ပစ်သတ်ခံရသည့် အသက် ၄၀ အရွယ် ဦးသိန်းဇော် ။ (ဓာတ်ပုံ-ပေးပို့)
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များကို ကိုယ်တိုင်ဖမ်းပြမည်ဟု ကြွေးကြော်လေ့ရှိသူတစ်ဦး ယမန်နေ့ (စက်တင်ဘာ ၁၃) က ပစ်သတ်ခံလိုက်ရသည်။
ထိုသူမှာ မြို့အနောက်ဘက် ၃ မိုင်ခန့်အကွာ သဗြေဇွန်းကျေးရွာမှ ဦးသိန်းဇော်ဆိုသူဖြစ်ပြီး စစ်တပ်ထောက်ခံသည့် ပျူစောထီးအဖွဲ့၏ အဖွဲ့ဝင်ဖြစ်ကြောင်း၊ ရွာတောင်ဘက် ၂ မိုင်အကွာ ကျခတ္တပင်အင်းရွာအနီး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
အသက် ၄၀ အရွယ် ဦးသိန်းဇော်မှာ သေနတ်ကိုင်၍ ရွာအတွင်း သွားလာတတ်ကြောင်း၊ ဇနီးဖြစ်သူနှင့်အတူ ရွာသို့ ဆိုင်ကယ်စီးပြန်လာစဉ် သေနတ်သမားတို့က ပစ်ခတ်ခြင်း ဖြစ်ကြောင်း သဗြေဇွန်းရွာခံတစ်ဦးက ပြောသည်။
“အဲဒီလင်မယားနောက်က ဆိုင်ကယ်တစ်စီး ကပ်လိုက်လာပြီး ပစ်ခတ်ခဲ့တာပါ။ ပျူတော့ ပစ်ခံရတဲ့နေရာမှာပဲ သေတယ်၊ မိန်းမဖြစ်သူ ဘေးကင်းတယ်” ဟု ၎င်းက ဆိုသည်။
ဦးသိန်းဇော်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတစ်ဦးဖြစ်ကာ ယမန်နှစ် စစ်တပ် အာဏာသိမ်းချိန်မှစ၍ ပျူစောထီးဖွဲ့ဝင်တစ်ဦးဖြစ်လာပြီး PDF တို့ကို စိန်ခေါ်လေ့ရှိကြောင်း၊ စစ်ကောင်စီတပ် ရွာသို့ ရောက်လာလျှင် ကူညီပေးတတ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“PDF တွေကို သူ့လက်နဲ့ ဖမ်းပြမယ်။ မိရင်လည်း အရှင်မထားဘူးလို့ သူ့သူငယ်ချင်းတွေကို အမြဲပြောတယ်။ စကစ ရွာထဲ ဝင်လာရင် သူကိုယ်တိုင် CDM ဝန်ထမ်း၊ NLD ပါတီဝင်၊ တော်လှန်ရေးလူငယ်တွေရဲ့ အိမ်တွေကို လိုက်ပြပေးတယ်”ဟု အထက်ပါ မြို့ခံက ဆက်ပြောသည်။
အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့စည်းက လုပ်ဆောင်ခဲ့ကြောင်း ယနေ့အထိ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
တနင်္သာရီတိုင်းအတွင်း လောင်းလုံး၊ ရေဖြူ၊ ထားဝယ်အပါအဝင် ဒေသအများစုသည် စစ်ကောင်စီကို လက်နက် ကိုင်ပြန်ခုခံနေပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၄ နယ်မြေများနှင့် ဆက်စပ်နေသည်။
ရေဖြူဒေသအတွင်း စစ်တပ်ထောက်ခံသည့် ပျူစောထီးဆိုသူများကို ရှင်းလင်းမှု မကြာခဏ ဖြစ်ပွားနေပြီး ဇူလိုင် ၂၀ ကလည်း ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် နဘုလယ်ဒေသတွင် စစ်ကောင်စီသတင်းပေး၊ ပျူစောထီး နှစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးသွားသည်ဟု သတင်းနှင့် မီဒီယာကွန်ရက် သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင်လည်း ယနေ့ စက်တင်ဘာ ၁၃ ၌ စစ်ကောင်စီသတင်းပေးတစ်ဦးကို ပစ်သတ်ခဲ့သည်ဟု ဒေသခံအခြေစိုက် ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၃ ကလည်း တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ “နန်းထိုက်အောင်” စစ်ဆင်ရေးအရ တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။
ထိုစဉ်က ရေဖြူစရဖရုံးအပြင် ရန်ကုန်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အမှတ် ၂ လမ်းမပေါ်ရှိ ရဲထောက်ပံ့ရေးဌာန၊ သာကေတမြို့နယ် အမှတ် ၁ ရဲစခန်းတို့ပါ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။