သတင်း

အဖမ်းအဆီးများသည့် တောင်ကုတ်တွင် နေ့ခင်းဘက်တွင်ပင် ဧည့်စာရင်းစစ်

ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်တွင် စက်တင်ဘာလအတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟု ယူဆခံရသည့် ဒေသခံ ၁၆ ဦး ဖမ်းဆီးခံရသည်ဟု မြို့ခံများက ပြောသည်။  

စက်တင်ဘာ ၃၀၊ မွန်းလွဲ ၁ နာရီခန့်က ဂူတာရပ်ကွက်မှ အသက် ၃၀ အရွယ် ဦးအောင်မြသိန်း၊ ၃၃ နှစ်အရွယ် ဦးအောင်ချေ ဆိုသူတို့ကို တောင်ကုတ်အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ)  ၅၄၄ နှင့် ရဲတပ်ဖွဲ့မှ ပူးပေါင်းအင်အား ၃၀ ခန့်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ထိုရပ်ကွက်တွင် နေထိုင်သူများက ဆိုသည်။

“အဲဒီနေ့က နေ့ခင်းဘက် ရပ်ကွက်ထဲဝင်ပြီး  ဧည့်စာရင်း ဝင်စစ်ပါတယ်။ ရပ်ကွက်လူကြီးတွေလည်း ပါတယ်။ ပြီးရင် သူတို့နှစ်ယောက်ကို ဖမ်းသွားပါတယ်” ဟု ဂူတာရပ်ကွက်သားတစ်ဦးက ပြောသည်။

“ဖမ်းသွားတဲ့အကြောင်းရင်းကို ကျွန်တော်တို့ မသိပါဘူး။ ဒါပေမဲ့ အခုအချိန်မှာ တောင်ကုတ်မှာ အဖမ်းအဆီးများတော့ ဒီမှာရှိတဲ့လူတွေကတော့ စိုးရိမ်နေကြရတယ်”

ယင်းမတိုင်မီ စက်တင်ဘာ ၂၉၊ ညနေ ၅ နာရီ ခွဲခန့်ကလည်း တောင်ကုတ်မြို့နယ်၊ မိုးထိတိုက်နယ်၊ မှန်နီကျေးရွာမှ အသက် ၃၀ အရွယ်  ဦးဇော်ဌေး၊ ၂၉ နှစ်အရွယ် ဦးထွန်းမင်းဦးတို့ကို စစ်ကောင်စီတပ်၏ ဘုရားကိုးဆူ စစ်ဆေးရေးဂိတ်မှ လက်နက်ကိုင်များက လာရောက်ဖမ်းဆီးသွားသည်။ 

စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲများပြင်းထန်နေရာ AA သံသယဖြင့် ရခိုင်မြောက်ပိုင်းတွင် ဒေသခံအများအပြားကို ဖမ်းဆီးနေရာ ရခိုင်တောင်ပိုင်းတွင်ပါ ဒေသခံများအား ဖမ်းဆီးနေခြင်းဖြစ်သည်။

စက်တင်ဘာ ၆ တွင် ချောင်းကောက်ရပ်ကွက်မှ ဆရာဝန် ဒေါက်တာကျော်သူရထွန်း ဖမ်းဆီးခံရပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)၊ (၂) ဖြင့် အမှုဖွင့်ခံရသည်။ အလားတူ စက်တင်ဘာ ၁၇ တွင် ခမရ ၅၄၄ မှ စစ်သားများက မှော်ဟင်းတောရပ်ကွက်မှ ဦးကျော်သောင်း၊ ကိုင်းရှည်ရပ်ကွက်မှ ဦးအောင်မင်းနိုင်တို့ ဖမ်းဆီးခံရသည်။

ထို့နောက် စက်တင်ဘာ  ၁၈ တွင် ချောင်းကောက်ရပ်ကွက်မှ ဦးထွန်းချစ်၊ ဂူတာရပ်ကွက်မှ ရှုထောင့်သတင်းစုံဂျာနယ် သတင်းထောက် ကိုဦး၊ ကိုစိုးဝင်းချေ ဆိုသူတို့ ဖမ်းဆီးခံရပြီး ညနေတွင် ဦးထွန်းချစ်မှအပ ကျန် ၂ ဦးကို ပြန်လွှတ်လိုက်သည်။

ယင်းနေ့မှာပင် တောင်ကုတ်မြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာ ကင်းတောင်ကျေးရွာမှ ကိုမိုးဟိန်းအောင်၊ စက်တင်ဘာ ၁၇ တွင် မှော်ဟင်းတောရပ်ကွက်မှ ဦးကျော်သောင်း၊ ကိုင်းရှည်ရပ်ကွက်မှ ဦးအောင်မင်းနိုင်၊ စက်တင်ဘာ ၁၉ တွင် ကိုင်းရှည်ရပ်ကွက်မှ ကိုင်းရှည်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် ဒုဥက္ကဋ္ဌ ဦးဇော်မျိုးထွန်း၊ စက်တင်ဘာ ၂၁ တွင် ချောင်းကောက်ရပ်ကွက်မှ ကိုမျိုးမြင့်၊ စက်တင်ဘာ ၂၃ တွင် တောင်ကုတ်မြို့နယ်၊ ညောင်ဖောက်ကျေးရွာမှ ဦးအေးကျော်နှင့် သက်ကေပြင်ကျေးရွာမှ ဦးကျော်ကျော်နိုင် ဆိုသူတို့ ဖမ်းဆီးခံရသည်။ 

ထို့ကြောင့် စက်တင်ဘာတစ်လအတွင်း စစ်ကောင်စီတပ် ဖမ်းဆီးခဲ့သည့် တောင်ကုတ်ဒေသခံ ၁၆ ဦး အထိရှိခဲ့ပြီး ယင်းအထဲမှ ရဲသတင်းပေးဟု နာမည်ထွက်သူ ၂ ဦးကိုသာ ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံများ၏ အဆိုအရ သိရသည်။ 

ဖမ်းဆီးခံရသူများကို မိသားစုနှင့် တွေ့ဆုံခွင့်မပေးသကဲ့သို့ မည်သည့်နေရာတွင် ချုပ်နှောင်ထားရှိသည်ကိုပင် မသိရကြောင်း မြို့ခံများက ပြောသည်။ 

ချင်းပြည်နယ်တောင်ပိုင်း ပလက်၀ဒေသနှင့် ရခိုင်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် AA နှင့် စစ်ကောင်စီတပ်တို့  တိုက်ပွဲပြင်းထန်နေပြီး ရခိုင်တောင်ပိုင်းတွင်လည်း သြဂုတ်လကုန်ပိုင်းက တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။

သြဂုတ် ၂၅ ညနေပိုင်း တောင်ကုတ်မြို့နှင့် ၁၀ မိုင်ခန့်အကွာ တောင်ကုတ်-သံတွဲလမ်းတွင် AA က စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အကျအဆုံးများခဲ့ကြောင်း သိရသည်။ 

ယင်းနောက်ပိုင်း စစ်ကောင်စီသည် ရခိုင်တောင်ပိုင်းတွင်ပါ AA ထောက်ခံသူဟု ယူဆရသူများကို အပူတပြင်း ရှာဖွေ ဖမ်းဆီးလာခြင်းဖြစ်သည်။

ရခိုင်တောင်ပိုင်း တောင်ကုတ်မြို့တစ်နေရာကို ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

စက်တင်ဘာ ၁၆ က တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီ ထောက်ပို့ရေယာဉ်တစ်စီးကို AA က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကလည်း နောက်ရက်များတွင် သွားလာနေသည့် ရေယာဉ်များနှင့် ရွှေလင်းယုန်သင်္ဘောဆိပ်အနီးမှ ရေယာဉ်များ၊ ငါးဖမ်းလှေများကို စစ်ဆေးခဲ့ကာ ကျေးရွာများတွင်လည်း ဧည့်စာရင်းစစ်ဆေးခဲ့သည်။

ထို့ပြင် တောင်ကုတ်မြို့နယ်အတွင်း ဧည့်စာရင်းတိုင်ရမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက စက်တင်ဘာ ၁၈ တွင် ကြေညာခဲ့သည်ဟု တောင်ကုတ်မြို့ခံများက ပြောသည်။ 

“အခု ရပ်ကွက်တွေထဲကို လက်နက်တွေကိုင်ပြီး အင်အား ၂၀၊ ၃၀ နဲ့ ညအချိန်ရော၊ နေ့အချိန်ရော အကြောင်းမကြားဘဲ ဝင်စစ်တယ်။ တချို့ ဧည့်စာရင်းစစ်ရင်း အဖမ်းခံရတယ်။ ကိုယ့်အိမ်မှာနေရင်း အဖမ်းခံရတယ်။ စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းတယ်။ ဒါကြောင့် လူတွေ အပြင်သိပ်မထွက်ကြတော့ဘူး။ အားလုံးက စိုးရိမ်နေကြပြီ” ဟု တောင်ကုတ်မြို့တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ရခိုင်တောင်ပိုင်း ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်၊ အမ်း စသည့်မြို့နယ်များတွင် ဒေသခံများ ဖမ်းဆီးခံနေရကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)  ၏ ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၁၉ သတင်းစာရှင်းလင်းပွဲ၌ ပြောထားသည်။ 

“အထူးသဖြင့် ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း စတဲ့ မြို့နယ်တွေမှာဆိုရင် မိမိတို့ ULA/AA အုပ်ချုပ်ရေးဆိုင်ရာ လူကြီးတွေအပါအဝင် ULA/AA နဲ့ ဆက်စပ်တဲ့လူတွေကို လိုက်ဖမ်းနေသလို အရပ်သားပြည်သူတွေကို ULA/AA ဆိုပြီး စွပ်စွဲကာ မတရားဖမ်းဆီးနှိပ်စက်မှုတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်” ဟု AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်တွင် ရခိုင်တောင်ပိုင်းမြို့နယ်များတွင် ULA/AA ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စရပ်များ ပေါ်ပေါက်လာခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ဒေသခံတို့ကို AA ၏ အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်ပတ်သက်မှု မပြုလုပ်ရန်၊ မထောက်ပံ့ရန် သတိပေးခဲ့သည်။ 

တောင်ကုတ်မြို့နယ်တွင် ယမန်နှစ်က ဒေသခံ ၂ ဦး အဖမ်းခံထားရသည်။ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ထောက်ပံ့သည် ဟူသော သံသယဖြင့် လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုမင်းကိုဦး၊ CDM အထက်တန်းပြဆရာမ ဒေါ်ချယ်ရီသက်ရှည်ကို စစ်ကောင်စီက ဖမ်းဆီးထာခြင်း ဖြစ်သည်။

တောင်ကုတ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)  အမာခံအများစုရှိသော ဒေသဖြစ်သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သော်လည်း စည်ပင်ဝန်ကြီးဟောင်း NLD အမတ် ဦးမင်းအောင် အပါအဝင် ထိပ်ပိုင်းခေါင်ဆောင်တချို့ ဖမ်းဆီးခံရပြီးနောက် တောင်ကုတ်တွင် အခြေအနေ ငြိမ်သက်သွားခဲ့သည်။ 

လတ်တလော ရခိုင်တောင်ပိုင်းတွင် တိုက်ပွဲကြီးများ မရှိသော်လည်း စစ်ရေးတင်းမာနေသည်ဟု ဒေသခံများက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button