သတင်း

ရှမ်းမြောက် မန်တုံမြို့ပေါ်တွင် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်း (ပလောင်) ဒေသ မန်တုံမြို့ပေါ်ရပ်ကွက်များတွင် ယမန်နေ့ (အောက်တိုဘာ ၄) မှစ၍ ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့က စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည်။

ထိုနေ့ နံနက် ၁၁ နာရီခန့်မှ စကာ မြို့ပေါ်ရှိ ဟိုခိုနှင့် မန်ကန် ရပ်ကွက်အတွင်း တိုက်ပွဲတွင် နှစ်ဖက်ထိခိုက် သေဆုံးမှုများရှိကြောင်း၊ ဒေသခံများ တိမ်းရှောင်နေရကြောင်း မြို့ခံ အမျိုးသားတစ်ဦးက‌ ပြောသည်။

“အခုချိန်ထိလည်း ဖြစ်နေတာ၊ KIA ‌တွေရော၊ PDF တွေရော စစ်ကောင်စီတွေရော အကုန်လုံး မြို့ထဲမှာ ဖြစ်နေကြတာ၊ ဟိုခိုတို့ မန်ကန်တို့ကလူတွေလည်း ကြောက်ပြီးတော့ ပြောင်းနေကြရပြီ၊ တော်တော်လေးတော့ ဆိုးလာမဲ့ အခြေအနေတွေရှိတယ်” ဟု အသက် ၄၀ အရွယ် ထိုအမျိုးသားက ယနေ့ (အောက်တိုဘာ ၅) မွန်းလွဲပိုင်းတွင် ပြောသည်။

တိုက်ပွဲမှာ ဟိုခိုနှင့် မန်ကန်ရပ်ကွက်များအတွင်း ဆက်လက်ဖြစ်ပွားနေရာ မြို့ခံအများစုမှာ နီးစပ်ရာရွာများသို့ တိမ်းရှောင်နေကြကြောင်း၊ အချို့မှာ လားရှိုးမြို့အထိပင် သွားရောက်ကြကြောင်း ၎င်းထံမှ သိရသည်။

မန်တုံမြို့တွင်း နေရာအချို့တွင် KIA, PDF ပူးပေါင်းတပ်များ ရှိနေပြီး စစ်ကောင်စီတပ်က မြို့အဝင်တွင် နေရာယူထားကြကာ အပြန်အလှန်ပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက်မှုရှိသည်ဟု ဒေသတွင်း သတင်းများက ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးသည်ဟု သိရသော်လည်း  ထိခိုက်၊ ပျက်စီးမှု၊ သေဆုံး၊ ဒဏ်ရာရမှု အခြေအနေ အသေးစိတ်အချက်အလက်များကို မသိရသေးပေ။

“မြို့ထဲမှာကို ဖြစ်တာ၊ ဘုန်းကြီးကျောင်းတွေနားမှာကို ဖြစ်တာ၊ ဟိုခိုဘုန်းကြီးကျောင်းလည်း ထိတယ်၊ မန်ကန်ဘုန်းကြီးကျောင်းလည်း ထိတယ်။ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတော့ ထိတာပေါ့” ဟု အထက်ပါ မြို့ခံက ဆက်ပြောသည်။

ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် ရွှေဖီမြေသတင်းဌာနအဆိုအရ မန်ကန်ဘုန်းကြီးကျောင်းနှင့် ဟိုခိုရပ်ကွက်အတွင်းရှိ လွယ်ဆိုင်ဘုန်းကြီးကျောင်းတို့ လက်နက်ကြီးထိမှန်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးတစ်လုံး လွယ်ဆိုင်ကျောင်း၊ ဆွမ်းစားဆောင်ရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် လက်နက်ကြီးစများကျောင်းကို ထိမှန်ခဲ့ကြောင်း လွယ်ဆိုင်ဆရာတော်က မိန့်ကြားသည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ထိုဒေသတွင် စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်။  

တိုက်ပွဲနှင့် ပတ်သက်၍ ကချင်ပြည်နယ် အခြေစိုက် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူနှင့် တအာင်း (ပလောင်) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (TNLA) တို့ထံ မေးမြန်းရန် ကြိုးနေသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ပါဝင်သော မန်တုံမြို့မှာ မိုးမိတ်၊ မဘိမ်း၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ စသည့်မြို့နယ်များ ကြားတွင် တည်ရှိသည်။

မန်တုံမြို့တွင် ပြီးခဲ့သည့် စင်တင်ဘာ လဆန်းမှစတင်ကာ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည်။

စက်တင်ဘာ ၂၉ တွင် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး မြို့ပေါ်ရှိ ရဲစခန်းကို KIA နှင့် PDF ပူးပေါင်းတပ်များက မီးရှို့ဖျက်ဆီးလိုက်သည်။

ထိုနေ့တွင် မြို့တောင်ဘက်ရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (၁၃၀) က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရခဲ့ပြီး လူနေအိမ် ၃ လုံးပျက်စီးခဲ့သည်။

အဆိုပါ တိုက်ပွဲပြီးနောက်တွင်လည်း ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားနေရာ ဒေသခံတချို့မှာ မြို့ကို ဆက်လက်စွန့်ခွာနေကြသည်ဟု သိရသည်။

အာဏာသိမ်းပြီးနောက် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲ ဖြစ်ပွားလာရာတွင် KIA တပ်များ လှုပ်ရှားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်လာသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ မူဆယ်၊ ကွတ်ခိုင်၊ မုံးကိုး၊ နမ္မတူနှင့် မန်တုံမြို့တို့တွင် စစ်ကောင်စီတပ်နှင့် KIA တို့ မကြာခဏ တိုက်ပွဲများဖြစ်ပွားနေသည်။

ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button