သတင်း

ဒီပဲယင်းတွင် ကျောင်းဖွင့်ချိန် ရဟတ်ယာဉ်များဖြင့်ဝင်ပစ်၊ ကလေးအချို့သေဆုံး 

ယမန်နေ့ (စက်တင်ဘာ ၁၆) က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ပိုင်းရှိ ကျေးရွာများကို စစ်တပ် က မြေပြင်စစ်ကြောင်းထိုးသည့်အပြင် ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ကြောင်း၊ ကလေးငယ်အချို့ သေဆုံးကြောင်း သိရသည်။

ဒီပဲယင်းမြို့အရှေ့ဘက် မူးမြစ်ကမ်းဘေးရှိ သစ်တုံ၊ ညောင်လှ၊ လက်ယက်ကုန်း စသည့်ရွာများကို စစ်တပ်က ထိုသို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရဟတ်ယာဉ်များဖြင့် ပစ်ခတ်မှုအတွင်း အင်ပင်ရွာမှ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့်  လက်ယက်ကုန်းရွာ စာသင်ကျောင်းမှ ကျောင်းသား ၂ ဦး ထိမှန်သေဆုံးသည်ဟု သိရသော်လည်း အသေးစိတ် မသိရပေ။ 

“ရွာမှာ ကျောင်းဖွင့်တယ်ဗျ။ ကျောင်းဖွင့်ချိန်မှာ ဝင်ပစ်တာ နေ့လယ်ကြီး။ ဒီပဲယင်းမြို့နယ်မှာက ကျောင်းတွေက တော်တော်ဖွင့်ထားနိုင်တယ်။ ဝင်ပစ်ခံရတဲ့အချိန်က စာသင်ချိန်ဖြစ်နေတော့ ကလေး တွေထိတာပေါ့” ဟု ဒီပဲယင်းမြို့နယ်ညီနောင်များဆိုသည့် ဒေသခံကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဒီပဲယင်းမြို့နယ် ညောင်လှရွာနှင့် မူးကတွင်းရွာအကြားရှိ မူးဘောင်ပေါ်တွင် ရဟတ်ယာဉ် ၂ စီးဖြင့် ချထားခဲ့သော စစ်သားများက လက်ယက်ကုန်းရွာကို ဝင်ရောက်ပြီး ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ အကြမ်းပတမ်း ဝင်ရောက်ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူများ ရှိသော်လည်း ဒေသခံအများစု ထွက်ပြေးနေရ၍ အသေးစိတ် အခြေအနေ မသိရသေးပေ။ 

စစ်ကောင်စီက လေကြောင်းမှ ရုတ်တရက် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် မဲအိုး၊ လက်ယက်ကုန်း၊ မရကန်၊ မူးကတွင်း၊ ညောင်လှ၊ သစ်တုံ စသည့် ကျေးရွာများအပါအဝင် မူးကမ်းဘေးကျေးရွာများမှ ဒေသခံ ၅၀၀၀ နီးပါး ထွက်ပြေးနေရသည်ဟု ဆိုသည်။ 

“ဖိုက်တာ ၂ စင်းရယ်၊ ရိုးရိုးရဟတ်ယာဉ် ၂ စင်းရယ်လာပြီးပစ်တာ။ ရုတ်တရက်ရောက်လာတာ။ ၂ စင်းက ပတ်ပြီး ဝဲပြီးပစ်တာ။ မိနစ် ၄၀ လောက်ကြာတယ်။ ပစ်ပြီဆိုတာနဲ့ လွတ်မယ်ထင်တဲ့နေရာ ပြေးရတော့တာပဲ။ ကိုယ့်အပေါ်လောက်မှာ ပျံနေတဲ့ အချိန်မျိုးဆိုရင်တော့ မြေပြင်မှာဝပ်နေရတာ” ဟု ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

ဒီပဲယင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကြောင်းထိုးရန် ရောက်လာခြင်းဖြစ် နိုင်သည်ဟု ဒေသခံတို့က သုံးသပ်သည်။

ထွက်ပြေးနေရသော ဒီပဲယင်းဒေသခံများအား စက်တင်ဘာ ၁၆  မွန်းလွဲပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- ပေးပို့)

“ဝေဟင်ကနေ ပတ်ပတ်လည် ရမ်းပစ်သွားတာ။ မူးခံတွင်းနဲ့ ညောင်လှမူးဘောင်ပေါ်ကို အင်အား ချတယ်။ မြေပြင်မှာလည်း တိုက်ပွဲဖြစ်တာ မရှိဘူး။ ထူးခြားဖြစ်စဉ်လည်းမရှိဘူး။ မြေပြင် စစ်ကြောင်း ထိုးဖို့ ဝေဟင်ကနေ လမ်းကြောင်းရှင်း ပစ်ခတ်တယ်လို့ပဲယူဆတယ်” ဟု ဒီပဲယင်းဒေသခံ နောက်တစ်ဦးက ပြောသည်။

ဒေသခံကာကွယ်ရေးအဖွဲ့များအားကောင်းပြီး နယ်မြေစိုးမိုးမှုရရှိထားသည့် ဒီပဲယင်းမြို့နယ်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်မှာ ၁၀ ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

“တော်လှန်ရေးအားကောင်းတယ်။ နယ်မြေစိုးမိုးမှုလည်းရှိတဲ့နေရာဖြစ်တယ်။ လက်နက်အင်အား ပြည့်စုံတဲ့နေရာလည်း မဟုတ်သလို။ ကုန်းကြောင်းကိုတော့ သူတို့ လွတ်လွတ်လပ်လပ် လာလို့မရဘူး။ လာရင်လည်း မိုင်းဆွဲတိုက်ခိုက်တာ မျိုးတွေရှိတဲ့အတွက် ခုနောက်ပိုင်းဆို ဆက်တိုက် ဝေဟင်ကနေ ဝင်လာတာပဲရှိတယ်”ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ 

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုများမှသည် လက်နက်ကိုင်တော်လှန်မှုအထိ အားကောင်းရာ ဒီပဲယင်းမြို့နယ်ကို စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီး သည့်အပြင် ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများလည်းရှိသည်။

စစ်ရှောင်အရေး ဆောင်ရွက်ပေးနေသည့် အဖွဲ့တစ်ခုဖြစ်သည့် ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ ပြုစုထားသည့်စာရင်းအရ တစ်နှစ်ကျော်ကာလအတွင်း ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၃၁ ရွာမှ နေအိမ် ၁၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံရသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း စစ်တပ်နှင့်လက်အောက်ခံအဖွဲ့များ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၈,၀၀၀ ကျော် ပျက်စီးခဲ့သည့်အနက် စစ်ကိုင်းတိုင်းမှ ထက်ဝက်ကျော်ဖြစ်ကြောင်း Data for Myanmar အဖွဲ့က ပြီးခဲ့သည့်လကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button