
ရခိုင်ပြည်နယ်အတွင်း ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းကို စက်တင်ဘာလဆန်းမှ စတင်၍ စစ်ကောင်စီက တင်းကျပ်လိုက်ပြီးနောက် ဆေးရုံအတွက် ဆေးဝါးသယ်လာသော တိုက်နယ်ဆရာဝန်တစ်ဦးကို ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၅ က မြေပုံမြို့နယ်၊ ငပသုန်တိုက်နယ်ဆေးရုံ ဆရာဝန် ဒေါက်တာဝင်းနိုင်စိုးသည် ဆေးရုံတွင် အသုံးပြုရန် ဆေးဝါးများကို မော်တော်ဘုတ်တစ်စီးဖြင့် သယ်ဆောင်လာစဉ် ပေါက်တောမြို့နယ်အတွင်း ရေတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ဆေးရုံအတွက် လိုအပ်တဲ့ဆေးဝါးတွေကို စစ်တွေကနေ မော်တော်ဘုတ်နဲ့ သယ်လာတယ်။ ဘုတ်ကို ပေါက်တောမြို့နယ်၊ တောင်ဖူးရွာနားမှာရှိတဲ့ ရေတပ်က ခေါ်ယူစစ်ဆေးတဲ့အခါ ဆေးဝါးတွေကို တွေ့လို့ ဖမ်းဆီးခဲ့တယ်။ ဆေးဝါးတွေက ငပသုန်တိုက်နယ်ဆေးရုံအတွက် သယ်လာတာဖြစ်လို့ ဒေါက်တာဝင်းနိုင်စိုးကို ပြည်နယ်က စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားတယ်” ဟု ဒေါက်တာ ဝင်းနိုင်စိုး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
“သူလည်း စစ်တွေကို လိုက်သွားတော့ ပြည်နယ်ဆရာဝန်ကြီး ရုံးခန်းကနေပဲ အရပ်ဝတ်နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ကားနဲ့ လာခေါ်သွားတာလို့ ကြားတယ်။ သူ အဖမ်းခံရတာ စက်တင်ဘာ ၂၇ ရက်နေ့ပါ။ အခု သုံးရက် ရှိပြီ၊ ပြန်လွတ်မလာသေးဘူး”
ယမန်နေ့ (စက်တင်ဘာ ၂၈) က ဒေါက်တာဝင်းနိုင်စိုးနှင့် ဖုန်းအဆက်အသွယ်ရပြီး လုံခြုံသည့်နေရာတွင် ရှိသည်ဟု ပြောဆိုသော်လည်း မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရသေးသဖြင့် မိသားစုနှင့် ဒေသခံများက စိုးရိမ်နေကြသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၏ အဓိကဝင်ပေါက်ဂိတ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့ စစ်ဆေးနေပြီး ဆေးဝါးများကို သယ်ယူခွင့် မပြုတော့ကြောင်း ရခိုင်ဒေသရှိ ဆေးဝါးလုပ်ငန်းနှင့် ဆက်စပ်သူများ၊ ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။
ရခိုင်ပြည်အတွင်း ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်ပို့ခွင့်ကို ယခင်က ပြည်နယ်စစ်ကောင်စီ နယ်လုံဝန်ကြီး၏ ထောက်ခံချက်ဖြင့် ခွင့်ပြုခဲ့သော်လည်း စက်တင်ဘာလဆန်းမှ စတင်၍ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက တားမြစ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း/သယ်ယူခွင့် မပြုခြင်းကို သက်ဆိုင်ရာဆေးရုံများ၊ ကျန်းမာရေးဌာနများသို့ စစ်ကောင်စီဘက်က တရားဝင် အကြောင်းကြားခြင်း မရှိကြောင်း သိရသည်။
ဆေးဝါးတင်သွင်းခွင့် မရသကဲ့သို့ ပြည်နယ်အတွင်း ဆေးဝါးသယ်ယူခွင့်ပါ ပိတ်ပင်ထားသည့်အတွက် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက သွားလာခွင့်ပိတ်ထားသည့် ပြည်နယ်မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ် ပြည်သူ့ဆေးရုံများတွင် ဆေးဝါး ပြတ်လပ်လာကြောင်း စုံစမ်း သိရှိရသည်။
ဒေသတွင်း ဆေးကုမ္ပဏီများနှင့် ဆေးဆိုင်များတွင်လည်း ဆေးဝါး နည်းပါးလာပြီး ဈေးနှုန်း မြင့်တက်လာသဖြင့် ယခုကဲ့သို့ ဆေးဝါးသယ်ယူခွင့် ပိတ်ပင်ထားပါက ဒေသတွင်း ဆေးဝါးပြတ်လပ်မှု ဖြစ်သွားနိုင်ကြောင်းလည်း ဆေးကုမ္ပဏီများထံမှ သိရသည်။
တောင်ကုတ်မြို့တွင် ပြင်ပဆေးခန်းဖွင့်ထားသည့် ဒေါက်တာကျော်သူရထွန်းကို စစ်ကောင်စီက စက်တင်ဘာ ၆ ရက်တွင် ဖမ်းဆီးပြီး ULA/AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲ၍ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မဖြင့် စက်တင်ဘာ ၂၅ ရက်က တရားစွဲထားသည်။
“အခုက ဆရာဝန်တွေဆိုလည်း စောင့်ကြည့်ခံနေရတယ်။ ကျောင်းဆရာတွေဆိုလည်း စစ်ဆေးခံနေရတယ်။ သူတို့က အရာရာကို သံသယဖြစ်နေတော့ လုပ်ရကိုင်ရတာ တော်တော်ခက်လာပါတယ်” ဟု ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇွန် ၁၉ ရက်ကလည်း မောင်တောမြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ငှက်ဖျားဌာနမှ ဆေးဘက်ကျွမ်းကျင် (၃) ဦးစောမင်းနိုင်ကို စစ်ကောင်စီက ပြည်နယ်ကျန်းမာရေးဦးစီးမှူးရုံးမှာပင် ဖမ်းဆီးခဲ့ပြီး ၂၁ ရက်ကြာ စစ်ဆေးပြီးမှ ပြန်လွှတ်ပေးခဲ့သည်။ ရက္ခိုင့်တပ်တော် (AA) ကို ဆေးစိမ်ခြင်ထောင် ပေးသည်ဟူသော သံသယဖြင့် ဖမ်းခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီသည် ဇူလိုင်လနှင့် ဩဂုတ်လအတွင်း စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ ကျောက်တော်၊ မင်းပြား၊ မောင် တော စသည့် မြို့နယ်တို့မှ ဒေသခံအများအပြားကို AA ဟု စွပ်စွဲဖမ်းဆီးနေပြီး တချို့ကို ပုဒ်မအမျိုးမျိုး တပ်ကာ တရားစွဲနေသလို တချို့မှာ စစ်ကြောရေးတွင် နှိပ်စက်ခံရပြီး ဆေးကုသမှု ခံယူနေရသည်။

အရပ်ဘက်အဖွဲ့များကိုပါ ပစ်မှတ်ထား
AA နှင့် တိုက်ပွဲများ ပြန်ဖြစ်လာပြီးနောက် စစ်ကောင်စီသည် ရခိုင်ဒေသမှ ဝန်ထမ်းများ၊ နိုင်ငံရေးသမားများ၊ လူမှုရေးတက်ကြွလှုပ်ရှားသူ၊ ပရဟိတသမားများကို ပါပစ်မှတ်ထားလာနေသည်။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကို တပ်မတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နှင့် ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) တို့ဖြင့် မြေပုံမြို့မရဲစခန်းက စက်တင်ဘာ ၁၇ တွင် အမှု ဖွင့်ခဲ့သည်။
မင်းပြားမြို့နယ် ဒုပညာရေးမှူး ဦးတင်မျိုးဇော်သည်လည်း ပြည်နယ်ပညာရေးမှူးရုံးက ခေါ်တွေ့ သဖြင့် စစ်တွေမြို့သို့ ရောက်ရှိစဉ် စက်တင်ဘာ ၂၇ က ဖမ်းဆီးခံထားရသည်။
အလားတူ မင်းပြားမြို့မှ သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ဥက္ကဋ္ဌ ပရဟိတသမား ဦးသန်းရွှေ(ခ) ကိုအမ်းသားကြီးသည် မြောက်ဦးမြို့မရဲစခန်းတွင် နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က)ဖြင့် စက်တင်ဘာလ ၂၅ တွင် အမှုဖွင့်ခံရသည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီသည် စက်တင်ဘာလ ၄ မှ စက်တင်ဘာ ၂၉ အထိ ဒေသခံ ၄၀ ကျော်ကို ဖမ်းဆီးထား ပြီး ULA/AA နှင့် ဆက်သွယ်သည်ဟု ဆိုကာ နိုင်ငံတော်အကြည်ညိုပျက်မှု၊ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မများဖြင့် အမှုဖွင့်နေသည်။
စက်တင်ဘာ ၂၅ တွင်လည်း မြောက်ဦးမြို့မှ နန်းရိပ်ကရုဏာ အခမဲ့အောက်စီဂျင်ကူညီရေးအဖွဲ့မှ အတွင်းရေးမှူး ကိုသန်းထွန်းနှင့် ညီဖြစ်သူ ကိုကျော်သန်းလှိုင်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။
ထို့ကြောင့် စစ်ကောင်စီသည် ရခိုင်လူထုကို အငတ်ဘေး၊ ကပ်ဘေး ဆိုက်စေရန် ရည်ရွယ်ကာ အကူအညီ အထောက်အပံ့ပေးနေသူများကို ပစ်မှတ်ထားလာနေသည်ဟု ဒေသခံများက ဆိုကြသည်။
“စစ်ကောင်စီတပ်က ပရဟိတသမားတွေကို ပစ်မှတ်ထားနေပုံ ရပါတယ်။ သူတို့ဖြစ်စေချင်တာက ပြည်သူတွေ ဒုက္ခရောက်စေချင်တယ်။ ပြည်သူတွေ ဒုက္ခရောက်လာတဲ့အခါ AA ကြောင့် ဖြစ်ရတာလို့ သဘောပေါက်စေချင်တယ်။ ဒါတွေက ရိုးနေပါပြီ” ဟု မြောက်ဦးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ပြည်သူကို နှိပ်စက်လေ စစ်ကောင်စီကို မလိုလားလေ ဖြစ်မှာပဲ။ အကြောက်တရားနဲ့ အုပ်ချုပ်လို့ ရချင်ရမယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ထောက်ခံမှုကို ဘယ်တော့မှ ရမှာမဟုတ်ဘူး”
ရခိုင်ပြည်နယ်အတွင်း AA နှင့် တိုက်ပွဲများပြင်းထန်လာပြီးနောက် စစ်ကောင်စီက ရခိုင် အရပ်ဘက်တက်ကြွလှုပ်ရှားသူများကို အမည်စာရင်းနှင့်တကွ ဝင်ရောက်ဖမ်းဆီးနေသဖြင့် အများအပြားမှာ ရှောင်တိမ်းနေရကြောင်း သိရသည်။
စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးနေသဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) က ယမန်နေ့ (စက်တင်ဘာ ၂၉) တွင် သဘောထားကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ရခိုင်ဒေသမြို့နယ်တချို့ကို ကုန်းလမ်း၊ ရေလမ်း အကန့်အသတ်မရှိ ပိတ်ဆို့ထားမှုသည် ဒေသခံများ၏ အသက်ရှင်နေထိုင်ရေးကို ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ANP က ဆိုသည်။
အဆိုပါ ထုတ်ပြန်ချက်ထဲတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေကြသည့် ပြည်တွင်းပြည်ပအဖွဲ့များအား ပိတ်ပင်ထားမှုကို ပြန်ဖွင့်ပေးရန်၊ ရပ်ကွက်၊ ကျေးရွာများကို အကာအကွယ်ယူ၍ တိုက်ပွဲဖော်ဆောင်ခြင်း မပြုလုပ်ကြရန် မေတ္တာရပ်ခံထားသည်။
ရခိုင်ပြည်နယ်တွင် ဆေးဝါးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအထောက်အပံ့များ ပေးနေသည့် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့များ ရခိုင်ဒေသ မြို့နယ် ၆ မြို့နယ်သို့ သွားလာ လုပ်ကိုင်ခွင့်ကို စက်တင်ဘာ ၁၆ ရက်မှ စပြီး စစ်ကောင်စီက ပိတ်ပင်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)