သတင်း

မင်းတပ်မြို့အဝင်ဂိတ်ကို CDF ဝင်တိုက်

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင် စစ်တပ်က ဦးစီးပြုလုပ်သည့် ဈေးရောင်းပွဲတော်ကို ကန့်ကွက်ကြောင်း ပြသသည့်အနေဖြင့် ယနေ့ (စက်တင်ဘာ ၂၁) နံနက်ပိုင်းတွင် မြို့အဝင်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) က ပြောသည်။ 

ဈေးရောင်းပွဲတော်အတွက် စစ်တပ်က လုံခြုံရေးတိုးမြှင့်ချထားသည့် စစ်ဆေးရေးဂိတ်ကို မင်းတပ် CDF ၏ ဝံပုလွေစစ်ကြောင်းက နံနက် ၅ နာရီခွဲဝန်းကျင်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

“တိုက်ပွဲတော့ပြင်းထန်တယ်။ အကျအဆုံးတော့ မပြောနိုင်ဘူးပေါ့။ စခန်းကတော့ ပျက်စီးသလောက်တော့ ဖြစ်မယ် ထင်တယ်။ ဗုံးနဲ့လည်း ပစ်တယ်။ အီနာဂါ ဗုံးသီးတွေနဲ့လည်း ပစ်တယ်။ တောက်လျှောက်ပစ်ပြီးကာမှ စစ်ကြောင်းက ခုတော့ အန္တရာယ်ကင်းကင်းနဲ့ ပြန်ဆုတ်လာနိုင်တယ်” ဟု CDF မင်းတပ်၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က Myanmar Now ကို ပြောသည်။  

ယနေ့ နံနက်ပိုင်း မင်းတပ်မြို့စည်ပင်ဈေးတွင် အခြေခံစားသောက်ကုန်များ ၂၀ ရာခိုင်နှုန်း ဈေးလျှော့ရောင်းချသည့် ဈေးရောင်းပွဲကို စစ်ကောင်စီက ဦးစီးပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

စားသောက်ကုန်ဈေးနှုန်းများမြင့်တက်လာချိန် ပြုလုပ်သည့် ဈေးရောင်းပွဲတော်များမှာ မြို့ပေါ်တွင် အေးချမ်းကြောင်း ပြသလိုသည့်အတွက် အယောင်ပြသက်သက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု မင်းတပ် CDF က ဝေဖန်သည်။ 

“အကုန်လုံးအခက်ခဲဖြစ်နေတာ မှန်တယ်။ မြို့ပေါ်ကလူတွေလည်း အခက်အခဲဖြစ်နေတယ်။  (စစ်တပ်က) ဒါကို အခွင့်ကောင်းယူပြီး ဒီလိုတွေလုပ်ဆောင်ပေးနေတယ်ဆိုတာကို ပြချင်တာ။ ဒါကြောင့် စကစ လုပ်တာကို ဆန့်ကျင်တယ်ဆိုတာကို ပြချင်တာ။ သူတို့အဆင်ပြေတာကို မနာလိုလို့ မဟုတ်ဘူး” ဟု ဆလိုင်းဟာအွန်က ပြောသည်။ 

စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေး ဈေးရောင်းပွဲတော်ကို ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်နှင့် နေအိမ်များတွင် လုံလုံခြုံခြုံနေထိုင်ရန် CDF မင်းတပ်က ဒေသခံတို့ကို  တိုက်တွန်းထားသည်။

“တကယ်တမ်း မြို့ပေါ်ထက် ရွာပေါင်းများစွာမှာ ပိုခက်ခဲနေတယ်။ ရွာတွေမှာဆိုရင် ဘယ်အချိန် ကိုယ့်ခေါင်းပေါ်ကို လက်နက်ကြီးကျမလဲ ပြောလို့မရဘူး။ ဘယ်အချိန် လေယာဉ်ဗုံးကြဲမလဲဆိုတာ မသိရဘူး။ ပြည်သူတွေအနေနဲ့လည်း ငါတို့က စကစကို တစ်မျိုးသားလုံးက ဆန့်ကျင်တယ်ဆိုတာကို သိစေချင်တာ” ဟု ၎င်းက ဆက်ပြောသည်။

CDF တပ်ဖွဲ့ဝင်များကို တောတွင်းတစ်နေရာတွင် မေလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – CDF Mindat Facebook))

ဈေးရောင်းပွဲတော်တွင် လူထု စိတ်ဝင်စားမှုနည်းပါးကြောင်း  ဒေသခံများထံမှ သိရသည်။

“ကြက်ဥ၊ ယမ်ယမ်၊ အာလူး၊ ဆီတို့ ရောင်းတာပေါ့။ အပြင်ဈေးနှုန်းနဲ့တော့ ကွာတယ် ထင်တယ်။ သူတို့ အထဲကပဲ ဝယ်တာများတယ်။ ပြည်သူတွေကတော့ သိပ်မလာကြဘူး။ ၄၅ မိနစ်လောက်ပဲ ကြာတယ်။ သဘောတရားလောက်ပဲ လုပ်တာ” ဟု မင်းတပ်မြို့ ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။ 

စစ်အာဏာသိမ်းမှုကြောင့် ဒေသတွင်း တိုက်ပွဲများဖြစ်ကာ ကုန်စည်ဈေးနှုန်း တက်လာချိန်တွင် စစ်ကောင်စီတပ်သည် ရန်ကုန်၊ မန္တလေးအပါအဝင် ဒေသတချို့တွင် အခြေခံစားသောက်ကုန်များကို လျှော့စျေးဖြင့် ရောင်းနေကြောင်း သတင်းထုတ်ပြန်ထားသည်။ 

ယမန်နေ့ (စက်တင်ဘာ ၂၀) ကလည်း မင်းတပ်မြို့နယ်တောင်ဘက်ရှိ ဆာဒူးရွာနှင့် ဖိုးခရိုးကျေးရွာကြား စစ်တပ်က လေကြောင်းဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သော်လည်း ထိခိုက်သေဆုံးမှုမရှိဟု CDF မင်းတပ်က ပြောသည်။ 

ဇူလိုင်လဆန်းပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ချပ်ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှအတွင်း ပြည်သူ ၂ ဦး သေဆုံးခဲ့သည်။ 

ပြီးခဲ့သည့်လပိုင်းမှ စတင်၍ စစ်ကောင်စီတပ်က မင်းတပ်မြို့အနီးကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူတချို့ သေဆုံး၊ ဒဏ်ရာရခဲ့သည်။

ထိုသို့ ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ စစ်ကောင်စီဘက်က ဆက်လက်လုပ်ဆောင်ပါက အပြင်းအထန်လက်တုံ့ပြန်သွားမည်ဟု CDF (မင်းတပ်) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မင်းတပ်မြို့နယ်တွင် ပြီးခဲ့သည့်နှစ် ဧပြီလက စတင်ကာ လက်နက်စွဲကိုင် ခုခံရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button