သတင်း

ဖားကန့်တွင် ယနေ့ မနက် အစောပိုင်းက မြေပြို၊ ၄၀ ထက်မနည်း ပျောက်ဆုံး

(ရန်ကုန်) – ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ယနေ့ (ဇူလိုင်၂၄ရက်) နံနက်အစောပိုင်းက မြေပြိုကျခဲ့ပြီးနောက် လူ ၄၀ ခန့် ပျောက်ဆုံးလျက်ရှိသည်။

ယနေ့ မနက် အစောပိုင်း ၅ နာရီနှင့် ၆ နာရီကြားခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပျောက်ဆုံးနေသူတို့၏ ကိုယ်ရေးအချက်အလက်များကို မသိရှိရသေးပေ။

ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု မမုံကျေးရွာမှ မြောက်ဘက် တစ်မိုင်ခန့်အကွာ ကျောက်စိမ်းမှော်အတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါ မြေပြိုကျမှုသည် ဖားကန့်တွင် ၁၀ ရက်အတွင်း ဒုတိယအကြိမ်ဖြစ်ပွားသည့် မတော်တဆမှု ဖြစ်သည်။

လွန်ခဲ့သည့် တစ်နှစ်ခန့်ကတည်းက တရားဝင်ကျောက်တူးဖော်ခွင့် ကုန်ဆုံးခဲ့သည့် ဧရာရတနာကုမ္ပဏီပိုင် လုပ်ကွက်ဟောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရာသီဥတုအခြေအနေအရ ကယ်ဆယ်ရေး မလုပ်နိုင်သေးကြောင်း ဖားကန့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောသည်။

“ကမ်းပါးယံက အရမ်းနက်တယ် ဆင်းဖို့မလွယ်သေးဘူး။ မိုးကလည်း ရွာနေတုန်းပဲ” ဟု သူက ပြောသည်။

မြေစာပုံပြိုကျသဖြင့် ပျောက်ဆုံးနေသူ ကိုးဦး၏ မိသားစုဝင်များက မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ အကြောင်းကြားထားကြောင်းနှင့် သေဆုံးသည့်အရေအတွက်ကို ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း ဖားကန့်အုပ်ချုပ်ရေးမှူးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်ကလည်း ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကျောက်စိမ်းလုပ်ကွက်အတွင်း မြေပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၈ ဦးသေဆုံးပြီး ၄၂ ဦး ဒဏ်ရာရခဲ့သည်။

မြေစာပုံပြိုကျသဖြင့်မကြာခဏ လူသေဆုံးမှုများ ဖြစ်ပွားနေသည့် ဖားကန့်ကျောက်စိမ်းမြေကို ယမန်နေ့က ကချင်ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင် လာရောက်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

“နိုင်ငံတော်အဆင့်ဖြစ်နေပြီ။ ကျွန်တော်တို့အဆင့်နဲ့က ဘယ်လိုမှ ထိန်းကျောင်းလို့မရဘူး ” ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာသို့ သွားရောက်ခဲ့သည့် ပြည်နယ်ဝန်ကြီးက ပြောသည်။

ခရီးစဉ်အတွင်း ဒေသခံများ၊ ကျောက်မျက်ကုမ္ပဏီများနှင့် တွေ့ဆုံခဲ့ပြီး ဖြစ်ပျက်နေသည့် အခြေအနေအမှန်များအား ပြည်ထောင်စုအစိုးရသို့ တင်ပြသွားမည်ဟု ဝန်ကြီးက ပြောသည်။

ယခုနှစ်အတွင်း ဖားကန့်မြို့နယ်အတွင်း မြေပြိုမှု၊ မြေစာပုံပြိုမှု၊ ကမ်းပါးပြိုမှု ဖြစ်စဉ်များကြောင့် သေဆုံးသူ အရေအတွက်မှာ ၅၀ မှ ၁၀၀ ကြားရှိနိုင်ကြောင်းဒေသခံများနှင့် ရေမဆေးသမားများက ခန့်မှန်းကြသည်။

Show More

Related Articles

Back to top button