စစ်အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိအချိန်ထိ နိုင်ငံတဝှမ်းတွင် ရဲတပ်ဖွဲ့ဝင် နှစ်ဒါဇင်ခန့် လစဉ် သေဆုံးနေသည်ဟု ပြီးခဲ့သည့် ဩဂုတ်လအတွင်း နေပြည်တော်၌ ပြုလုပ်သည့် နေပြည်တော်ရဲချုပ်ရုံး အစည်းအဝေးမှတ်တမ်းတွင် တွေ့ရသည်။
၂၀၂၁မှ ယခုနှစ် ဇူလိုင်လအထိ ရဲတပ်ဖွဲ့ဝင် ၃၆၀ဦး သေဆုံးခဲ့ကြောင်း၊ လစဉ် ပုံမှန်သေဆုံးသည့် ရဲတပ်ဖွဲ့ဝင်အင်အားမှာ ၂၀ ဦးမှ ၂၆ဦး အထိရှိနေကြောင်း ရဲချုပ်ဖြစ်သူ ဗိုလ်ချုပ်ဇင်မင်းထက်က ထိုအစည်းအဝေးတွင် ပြောသည်ကို Myanmar Now က ရရှိထားသည့် အဆိုပါ အစည်းအဝေးမှတ်တမ်းတွင် တွေ့ရသည်။
“ယခုကာလသည် သာမာန်အချိန်ကာလမဟုတ်ဘဲ အရေးပေါ်ကာလဖြစ်၍ မိမိကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ဝင်များအား စနစ်တကျဖြင့် သွားလာနေထိုင်နိုင်ရေး သေချာစွာ ကြပ်မတ် ဆောင်ရွက်သွားရန် ပြောလိုကြောင်း၊ သေဆုံးမှုများနှင့်ပတ်သက်၍ လစဉ်လစဉ် ၂၀/၂၆ ယောက် ဝန်းကျင် ကျဆုံးနေသည်ကို တွေ့ရှိရကြောင်း” ဗိုလ်ချုပ် ဇင်မင်းထက်က ပြောခဲ့သည်။
ထို့အပြင် စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ ရဲတပ်သားသစ် စုဆောင်းရရှိမှု လျော့နည်းသွားသည်ကိုလည်း ရဲအရာရှိကြီးများနှင့် ပြုလုပ်သည့် ထိုအစည်းအဝေးတွင် ပြည်ထဲရေး ဒုဝန်ကြီးလည်းဖြစ်သူ ၎င်းက ဝန်ခံထားသည်။
ဖိအားပေး စုဆောင်းနေသော်လည်း ၂၀၂၂ ခုနှစ်အတွင်း ရဲတပ်သားသစ် ၁၇၄၀ ဦးသာ စုဆောင်းနိုင်ချိန်တွင် အကြောင်းအမျိုးမျိုးဖြင့် ရဲတပ်ဖွဲ့အတွင်း ပြုန်းတီးနေသည့် အင်အားမှာ တိုးလာနေသည်ဟု ရဲချုပ်က ဆိုသည်။
သင်တန်းကာလအတွင်း ထွက်ပြေးသူ၊ အိမ်ထောင်ရေးဖောက်ပြန်သူ၊ ပစ်မှုကျူးလွန်သူ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ယခုနှစ် ဇွန်လအတွင်း ၃၈၇ ဦး၊ ဇူလိုင်လအတွင်း ၄၇၁ဦး ပြုန်းတီးသွားသည်ဟု ၎င်းက ဆက်ပြောသည်။
“အင်အားပြုန်းတီးမှုများနှင့် ပတ်သက်၍ ပြုန်းတီး(၇) မျိုး ရှိပြီး ဇွန်လအတွင်း ၃၈၇ ယောက်၊ ဇူလိုင်လအတွင်း ၄၇၁ ယောက် ရှိသဖြင့် ပြုန်းတီးအင်အားမှာ ၈၄ ယောက် ပိုသွားခဲ့ကြောင်း၊ ရဲပြေးအနေဖြင့် ဇွန်လအတွင်း ၈၅ ယောက်၊ ဇူလိုင်လအတွင်း ၁၅၃ ယောက် ရှိ၍ ရဲပြေး ၆၈ ပိုသွားခဲ့ကြောင်း” ရဲချုပ်က ထုတ်ဖော်ပြောဆိုသည်။
ထို့အတူ အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း ဒဏ်ရာရသည့် ရဲစုစုပေါင်း ၁၁၄၂ ဦး ရှိသည်ဟုလည်း လျှို့ဝှက်ဟု ရေးသားထားသည့် အစည်းအဝေးမှတ်တမ်းတွင် တွေ့ရသည်။
လက်ရှိတွင် နိုင်ငံအနှံ့ ခုခံမှုများကြောင့် စစ်မျက်နှာများစွာ ဖွင့်ထားရသည့် စစ်ကောင်စီက ရဲများကိုပါ စစ်ဆင်ရေးထွက်ခိုင်းနေရချိန်တွင် တပ်ဖွဲ့အတွင်း ပြုန်းတီးမှုများများလာခြင်းဖြစ်ကြောင်း နေပြည်တော်တွင် တာဝန်ထမ်းနေသည့် ရဲအရာရှိတစ်ဦးက ပြောသည်။
“စစ်တပ်နဲ့ ပေါင်းပြီး စစ်ဆင်ရေးလုပ်ရတော့ ဆက်မလုပ်ချင်ဘူး။ CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) လုပ်တာ ရှိသလို အခုနောက်ပိုင်း ရဲပြေးတွေ များလာတယ်။ CDM လုပ်ရင် မိသားစုကို ဒုက္ခပေးတာဆိုတော့ ရဲပြေးပဲ လုပ်ကြတာ များတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ၎င်းက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)