန့် ဖမ်းဆီးခံထားရသည်။
ယခုလ ၆ ရက်က ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်ကွက်၊ ဈေးလမ်း စံပြဆေးဆိုင်မှ အသက် ၂၅ နှစ်အရွယ် ကိုသန့်ဇင်ဝင်းကို ကျောက်ဖြူအခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း( ခလရ) ၃၄ မှ တပ်ဖွဲ့ဝင် ၁၂ ဦးက လာရောက် ဖမ်းဆီးခဲ့သည်။
“ဖမ်းခံရတာ ဟုတ်ပါတယ်။ အဖေက ဆေးဆိုင်ရောင်းပါတယ်။ သူ့သား အဖမ်းခံရတာပါ။ ကျောက်ဖြူမှာက မကြာခဏ အဖမ်းအဆီးတွေရှိနေပါတယ်။ ဒါပေမဲ့ မြို့ခံတွေ မသိလိုက်ဘဲ အဖမ်းခံရတာလည်း ရှိနေပါတယ်။ အားလုံးက စိုးရိမ်နေရတဲ့အနေအထားပါ။ တစ်ချို့ကလည်း ရှောင်နေရတယ်” ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။
ယင်းနေ့မှာပင် ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်မှ ၅၃ နှစ်အရွယ် ဦးအောင်ဝေထွန်းကိုလည်း ခလရ ၃၄ မှ တပ်ဖွဲ့ဝင် ၅ ဦးက လာရောက်ဖမ်းဆီးသွားသည်။
ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့၏ တစ်ကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်ပြည်နယ် ဒေသအနှံ့အပြားတွင် နှစ်ဖက်အပြန်အလှန် ဖမ်းဆီးမှုများ ဆိုက်တိုက်ဖြစ်ပေါ်ခဲ့ကာ ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်တွင် အများဆုံးဖြစ်သည်။
ယခုလ ၄ ရက်ကလည်း ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ(AFP) ၏ အကြံပေးပုဂ္ဂိုလ် ဦးကျော်လွင်နှင့် ဗဟိုကော်မတီဝင် ဦးမောင်ကောင်းတို့နှစ်ဦးကို အမည်မသိ လူတစ်စုက ဖမ်းဆီးသွားခဲ့ပြီး အသက် ၇၀ အရွယ် ဦးမောင်ကောင်းကို နှစ်ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။
မျက်နှာကို အဝတ်စဖြင့် ဖုံးအုပ်၍ နေအိမ်အနီး လာရောက်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ဦးမောင်ကောင်းက အသေးစိတ် ထုတ်ဖော်ပြောဆိုလိုခြင်း မရှိကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလကလည်း ကျောက်ဖြူမြို့တွင် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရပြီး ၇ ရက်တွင် စေတီတောင်ရပ်ကွက်မှ ကိုဝင်းနိုင်၊ အစိုးရရပ်ကွက်မှ ကိုဆလိုင်းကိုအေးနှင့် ပိုက်ဆိပ်ရပ်ကွက်မှ ဦးဘသန်း၊ ၁၀ ရက်နေ့တွင် ကုလာဘာတောင်ရပ်ကွက်မှ ဦးဝင်းအောင်၊ ပိုက်ဆိပ်ရပ်ကွက်မှ ဦးစိုးဝင်းနိုင်နှင့် ဦးတင်ညွှန့် အပါအဝင် ၆ ဦး အဖမ်းခံရသည်။
ထို ၆ ဦးကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှု ပုဒ်မ ၅၀၅(က) ဖြင့် စစ်ကောင်စီက အမှုဖွင့်ထားပြီး ၎င်းတို့ကို ကျောက်ဖြူအကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်း မြို့ခံများထံမှ သိရသည်။
စက်တင်ဘာ ၁၁ တွင် ပြင်ဖြူရပ်ကွက်မှ ကိုဖြိုးမင်းထွန်း၊ စက်တင်ဘာ ၂၁ တွင် အစိုးရရပ်ကွက်မှ ဦးရန်နိုင်မင်း၊ စက်တင်ဘာ ၂၂ တွင် မလကျွန်းမှ မောင်လှမြင့်ထွန်း၊ မောင်သန်းစိန်နှင့် အခြားလူငယ် ၂ ဦး၊ စေတီတောင်ရပ်ကွက်မှ ဦးလှကျော် တို့ ဖမ်းဆီးခံရသည်။ အလားတူ စက်တင်ဘာ ၂၅ တွင် အစိုးရရပ်ကွက်မှ ကိုစိုးမိုးသူနှင့် ဦးခင်မောင်ဝင်းဆိုသူတို့ ဖမ်းခံရသည်။
လက်ရှိတွင် ကျောက်ဖြူမြို့မှ ဖမ်းဆီးခံထားရသူများအနက် အမှုဖွင့်ခံထားရသည့် ၆ ဦးမှလွဲ၍ ကျန်လူများနှင့် ပတ်သက်၍ သတင်းအစအန တစ်စုံတစ်ရာ မရရှိပေ။
ပြည်နယ်တောင်ပိုင်းရှိ သံတွဲမြို့တွင် ယခုလ ၃ ရက် ညနေပိုင်းက ရွှေလှေတံတားထိပ် စားသောက်ဆိုင်သို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်လာပြီး ဆိုင်အတွင်းရှိ ဒေသခံ ၅ ဦးကို ဖမ်းဆီးခဲ့သည်။ ထို့နောက် ၃ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး သံတွဲမြို့နယ် လင်းသီကျေးရွာမှ ကိုခင်မောင်သန်း၊ ရွှေလှေကျေးရွာမှ ကိုမျိုးခိုင် တို့ကို ဆက်လက်ထိန်းသိမ်းထားသည်။
လင်းသီကျေးရွာနှင့် ရွှေလှေကျေးရွာတို့သည် သံတွဲ – တောင်ကုတ်ကားလမ်း သံတွဲမြို့နှင့် ၁၄ မိုင် ခန့် အကွာတွင် တည်ရှိပြီး စစ်ကောင်စီတပ်သားများ ရံဖန်ရံခါဝင်ရောက်မှုရှိသည်ဟု ဒေသခံများက ပြောသည်။
ယင်းမတိုင်မီ စက်တင်ဘာလ ၃၀ တွင် ဇီးဖြူကုန်းရပ်ကွက်မှ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီမှ ပါတီဝင် ကိုညီလေးကြီးနှင့် ကိုခင်မောင်အေး ဆိုသူတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး နောက်တစ်ရက် သံတွဲမြို့နယ်ရဲစခန်း၌ မတရားအသင်းဆက်သွယ်မှု ပုဒ်မ- ၁၇(၁) ဖြင့် အမှုဖွင့်ခံရသည်။
အလားတူ ရမ်းဗြဲ၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ တောင်ကုတ်၊ ဘူးသီးတောင် စသည့်မြို့နယ်များမှ လည်း AA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့် ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) နှင့် ဆက်စပ်သည်ဟု သံသယရှိသူများ ရှာဖွေ ဖမ်းဆီးခံနေရသည်။
AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “အထူးသဖြင့် ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်းစတဲ့ မြို့နယ်တွေမှာဆိုရင် ULA/AA အုပ်ချုပ်ရေးဆိုင်ရာ လူကြီးတွေအပါအဝင် ULA/AA နဲ့ ဆက်စပ်တဲ့လူတွေကို လိုက်ဖမ်းနေသလို အရပ်သားပြည်သူတွေကို ULA/AA ဆိုပြီး စွပ်စွဲကာ မတရားဖမ်းဆီးနှိပ်စက်မှုတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်” ဟု ပြီးခဲ့သည့်လအတွင်း သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။
ရမ်းဗြဲမြို့၊ အမှတ် ၃ ရပ်ကွက်မှာ နေထိုင်သည့် ကိုအောင်လင်းထွန်းနှင့် ကိုသက်ခန့်ဇော်တို့ကို စက်တင်ဘာ ၂၁ ၊ ည ၁၁ နာရီကျော်အချိန်ခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်။
ကျောက်တော်မြို့နယ် ကန်စောက်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းမှ တပ်ရင်းမှူးက အောက်တိုဘာ ၂ တွင် ဖုန်းဆက် ခေါ်သဖြင့် ကာဒီ(ခ)သဇင်ရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းနှင့် အပေါက်ဝရွာမှ ကိုမောင်ချေတို့ တပ်ရင်းသို့ သွားရောက်ခဲ့ရာ ယနေ့အထိ အဆက်အသွယ်မရရှိသေးဟု မိသားစုဝင်များက ဆိုသည်။
တောင်ကုတ်မြို့နယ်တွင် စက်တင်ဘာလအတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟု ယူဆခံရသည့် ဒေသခံ ၁၆ ဦးခန့် ဖမ်းဆီးခံထားရသည်။
ရခိုင်ဒေသတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တစ်ကျော့ပြန် တိုက်ပွဲကာလအတွင်း စစ်ကောင်စီက မြို့နယ်အနှံ့ရှိ ULA နှင့် ဆက်စပ်သူများ၊ တက်ကြွလှုပ်ရှားသူများကို စာရင်းနှင့်တကွ လိုက်လံရှာဖွေ ဖမ်းဆီးနေပြီး တစ်ချို့ကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှု၊ မတရားအသင်းဆက်သွယ်မှုတို့ဖြင့် အမှုဖွင့် အရေးယူလျက်ရှိနေသည်။
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) မှာ ၂၀၂၀ ခုနှစ်၊ မတ်လအတွင်း အကြမ်းဖက်အုပ်စုအဖြစ်လည်းကောင်း၊ မတရားအသင်းအဖြစ်လည်းကောင်း ကြေညာခံခဲ့ရသည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့သည့် မတ်လတွင် စစ်ကောင်စီက ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် /ရက္ခိုင့်တပ်တော် (ULA/AA) ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။ သို့သော် မတရားအသင်းအဖြစ် ကြေညာထားခြင်းကို ပယ်ဖျက်ခြင်း မရှိပေ။
လတ်တလော ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးခံရသူများကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့် အရေးယူနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)