သတင်း

ကသာတွင် စစ်ကောင်စီနှင့် PDF သုံးရက်ဆက်တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ သုံးရက်ဆက် တိုက်ပွဲဖြစ်နေရာ စစ်ကောင်စီဘက်မှ အကျအဆုံးများသည်ဟု သိရသည်။

ယခုလ ၁၃ ရက်က အင်အား ၁၇၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းတစ်ခုမှာ ကသာမြို့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ မိုးတားလေးရွာမှ ကသာမြို့ဘက်သို့ ဦးတည်ကာ ထွက်လာစဉ် မြေနုရွာနှင့် မိုးတားလေးရွာအကြား ကသာ-PDF အဖွဲ့၏ ကြားဖြတ်တိုက်ခိုက်ခြင်း ခံရသည်။ 

နံနက် ၁၁ နာရီမှ စတင်ဖြစ်ပွားသည့် ထိုတိုက်ပွဲသည် မွန်းတည့် ၁၂ နာရီခန့်တွင် ခေတ္တရပ်နားပြီးနောက် တစ်နေ့လုံးနီးပါ တိုက်ပွဲဆက်ဖြစ်သည်ဟု ကသာ-PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အဲဒီပွဲတုန်းက သူတို့ (စစ်ကောင်စီ) တော်တော်အကျများတယ်၊ တိုက်ပွဲဖြစ်တဲ့အနားမှာ မြှုပ်ထားတာတင် ၅ လောင်း၊ ရေထဲ မျောလိုက်တာလည်း ပါသေးတယ်၊ ဗိုလ်တစ်ယောက်ကျတယ်” ဟု အဆိုပါ တပ်ဖွဲ့ဝင်က ဆက်ပြောသည်။

နောက်တစ်ရက်တွင် ဝဲကြီးရွာအနီး တိုက်ပွဲထပ်ဖြစ်ကာ စစ်ကောင်စီတပ် သွားရာတစ်လျှောက် လိုက်လံ တိုက်ခိုက်ခဲ့သည်ဟု ကသာ-PDF ထံမှ သိရသည်။

ယမန်နေ့ (စက်တင်ဘာ ၁၅) နံနက်တွင်လည်း ကသာမြို့နှင့် မိုင်အနည်းငယ်သာ ဝေးသည့် မင်းလယ်ရွာအနီး စစ်ကောင်စီတပ်ကို ကသာ-PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်သည့်အတွက် တိုက်ပွဲထပ်မံဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိသည်ဟု သိရသည်။

“မင်းလယ်မှာပဲ ကျွန်တော်တို့ဘက်က စောင့်ပြီး ထိုင်ပစ်တယ်၊ သူတို့ဘက်ကလည်း တောက်လျှောက် ဆုတ်ရင်းနဲ့ ပစ်သွားတာ။ မနေ့က မင်္ဂလာသုခရွာထဲကို ဝင်သွားတယ်” ဟု အထက်ပါ PDF တပ်ဖွဲ့ဝင်က ပြောသည်။

ထိုသုံးရက်ဆက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၂၀ ကျော်သေဆုံးခဲ့သည်ဟု ကသာ-PDF အဖွဲ့က ပြောပြီး အထက်ပါစာရင်းကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယနေ့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးဘဲ အဆိုပါ စစ်ကြောင်းမှာ မင်္ဂလာသုခရွာမှ ထွက်ခွာသွားပြီး ထိုစစ်ကြောင်းဦးတည်ရာကို ထောက်လှမ်းနေဆဲဖြစ်ကြောင်း ကသာ-PDF အဖွဲ့ဝင်က ပြောသည်။

ယမန်နေ့က တိုက်ပွဲဖြစ်ပွားသံများက ညဦးပိုင်းအထိ ကြားရကြောင်း တိုက်ပွဲအနီးရှိ ဒေသခံများကို ကိုးကားပြီး အသက် ၄၀ ကျော်အရွယ် ကသာမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“မင်းလယ်ရဲ့အောက် မင်္ဂလာသုခရဲ့ အထက်ဖြစ်တာပေါ့၊ ကားလမ်းပေါ်အထိကို ဖြစ်ကြတာတဲ့ အဲဒီအနီးက လူတွေကတော့ စိုးရိမ်နေရတာပေါ့” ဟု ဆိုသည်။

ယနေ့နံနက်တွင် ကသာမြို့ပေါ်ရှိ ဈေးဆိုင်များလည်း ဖွင့်လှစ်ထားသလို ဒေသခံများလည်း ပုံမှန်အတိုင်း သွားလာ လှုပ်ရှားနေဆဲဖြစ်ကြောင်း အဆိုပါ အမျိုးသမီးက ပြောသည်။ 

ကသာမြို့နယ်အတွင်း တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားနေဆဲဖြစ်ပြီး ပြီးခဲ့သည့်လအတွင်းကလည်း ကသာမြို့အရှေ့ဘက် ကျောက်ထုံးကြီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးများ ပေါ်ပေါက်လာရာ စစ်ကိုင်းတိုင်း ကသာနယ်တွင်လည်း စစ်ကောင်စီတပ်၏ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို ဒေသကာကွယ်ရေးတပ်များက အဆက်မပြတ်တိုက်ခိုက်နေသည်။

ကချင်ပြည်နယ်နှင့် နီးစပ်သော စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပူးပေါင်းတိုက်ခိုက်မှုများ ရှိသည်ဟု ဒေသခံများထံမှ သိရသော်လည်း KIA က အတည်ပြုပြောဆိုခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button