သတင်း

မူဆယ်ရှိ ကုန်သွယ်ရေးအေးဂျင့် ၂၃ ဦးကို စစ်တပ် ခေါ်စစ်၊ ၄ ဦး ပြန်မလွတ်သေး

တရုတ်၊ မြန်မာနယ်စပ် ရှမ်းပြည်မြောက်ပိုင်း မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်တွင် ပို့ကုန်သွင်းကုန် အကောက်ခွန်ရှင်းလင်းပေးသော လုပ်ငန်းလုပ်ကိုင်သူ ၂၃ ဦးကို ယခုလ (စက်တင်ဘာ ၉) တွင် စစ်ကောင်စီတပ်က ခေါ်ယူစစ်ဆေးပြီး ၄ ဦးကို ဆက်လက် ချုပ်နှောင်ထားသည်။

ထိုနေ့ ညနေ ၃ နာရီတွင် ရှမ်းမြောက်အခြေစိုက် စစ်ဗျူဟာမှူးတစ်ဦးက အစည်းအဝေးဟု လိမ်ခေါ်ကာ ထိန်းသိမ်းထားခဲ့ပြီးနောက် သုံးရက်အကြာ ယမန့်နေ့ (စက်တင်ဘာ ၁၁) တွင် ၁၉ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

“ကျန်တဲ့ ၄ ယောက်ကတော့ ဘယ်လိုအခြေအနေ ရှိလဲဆိုတာ မသိဘူး။ အချိန်က တွက်ကြည့်မယ်ဆိုရင် ၂၄ နာရီကျော်သွားပြီ။ ဆက်ကြေး (တော်လှန်ရေးအဖွဲ့များထံ ထောက်ပံ့မှု) နဲ့ သက်ဆိုင်တယ်လို့တော့ ပြောနေကြတယ်” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသူများမှာ လူငယ်လုပ်ငန်းရှင်များဖြစ်သည်ဟုသာ အတည်ပြုနိုင်ပြီး အသေးစိတ်ကို မသိရသေးပေ။ ပြန်လည်လွတ်မြောက်လာသူများနှင့် ဆက်သွယ်နေသော်လည်း မရသေးပါ။

ထိုသူတို့ကို ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးရှိ စစ်တပ်ဗျူဟာကုန်းတွင် ထိန်းသိမ်းထားခြင်းဖြစ်နိုင်ကြောင်း၊ ထိုဒေသတွင် တော်လှန်ရေးအဖွဲ့များနှင့် ပတ်သက်သည်ဆိုသော သံသယဖြင့် စစ်ကောင်စီက ဖမ်းဆီးမှုများလုပ်ကာ ငွေညှစ်၍ ပြန်လွှတ်သည့် အစဉ်အလာရှိကြောင်း ရှမ်းမြောက် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ထံမှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ပိုက်ဆံယူပြီး ပြန်လွှတ်မှာပါ။ သူတို့လုပ်နေကျ လုပ်ရပ်တစ်ခုပဲ။ မကြာမကြာလုပ်တယ်။ ဒီလို ပိုက်ဆံရှိတဲ့သူတွေ၊ ကုန်သည်ကြီးတွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို အကြောင်းပြချက်ရှာဖမ်းတယ်။ သူတို့ကလည်း ပြဿနာမတက်ချင်တော့ ပိုက်ဆံပေးပြီး ပြန်ထွက်လာတယ်” ဟု ၎င်းက ဆိုသည်။

စစ်တပ်က ငွေတောင်းသည်ဟူသော ပြောဆိုချက်၊ ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်သူတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီကို မေးမြန်းလိုသော်လည်း ဆက်သွယ်၍ မရသေးပေ။

စစ်အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အကြာတွင် မြန်မာ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မူဆယ်တွင် လက်နက်ကိုင်အဖွဲ့အစည်းများ ငွေကြေးတောင်းခံသည့် ဂိတ်များ အလျှိုလျှိုပေါ်လာကြောင်း လုပ်ငန်းရှင်အချို့ထံမှ သိရသည်။

ထို့ကြောင့် ကုန်သွယ်မှုစရိတ်စကများ ပိုများလာကာ ကုန်သွယ်မှုကျဆင်းသွားကြောင်း၊ စစ်တပ်နှင့် အခြားလက်နက်ကိုင်အဖွဲ့များအကြားတွင် စီးပွားရေးလုပ်ကိုင်သူတို့ မကြာခဏ အခက်တွေ့နေရကြောင်း မူဆယ်နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

ရှမ်းမြောက်ဒေသတွင် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့သာမက အာဏာသိမ်းပြီးနောက် ဒေသအလိုက်ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ခိုက်မှုများ မကြာခဏရှိနေသည်။

Show More

Related Articles

Back to top button