သတင်း

စစ်တပ် စီးနင်းမှုတွင် ဘုတလင်မှ အရပ်သား ၁ ဦး၊ PDF ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မြောက်ပိုင်းကို ယနေ့ (စက်တင်ဘာ ၁၃) တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၄ ဦးနှင့် အရပ်သား ၁ ဦး သေဆုံးခဲ့သည်။ 

ယနေ့ နံနက်တွင် စဘုတလင်မြို့မှ ၃ မိုင်ခန့်အကွာ မုံရွာ – ရေဦး ကားလမ်းမကြီးဘေးရှိ ပဲပြစ်တော (အရှေ့ရွာ) သို့ လာသော စစ်တပ်တွင် အင်အား ၇၀ ရှိကြောင်း၊ ထင်မှတ်မထားသည့်လမ်းမှ ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။  

“ရေဦးလမ်းကြောင်းက လာမယ်လို့ သတင်းရတဲ့အချိန်မှာ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က စစ်အင်အား အပြည့်ချထားပေမဲ့ အဲဒီလမ်းကြောင်းက မလာဘဲနဲ့ ဒလန်ပြတဲ့ လမ်းကြောင်းက၊ မထင်မှတ်တဲ့ လမ်းကြောင်းက လာပြီးတော့ လုပ်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

တလိန်းရွာနှင့် ပဲပြစ်တော (အနောက်ရွာ) မှ ဒေသခံများက ၎င်းတို့ထံ စစ်သားလာမည်ဟု သတင်းရသဖြင့် အရှေ့ရွာသို့ လာရောက်တိမ်းရှောင်နေခြင်း ဖြစ်ကြောင်း၊ ကာကွယ်ရေးအဖွဲ့ဝင် လူငယ် ၄ ဦးမှာ စစ်ရှောင်များကို ကူညီပေးရန် ရောက်ရှိနေခြင်း ဖြစ်ကြောင်း ကြယ်နီ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“စစ်တပ်က ကားလမ်းရဲ့မြောက်ဘက်ကနေ ဝင်လာပြီ။ သူတို့က ကားလမ်းရဲ့တောင်ဘက်မှာ ပြည်သူလူထုတွေကို ကာကွယ်နေတဲ့အချိန်။ ပြည်သူလူထုကို ပြေးဖို့ ပြောနေတဲ့အချိန်မှာပဲ ကလေးတွေကို ဝင်ပစ်တာ။ ကလေးတွေက ပြည်သူလူထုကို ကယ်ရင်းနဲ့ ကျဆုံးသွားတာ” 

စစ်တပ်၏ပစ်ခတ်မှုအတွင်း အသက် ၄၀ အရွယ် ဦးထွန်း သေဆုံးပြီး အရပ်သား ၄ ဦး ခြေထောက်နှင့် ရင်ဘတ် ဒဏ်ရာ ရသွားကြောင်း၊ အိမ် ၄ လုံး ပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသည့်  လူငယ်များမှာ ဘုတလင်အခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်များဖြစ်ကြောင်း၊ သေဆုံးသူအားလုံး၏ ရုပ်အလောင်းများကို ယနေ့ နေ့လယ်ပိုင်းတွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် စစ်ကြောင်းက ဘုတလင်မြို့သို့ ပြန်လည်ဆုတ်ခွာသွားချိန်တွင် အမျိုးသမီး ၆ ဦး အပါအဝင် စစ်ရှောင်တချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသလို ကြယ်နီလူမှုကူညီရေးအသင်းပိုင် ကား ၁ စီး အပါအဝင် ကား ၃ စီး ယူဆောင်သွားသည်။

ထို့ကြောင့် စစ်ဘေးရှောင်များ ကူညီကယ်ဆယ်ရေး၊ လူနာပို့ဆောင်ရေး တို့အတွက် ကားလိုအပ်လျက်ရှိကြောင်း အထက်ပါအသင်းတာဝန်ရှိသူက ပြောသည်။ 

အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့ မြောက်ဘက်ရှိ ဘုတလင်နယ်တွင် အင်အား ၁၅၀ ဝန်းကျင် စစ်ကောင်စီတပ်က မြို့ပေါ်နှင့် နယ်မြေရဲစခန်းတစ်ခုရှိရာ ကူတော်ရွာတို့တွင်သာ တပ်စွဲထားနိုင်ပြီး ကျန်နေရာများတွင် ဒေသခံကာကွယ်ရေးအဖွဲ့များက နယ်မြေစိုးမိုးထားသည်။ 

ကူတော်ရွာရဲစခန်းမှ စစ်သား ၂ ဦး သေနတ် ၂ လက် ယူဆောင်ကာ စက်တင်ဘာ ပထမပတ်က CDM ပါဝင်လာပြီးနောက် ယမန်နေ့ (စက်တင်ဘာ ၁၂) ရက်နေ့တွင် ရဟတ်ယာဉ်ဖြင့် ကူတော်ရဲစခန်းကို အင်အားဖြည့်သွားကြောင်း ဘုတလင်မြို့ ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

စစ်တပ်က အာဏာသိမ်းထားသည်မှာ တစ်နှစ်ခွဲနီးပါး ကြာမြင့်လာပြီဖြစ်သော်လည်း  တိုင်းရင်းသားဒေသများသာမက ဗမာလူများစုနေထိုင်ရာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မကွေးအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကိုင်ပြန်ခုခံမှုကို ရင်ဆိုင်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button