သတင်း

လောင်စာဆီ ဗိုက်ဟောင်းလောင်းဖြစ်ချိန် ရုရှားဆီနှင့် လေလည်ပြ

ဒေါ်လာရှားပါးမှုနှင့်အတူ စက်သုံးဆီပြတ်လပ်ခြင်း၊ ဈေးကြီးမြင့်ခြင်းများ အလျဉ်မပြတ်ဖြစ်လာချိန်တွင် အာဏာသိမ်းစစ်ကောင်စီက ရုရှားနိုင်ငံမှ ဆီတင်သွင်းမည်ဖြစ်ကြောင်း ထုတ်ပြောသည်။ ထိုသို့ပြောသည်မှာ အတန်ကြာပြီဖြစ်သော်လည်း ရုရှားဆီ ရောက်မရောက် မသိရပေ။

ရုရှားဆီတင်သွင်းရေး အတော်ခရီးရောက်နေပြီဖြစ်ကြောင်း မကြာသေးမီက ရုရှားခရီးစဉ်အတွင်း အာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင် ထုတ်ဖော်ပြောဆိုခဲ့သည်။ 

“ခရီးအတော်ရောက်နေပါပြီ။ အခုလည်း တချို့ရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံကို ရောက်မှာဖြစ်ပါ တယ်။ ဆက်တိုက် ဝယ်ယူသွားဖို့ ရှိပါတယ်” ဟု ရုရှားနိုင်ငံပိုင် သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့သည်။

စက်သုံးဆီဝယ်ယူ တင်သွင်းရာတွင် ရုရှားနိုင်ငံက လက်ခံသည့် ငွေကြေးဖြင့် ပေးချေနိုင်အောင် စီစဉ်သွားမည်ဖြစ်သော်လည်း ရူဘယ်ငွေနှင့် ပေးလိုကြောင်းလည်း ၎င်းက ပြောသည်။ အခြားသော ငွေကြေးနှင့် ပေးချေရန် အခက်အခဲရှိသည်ဟုလည်း ဝန်ခံခဲ့သည်။

ရုရှား – ယူကရိန်းပဋိပက္ခကြောင့် ကမ္ဘာတစ်ဝန်း လောင်စာဆီဈေးနှုန်းမြင့်တက်လာကာ အကျိုးဆက်အနေဖြင့် နိုင်ငံအချို့တွင် နိုင်ငံရေးအရပါ အကျပ်အတည်းဆိုက်နေသည်။ 

အမေရိကန်နှင့် ဥရောပသမဂ္ဂ၏ ဘက်ပေါင်းစုံပိတ်ဆို့ အရေးယူများကြောင့် အခြားသောနိုင်ငံများထက် အကျပ်အတည်းဆိုက်လာသော ရုရှားက ရေနံစိမ်းနှင့် ချက်လုပ်ပြီး လောင်စာဆီကို ဈေးပေါပေါနှင့် ထုတ်ရောင်းသည်။ အဓိကဝယ်ယူနေသည်မှာ တရုတ်ဖြစ်သည်။

ရေနံချက်စက်ရုံ ကောင်းကောင်းမရှိသည့်အပြင် သယ်ယူစရိတ်နှင့် သိုလှောင်နိုင်စွမ်း အားနည်းသော နိုင်ငံငယ်များအတွက်မူ ရုရှားရေနံစိမ်းမှာ ဈေးပေါသော်လည်း ပြောသလောက် မလွယ်လှပေ။​ အထူးသဖြင့် မြန်မာနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် တန်ချိန်သိန်းနှင့်ချီ၍ ချက်လုပ်နိုင်သော ရေနံချက်စက်ရုံ မရှိသည့်အပြင် စက်သုံးဆီ သို့မဟုတ် ရေနံစိမ်းအလုံအလောက် သိုလှောင်နိုင်သည့် အခြေခံအဆောက်အအုံများလည်း မရှိပေ။

အတိအကျ မသိရသော်လည်း စစ်ကောင်စီအနေဖြင့် ရုရှား မှလောင်စာဆီ တင်သွင်းရာတွင် တန်ချိန်သုံးသောင်းဝန်းကျင်သာဖြစ်နိုင်သည်ဟု သိရသည်။ ဈေးပေါပေါဖြင့် ရနိုင်သော်လည်း မိုင်ပေါင်းများစွာ ရှည်လျားသည့် ရေလမ်းကြောင်းမှတစ်ဆင့် ထိုပမာဏတင်သွင်းနိုင်သည်ဆိုပါက အလုပ်မဖြစ်နိုင်ကြောင်း၊ တန်ချိန်သုံးသောင်းသည် ပြည်တွင်းလောင်စာဆီဈေးကွက်တွင် ရက်ပိုင်းမျှသာ လုံလောက်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ 

“လောလောဆယ် ရုရှားကဝယ်မှာက Finishing Products (စက်သုံးဆီ) ပေါ့။ ရေနံစိမ်း မဟုတ်ဘူး။ ဆီတန်ချိန် သိန်းချီသယ်နိုင်တဲ့ သင်္ဘောက ရှားတယ်။ နောက်ပြဿနာတစ်ခုက ရန်ကုန်မဝင်နိုင်ဘူး” ဟု စွမ်းအင်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ပြည်ပမှစက်သုံးဆီ တင်သွင်းခွင့်ရထားပြီး ပြည်တွင်း၌ အကြီးအကျယ်ဖြန့်ဖြူးရောင်းနေသည့် စက်သုံးဆီလုပ်ငန်းရှင်ကြီးတစ်ဦး၏ အဆိုအရလည်း တန်ချိန်များများ တင်ဆောင်သည့် သင်္ဘောကြီးများ ရန်ကုန် ဝင်ရောက်နိုင်ခြင်း မရှိပေ။

“တန်ချိန်ကတော့ ကန့်သတ်ချက်မရှိပါဘူး။ အဓိက ရေစူးပါပဲ။ ရေစူးက ကိုးမီတာခွဲပေါ့။ သင်္ဘောရဲ့ ဒီဇိုင်းပေါ် မူတည်တာပေါ့” ဟု ထိုလုပ်ငန်းရှင်က ဆိုသည်။

စစ်ကောင်စီ တင်သွင်းမည့် ရုရှားဆီ ရောက်မရောက် စုံစမ်းရာတွင် ထိုလုပ်ငန်းရှင်က သူတို့နှင့် မဆိုင်ကြောင်း ပြောခွင့်မရှိကြောင်း ဆိုသည်။

မိုင်ပေါင်းများစွာ ကွာဝေးသော ရုရှားနိုင်ငံမှ ဆီသွင်းမည့်ကိစ္စမှာ “ဆင်ဖိုးထက် ချွန်းဖိုးကြီး” မည့်ကိစ္စဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။ 

ရုရှားနိုင်ငံ မည်သည့်ဆိပ်ကမ်းမှနေ၍ ဆီတင်သွင်းမည်ကို မသိရသော်လည်း မင်းအောင်လှိုင် သွားရောက်ခဲ့ရာ အရှေ့ဘက်ကမ်းရိုးတန်း ဗလာဒီမာဗော့စတော့ဆိပ်ကမ်းမှ ရန်ကုန်အထိ ရေမိုင်ပေါင်း ၅၀၀၀ ကျော် ရှိပြီး ရေလမ်းခရီးအားဖြင့် ရက်ပေါင်း ၂၀ ထက်မနည်း ကြာမြင့်နိုင်သည်။

သို့လောသို့လော တွေးဆချက်များ၊ သုံးသပ်ချက်များရှိနေသော်လည်း လက်ရှိတွင် စစ်ကောင်စီတင်သွင်းမည့် ရုရှာလောင်စာဆီမှာ ဘယ်နားရောက်နေမှန်း မသိရပေ။ 

စစ်ကောင်စီ၏ ရုရှားဆီနှင့် ပတ်သက်၍ ပြည်တွင်းရှိ စက်သုံးဆီလုပ်ငန်းရှင်အချို့ကို ဆက်သွယ်မေးမြန်းသော်လည်း မသိရသေး၊ မကြားရသေးဟုသာ ဖြေကြသည်။

လုပ်ငန်းရှင်တစ်ဦးကမူ “ဆီဈေးကို ကြည့်ရင် သိပါတယ်။ လောလောဆယ် မရောက်သေးဘူးပဲ သတ်မှတ်ရမယ်။ ရောက်ပြီဆိုရင် ဆီသွင်းတဲ့သူတွေ အရင်ဖွမှာ” ဟု မှတ်ချက်ပြုသည်။

ပြည်တွင်းစက်သုံးဆီဈေးကွက်တွင် ဓာတ်ဆီနှင့် ဒီဇယ်ဆီဈေးနှုန်းမှာ လက်ရှိအချိန်ထိ ကျပ် ၂၀၀၀ ကျော် အထက်တွင် ရှိနေဆဲဖြစ်သည်။ အာဏာမသိမ်းမီက ကျပ် ၆၀၀ မှ ၇၀၀ ဝန်းကျင်သာ ရှိခဲ့သော်လည်း လက်ရှိပေါက်ဈေး ကျပ် ၂၀၀၀ အထက်ရောက်နေသည်မှာ လနှင့်ချီရှိပြီဖြစ်သည်။

စစ်ကောင်စီက အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းကို ကျပ် ၁၈၅၀ မှ ၂၁၀၀ အထိ တရားဝင်သတ်မှတ်လိုက်ပြီးနောက် စက်သုံးဆီဈေးမှာ နေ့ချင်းညချင်း ခုန်တက်ခဲ့သည်။ 

ရုရှားမှ စက်သုံးဆီတင်သွင်းရေးအတွက် စစ်ကောင်စီက ဩဂုတ်လဆန်းပိုင်းတွင် ကော်မတီဖွဲ့ခဲ့သည်။ စစ်တပ်၏ အဓိကစီးပွားရေးလုပ်ငန်းကြီးဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးညိုစော ဦးဆောင်မည်ဖြစ်သည်။ ဌာနဆိုင်ရာလူကြီးအချို့အပြင် စစ်တပ်နှင့် နီးစပ်သော ပုဂ္ဂလိကကုမ္ပဏီအချို့ကိုလည်း ကော်မတီတွင် ထည့်သွင်းထားသည်။

ထိုကော်မတီဖွဲ့စည်းသည့် နေ့မှာပင် ဗဟိုဘဏ်ကလည်း စက်သုံးဆီဈေး တည်ငြိမ်ရေးအတွက် အမေရိကန်ဒေါ် လာသန်း ၂၀၀ ထောက်ပံ့မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ 

ထိုဒေါ်လာသန်း ၂၀၀ မှာ ရုရှားမှာ စက်သုံးဆီတင်သွင်းရာတွင် တိုက်ရိုက်အသုံးပြုမည်လော၊ ပြည်တွင်းရှိ ပုဂ္ဂလိကစက်သုံးဆီတင်သွင်းသူများထံ ဖြန့်ရောင်းမည်လောဆိုသည်ကို ကွဲကွဲပြားပြား မသိရပေ။

အထက်ပါ စက်သုံးဆီလုပ်ငန်းရှင်ကြီး၏ အဆိုအရမူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် လစဉ် ဆီတန်ချိန်လေးသိန်းခန့် ပြည်ပမှ တင်သွင်းနေရပြီး ခန့်မှန်းချေအားဖြင့် တန်ဖိုးအားဖြင့် ဒေါ်လာသန်း ၄၀၀ ခန့်ရှိသည်ဟု ဆိုသည်။ 

မြန်မာနိုင်ငံအနေဖြင့် စွမ်းအင်ကဏ္ဍအတွက် နှစ်စဉ် ရေနံနှင့် ရေနံထွက်ပစ္စည်း တင်သွင်းမှု ဒေါ်လာ ၁ ဒသမ ၃ ဘီလျံဝန်းကျင်ရှိပြီး တင်သွင်းမှုလျှော့ချရန် လိုအပ်ကြောင်း စစ်ခေါင်းဆောင်က ဩဂုတ်လဆန်းပိုင်းတွင် ထုတ်ဖော်ပြောဆိုသည်။

တရားဝင်စာရင်းဇယားများအရ ပြီးခဲ့သည့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် လောင်စာဆီတန်ချိန် ၄ ဒသမ ၁၂ သန်း တင်သွင်းခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၆ ဘီလျံရှိသည်။​ မြန်မာနိုင်ငံတွင် စွမ်းအင်အရင်းအမြစ်အချို့ရှိသော်လည်း ကိုယ့်နိုင်ငံသုံးအတွက် လုံလောက်အောင် ဖန်တီးနိုင်ခြင်း မရှိသေးပေ။

စစ်ရေး၊ စီးပွားရေးနှင့် နိုင်ငံရေးနှင့် သံတမန်ရေးရာအထိ ဘက်ပေါင်းစုံတွင် အကျပ်အတည်းများ ရင်ဆိုင်နေရသည့် စစ်ကောင်စီအတွက် လောင်စာဆီပြဿနာက ခေါင်းခဲစရာဖြစ်သည်။

ပြည်တွင်း၌ နေ့စဉ်နှင့်အမျှ စက်သုံးဆီပြဿနာ အမေးအမြန်းထူလာချိန်တွင် ရုရှားမှ ဆီတင်သွင်းရန် စစ်ကောင်စီ ကြံစည်ခြင်းဖြစ်သည်။ ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံစဉ် ကမ္ဘာ့ခေါင်းဆောင်ကြီးဟု မင်းအောင်လှိုင်က မြှောက်ပင့်ပြောဆိုခဲ့သော်လည်း ရုရှားဆီ ရောက်မလာသေးပေ။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button