သတင်း

မြောင်တွင် အင်အားရာဂဏန်းရှိ စစ်ကြောင်းဝင်၊ ရွာသားတစ်ဦး သတ်ဖြတ်ခံရ

ချင်းတွင်းမြစ်အရှေ့ဘက် စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် အင်အားရာဂဏန်းရှိ စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်နေပြီး ယမန်နေ့ (စက်တင်ဘာ ၂၂) တွင် ရွာသားတစ်ဦး သတ်ဖြတ်ခံရကာ အလောင်းကို မီးရှို့ ထားခဲ့သည်ဟု သိရသည်။

ယမန်နေ့ နံနက်အစောပိုင်းတွင် စစ်တပ်က မြောင်မြို့တောင်ဘက် ၈ မိုင်ခန့်အကွာရှိ နဘတ်ရွာကို လက်နက်ကြီးများ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းပြီး အရပ်သားတစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်တစ်ဦးတို့ အသတ်ခံရကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) ပြန်ကြားရေးတာဝန်ခံ ကိုနွေဦးက ပြောသည်။ 

“PDF ထဲက တစ်ယောက်က အလောင်းပြန်ရတယ်။ ရွာသားကတော့ ရွာအလယ်ခေါင်မှာဆိုတော့ ထုတ်မရဘူး။ ဒီနေ့မနက် သူတို့ထွက်အသွားမှာ မီးရှို့ထားတာ” ဟု ကိုနွေဦးက ပြောသည်။ 

မြင်းမူမြို့နယ်မှ ထွက်လာသည့် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းမှာ ယခုလ ၂၁ ရက်ကတည်းက နယ်မြေချင်းထိစပ်နေသော မြောင်မြို့နယ်ကို ဝင်ရောက်စီးနင်းနေခြင်းဖြစ်ကာ ဒေသခံ ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။

ယမန်နေ့က သတ်ဖြတ်ခံရသည့် PDF တပ်ဖွဲ့ဝင်မှာ အသက် ၂၅ နှစ်အရွယ် ကိုထက်ဝေအောင်ဆိုသူဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းကို လိုက်လံကင်းထောက်ရင်း နဘတ်ရွာအနီး စစ်တပ်နှင့် ထိပ်တိုက်တိုးကာ ပစ်သတ်ခံရသည်ဟု ကိုနွေဦးက ပြောသည်။ 

“ကင်းထောက်ပေးနေတာ။ အဲဒီမှာ တွေ့ပြီးတော့ လိုက်ပစ်တာ။ ချောင်းကို ကူးပြီးပြေးတာ။ ခွေးတွေကလည်း နောက်က လှေနဲ့ လိုက်ပစ်တာ။ ခေါင်းမှာ တစ်ချက်ပဲ တွေ့တယ်။ မီးရှို့ခံရတဲ့ ရွာသားက ရွာအလယ်ခေါင်မှာပဲ။ မနေ့က သူတို့ ရှိနေတော့ ဝင်မရဘူး။ ဒီနေ့မနက် သူတို့ထွက်သွားတော့မှ ဝင်တော့  တွေ့ရတာ။ အလောင်းက ရုပ်ပျက်ဆင်းပျက်ဖြစ်နေပါပြီ။ ဘယ်သူဘယ်ဝါဆိုတာ မသိရဘူး” ဟု ၎င်းက ပြောသည်။

မီးရှို့ခံထားရသည့် ရုပ်အလောင်းမှာ မည်သူမည်ဝါ ဖြစ်သည်ကို အတည်မပြုနိုင်သေးဘဲ ထွက်ပြေးတိမ်းရှောင်နေသူများအနက် ပျောက်ဆုံးသူ ရှိမရှိ စိစစ်ရမည်ဖြစ်ကြောင်း ကိုနွေဦးက ယနေ့ ပြောသည်။​

ယနေ့နံနက်ပိုင်းတွင် စစ်တပ်က နဘတ်ရွာတောင် ၆ မိုင်အကွာရှိ ကျောက်ရစ်ရဲစခန်းနှင့် မြောက်ဘက် ၅ မိုင်အကွာရှိ လက်ယက်မရွာတို့ဆီ စစ်ကြောင်းနှစ်ခုခွဲကာ ထွက်ခွာသွားသည်ဟု သိရသည်။​

စစ်ကောင်စီက မြောင်မြို့နယ်တောင်ပိုင်းကို ရှင်းလင်းရေးဝင်မည်ဟု သတင်းများထွက်ပေါ်နေသဖြင့် ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန် CDSOM က တိုက်တွန်းထားသည်။ 

ယခုလ ၁ ရက်ကလည်း မြောင်မြို့နယ် ဇီးကျွန်းရွာတွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်စဉ် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ဒေသခံ ၃ ဦးသေဆုံးခဲ့သည်။ ယခုလအတွင်း မြောင်မြို့နယ်တွင် သတ်ဖြတ်ခံရသူ ၇ ဦးရှိပြီဖြစ်ကြောင်း CDSOM ထံမှ သိရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button