
(ရန်ကုန်) – သုံးနှစ်ကြာ ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့သည် တစ်ပါတီတည်းအဖြစ် ပူးပေါင်းရန် ဇူလိုင် ၂၁ ရက်က သဘောတူခဲ့ကြသည်။
မွန်နှစ်ပါတီ ပေါင်းစည်းထားသည့် မွန်ပါတီအသစ်မှာ နိုင်ငံရေးရပ်တည်ချက်အဖြစ် အမျိုးသားတန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို ကိုင်စွဲထားပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် အဓိက မျှော်လင့်ထားသည်ဟု မွန်ပါတီသစ်၏ တွဲဖက် အတွင်းရေးမှူး ဖြစ်လာမည့် နိုင်လယ်တမက ပြောသည်။
“ ၂၀၂၀ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ပါတီသစ်အတွက်တော့ ထူးခြားတဲ့ရလဒ်ကို မျှော်လင့်လို့ရပြီလို့ ကောက်ချက်ချပါတယ်” ဟု ၎င်းက ပြောသည်။
ကာလရှည်ကြာ ပေါင်းစည်းမှု
၁၉၉၀ ရွေးကောက်ပွဲဝင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် မွန်ဒီမိုကရေစီပါတီအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ရွေးကောက်ပွဲဝင်ခဲ့သည်။
ထို မွန်ဒီမိုကရေစီပါတီနှင့် ၂၀၁၀ ရွေးကောက်ပွဲဝင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဝင်တချို့ ၂၀၁၄ ခုနှစ်တွင် ပေါင်းစည်းခဲ့ပြီး မွန်အမျိုးသားပါတီအဖြစ် အမည်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
ထိုသို့ မွန်အမျိုးသားပါတီအဖြစ် ပေါင်းစည်းခဲ့သော်လည်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ခေါင်းဆောင်တချို့က လက်မခံဘဲ မွန်အမျိုးသားပါတီနှင့်ပူးပေါင်းသူ ပါတီဝင်များကို ပါတီမှ ထုတ်ပယ်ခဲ့သည်ဟု ထိုအချိန်က မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ နိုင်ငွေသိန်းက ပြောသည်။
“ပေါင်းတော့ ပေါင်းတယ်။ တို့ ဒီမှာလာပေါင်းတော့ ပေါင်းတဲ့သူကို ပါတီကနေ ထုတ်လိုက်တယ်။ အဲဒီပါတီကို ဆက်ပြီး ရပ်တည်မယ်ဆိုပြီး ကြေညာပြီးတော့ အဲ့ဒီပါတီမှာပဲ သူတို့ ဆက်လုပ်ကြတယ်။ ”ဟု ၎င်းက ပြောသည်။
ယခုနှစ်တွင် မွန်ပါတီနှစ်ခု ပေါင်းစည်းခြင်းမှာ ပါတီဝင်များအကြား ပူးပေါင်းခြင်းမဟုတ်ဘဲ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့ အကြား ပါတီအခြင်းခြင်း ထပ်မံ ပေါင်းစည်းခြင်းဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲ အတွေ့အကြုံ
မွန်အမျိုးသားပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နိုင်သီဟက ၂၀၁၅ရွေးကောက်ပွဲတွင် မွန်ပါတီနှစ်ခု ယှဉ်ပြိုင်ခဲ့ရခြင်းကြောင့် မဲဆန္ဒရှင်များ နှစ်ခြမ်းကွဲခဲ့ရပြီး မွန်ပါတီနှစ်ခုပေါင်းမှ ကိုယ်စားလှယ်နေရာ လေးနေရာသာ ရရှိခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
မွန်အမျိုးသားပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်တွင် (၁) နေရာ ပြည်နယ်လွှတ်တော်တွင် (၂) နေရာ ရရှိခဲ့ပြီး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက ပြည်နယ်လွှတ်တော်တွင် (၁) နေရာသာ ရရှိခဲ့သည်။
သို့သော်လည်း မွန်ပါတီနှစ်ပါတီ ပေါင်းစည်း သွားသည့်အတွက် ၂၀၂၀ ရွေးကောက်ပွဲတွင် ထိုဖြစ်ရပ်မျိုး ရင်ဆိုင်ရတော့မည် မဟုတ်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ပြောသည်။
“မဲတွေတော့ မကွဲတော့ဘူးပေါ့။ မွန်အချင်းချင်း ပြိုင်စရာမလိုတော့ဘူးပေါ့။ အရင်ကထက်စာရင်တော့ မဲပိုပြီးတော့ ရနိုင်တာပေါ့”ဟု နိုင်သီဟက ပြောသည်။
ပါတီသစ်၏ တွဲဖက်အတွင်းရေးမှူး နိုင်လယ်တမ က ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို သုံးသပ်ကြည့်သည့်အခါတွင် မွန်ပါတီ နှစ်ပါတီဖြစ်နေသောကြောင့် မွန်ပြည်သူများမှာ စိတ်ပျက်ပြီး မဲမထည့်တော့ဟု ပြောသည်။
“ပြည်သူလူထုက မွန်ပါတီသစ်ကို ဝန်းရံကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။
အမည်သစ် မမှည့်ခေါ်ရသေးသည့် မွန်ပါတီအသစ်တွင် ပါတီတစ်ခုစီမှ ၂၂ ဦးနှုန်းဖြင့် ဗဟိုကော်မတီဝင် ၄၄ ဦး ပါရှိမည်ဖြစ်ပြီး ပါတီသစ်၏ ဗဟိုကော်မတီအစည်းအဝေးကို ယခုလအတွင်း ကျင်းပသွားမည်ဖြစ်သည်။
ပါတီအမည်ကို မွန်လူထုထံမှ သဘောထားကောက်ယူထားပြီး အမည် ၄၉ ခု ရရှိထားကြောင်း၊ ထို ၄၉ခုထဲမှ ၁၀ ခုကို ရွေးချယ်ထားပြီး အများသဘောဆန္ဒဖြင့် အတည်ပြုမည့် ပါတီအမည်သစ်ကို ယခုလအတွင်း ထုတ်ပြန်မည်ဟု နိုင်လယ်တမက ပြောသည်။
ပါတီသစ်၏ဥက္ကဋ္ဌမှာ မွန်ပြည်သစ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ဟောင်း၊ မွန်အမျိုးသားပါတီ၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ နိုင်တင်အောင်ဟု ၎င်းက ပြောသည်။