သတင်း

မန္တလေးဘိလပ်မြေ စက်ရုံစီမံကိန်း ကန့်ကွက်သည့်ရွာကို ရဲက ဝင်ရောက်စီးနင်းရှာဖွေ

ရန်ကုန်၊ ဇူလိုင် ၂၅ — တရုတ်နှင့်မြန်မာပုဂ္ဂလိကကုမ္ပဏီနှစ်ခု ဖက်စပ်ရင်းနှီးမြှုပ်နှံမည့် ဘိလပ်မြေစက်ရုံစီမံကိန်းကို ဖျက်သိမ်းပေးရန် ဆန္ဒပြခဲ့ကြသည့် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေရွာမှ ရွာသားများအား ရဲက ယနေ့ နံနက်ပိုင်းတွင် ရွာအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့သဖြင့် နှစ်ဖက် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရသည်။

ရွာအနီးဆောက်လုပ်မည့် တစ်ရက် တန် ၅၀၀၀ ကျ ဘိလပ်မြေစက်ရုံကို ရပ်တန့်ပေးရန်အတွက် ဇူလိုင် ၂၃တွင် အောင်သပြေနှင့် သရက်ကိုင်းကျေးရွာများမှ ရွာသား ၁၀၀ နီးပါးသည် နေပြည်တော်သို့ ဦးတည်ပြီး လမ်းလျှောက်ဆန္ဒပြခဲ့ကြ ပြီး နှစ်ရက်အကြာတွင် ရဲက ဆန္ဒပြခေါင်းဆောင်များအား ရွာအတွင်း ဝင်ရောက်ရှာဖွေ ခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၂၂ ရက်ကလည်း ဘိလပ်မြေစက်ရုံအဝင်လမ်း ဖောက်လုပ်ရာတွင် မလွတ်သည့် အောင်သပြေရွာမှ ဒေါ်မြမြ၏ခြံကို ဖယ်ခိုင်းရာ ငြင်းဆန်ခဲ့သည့်အတွက် ရဲက ၎င်းကို ဖမ်းဆီးခဲ့သည်။ ထို့နောက် ရွာသားများက ပုသိမ်ကြီးရဲစခန်း ရှေ့ သွားရောက်စုဝေးခဲ့ပြီး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ရဲက ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။

ထို့နောက်ရွာသားများက နေပြည်တော်သို့ ဦးတည် လမ်းလျှောက် ဆန္ဒပြခဲ့ကြသော်လည်း မန္တလေး ကြာနီကန်ရဲကင်းတွင် တားမြစ်ခံခဲ့ရသည်။

လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသည့် ရဲကားသုံးစီးသည် အောင်သပြေရွာအတွင်း ယနေ့နံနက် ၈ နာရီခန့်တွင် ဝင်ရောက်လာခဲ့ပြီး ဆန္ဒပြခေါင်းဆောင် ငါးဦးကို ရှာဖွေခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ရွာ၏အပြင်ဘက်တွင် ရဲ ၁၅၀ ခန့်ကလည်း ဒိုင်းများကိုင်ကာ အသင့်စောင့်ဆိုင်းနေခဲ့ကြောင်း အောင်သပြေရွာခံ ဦးတင်လင်းက Myanmar Now ကို ပြောသည်။

ခွင့်ပြုချက်မဲ့ ဆန္ဒပြမှုဖြင့် ရဲက အလိုရှိနေသည့် ရွာသားဦးရွှေအုန်းကို ရဲက ဖမ်းဆီးရာတွင် ရွာသားများက ပြန်လည်လုယူခဲ့သဖြင့် ရဲနှင့်ရွာသားများအကြား ထိပ်တိုက်ရင်ဆိုင်ခဲ့ကြရသည်ဟုလည်း သူက ဆိုသည်။

“ရွာထဲကို ဝင်လာတဲ့ပုံက သူပုန်တွေ ဝင်ကြမ်းတဲ့အတိုင်းပဲ။ အခုတော့ အမှုဖွင့်ခံထားရတယ်လို့ သိရတဲ့သူ ငါးဦးလုံးက ရွာထဲကနေ ရှောင်နေကြရတယ်။ သူတို့က ကျွန်တော်တို့ကို ဟိုးအရင်ထဲက ဘာမှ ပွင့်ပွင်းလင်းလင်း ချပြတာမဟုတ် ဘူး။ ဒီစီမံကိန်း စအကောင်အထည်ဖော်တာမှာပဲ ကျွန်တော်တို့ရွာက ခြံတွေ၊ လယ်တွေ ဖျက်ပေးရမယ့် အနေအထားဆိုတော့ ရွာသူရွာသားတွေက လက်မခံကြဘူး” ဟု သူက ပြောသည်။

၎င်းတို့အလိုရှိနေသူများအား ဖမ်းဆီးမရခဲ့သည့်အတွက် နေ့လယ်ပိုင်းတွင် ရဲတပ်ဖွဲ့များ ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံများက ဆိုသည်။

ခွင့်ပြုချက်မဲ့ဆန္ဒပြမှုကြောင့် အောင်သပြေရွာမှ ဦးရွှေအုန်း၊ ဦးတင်လင်း၊ ကိုဝင်းဇော်လတ်၊ ကိုထွန်းနိုင်၊ ကိုမြင့်အောင်တို့အား ရဲက ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခဲ့ သည်။

ထို့နောက် ၎င်းတို့အား ဘိလပ်မြေစက်ရုံအဝင်လမ်း ဖောက်လုပ်မှုတွင် ကန့်ကွက်မှုများနှင့် ပတ်သက်ပြီး မြို့နယ် လမ်းတံတားနှင့် ကျေးလက်ဦးစီးဌာန ဦးစီးမှူးကလည်း လမ်းတံတားဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ဦးတင်လင်းက ပြောသည်။

Myanmar Now က ပုသိမ်ကြီးမြို့နယ် ရဲစခန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိပေ။

ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့အကြားရှိ ကျောက်တောင်များမှ ကုန်ကြမ်းယူပြီး ထုတ်လုပ်မည့် အဆိုပါဘိလပ်မြေစက်ရုံစီမံကိန်းကို ဦးသိန်းစိန်လက်ထက်ကတည်းက ရန်ကုန်အခြေစိုက် “မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စု ကုမ္ပဏီလီမိ တက်” ကို လုပ်ပိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းနှင့် ပတ်သက်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂၀၁၇ ခုနှစ် အောက်တိုဘာက ထုတ်ပြန်သည့်စာတွင် စီမံကိန်းကို Myanmar Conch Cement (Mandalay) ကုမ္ပဏီလီမိတက်က လုပ်ကိုင်မည်ဟု ဆိုထားသည်။

ကျေးရွာသို့ လာရောက်ရှာဖွေသည့် ရဲများ (ဓာတ်ပုံ – နန္ဒတစ်ကိုယ်တော်)

၎င်းကုမ္ပဏီသည် တရုတ်နိုင်ငံအခြေစိုက် Anhui Conch Cement ကုမ္ပဏီနှင့် မြန်မာမှ မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စု ကုမ္ပဏီလီမိတက်တို့ ပူးပေါင်း တည်ထောင်ထားခြင်းဖြစ်ပြီး မကြာသေးမီက ဈေးကွက်အတွင်း လူသိများလာသည့် Alpha တံဆိပ် ဘိလပ်မြေကို ထုတ်လုပ်သည့်ကုမ္ပဏီ ဖြစ်သည်။ ထိုကုမ္ပဏီသည် ကျောက်ဆည် စက်မှုနယ်မြေရှိ တန် ၅၀၀၀ ကျ အကြီးစားဘိလပ်မြေစက်ရုံကိုလည်း B.O.T စနစ်ဖြင့် ရင်းနှီးမြှုပ်နှံထားသည့်ကုမ္ပဏီ ဖြစ်သည်။

၂၀၁၅ မှ ၂၀၄၀ အထိ ၂၅ နှစ်ကြာ လုပ်ပိုင်ခွင့်ပေးထားသည့် ယခုအောင်သပြေရွာအနီး စီမံကိန်းကြောင့် ဒေသခံများ ထိခိုက်မှု ရှိမရှိကို လွှတ်တော်သို့ ၂၀၁၆ တွင် စာပို့မေးမြန်းခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသောင်းဌေးလင်းက ပြောသည်။

“စီမံကိန်းက ကုန်ကြမ်းတွေထုတ်ယူမယ့် တောင်တန်းတွေက ဒေသခံလူထုတွေရဲ့ သောက်သုံးရေအတွက် ထွက်လာမယ့် စိမ့်စမ်းတွေ၊ သူတို့ရဲ့ စားဝတ်နေရေးနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြရတဲ့ နေရာတွေဖြစ်နေတာ” ဟု NLDကိုယ်စားလှယ်က ဆိုသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက လွှတ်တော်အမတ်ထံ ၂၀၁၆ အောက်တိုဘာတွင် ပြန်ကြားသည့်စာတွင် သဘာဝနှင့်လူမှုပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်မှ စီမံကိန်းကို ဆက်လက် အကောင် အထည်ဖော်စေမည်ဟု အကြောင်းပြန်ခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ်မှ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဖြစ်လာသည့် ဦးအောင်ကျော်ဦးက အဆိုပါစီမံကိန်းသည် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြစ်သောကြောင့် တိုင်းအစိုးရအဖွဲ့နှင့် သက်ဆိုင်မှုမရှိဟု ဆိုသည်။

ယခု ဒေသခံတချို့က ကန့်ကွက်နေခြင်းသည် စီမံကိန်းကို တမင်နှောင့်ယှက်နေသည့် သဘောမျိုး သက်ရောက်နေကြောင်းလည်း သူက ပြစ်တင်ဝေဖန်ခဲ့သည်။ စီမံကိန်းကိုထောက်ခံသူ ၅၀၀၀ ခန့်ရှိပြီး ကန့်ကွက်သူမှာ ရာဂဏန်းသာ ရှိကြောင်းလည်း လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။

“တိုင်းအစိုးရအဖွဲ့က အရမ်းမလုပ်ပါဘူး။ ခရိုင်အုပ်ချုပ်ရေးမှူးတွေနဲ့ ခေါ်ညှိကြပါတယ်။ သူတို့က လက်မခံကြတာ။ စီမံကိန်းက ပုသိမ်ကြီးရော၊ မတ္တရာရော နှစ်ဖက်လုံးပါတာ။ မတ္တရာဘက်က ကိုယ်စားလှယ်ရဲ့ပြောချက်အရ သူတို့ဒေသခံတွေက အားလုံးသဘောတူတယ်။ လွှတ်တော်ထဲကိုလည်း သဘောတူတဲ့လက်မှတ်တွေ တင်ပေးတယ်။ အဲ့ဒီထဲမှာ သံဃာတော်တွေတောင် ပါတယ်” ဟု သူက ဆိုသည်။

ယင်းစီမံကိန်းကြောင့် အစိုးရဘတ်ဂျက်ဖြင့် အကောင်အထည်ဖော်ရန် အလှည့်မကျသေးသည့် ကျေးရွာများအတွက် လျှပ်စစ်မီး၊ လမ်းတံတားနှင့် စာသင်ကျောင်းများ ရရှိလာမည်ဟုလည်း ဆိုသည်။

သို့သော် ပြည်သူ့လွှတ်တော်အမတ် ဦးသောင်းဌေးလင်းက ယနေ့ကြုံနေရသည့် ပြဿနာသည် အဆိုပါ အကောင်းအဆိုးများအား အစိုးရနှင့်ကုမ္ပဏီဘက်က ရွာသားများအား ပွင့်လင်းစွာ မချပြခဲ့သည့် အကျိုးဆက် ဟု သုံးသပ်ခဲ့သည်။

ဒေသခံများကို ယခင်စီမံကိန်းစမ်းသပ်ကာလကတည်းက ဘူမိဗေဒစမ်းသပ်မှုများကို တိတ်တဆိတ်ပြုလုပ်ခြင်း၊ စီမံကိန်းအရ နိုင်ငံတော်မှရရှိမည့် အကျိုးအမြတ်နှင့် ပေးဆောင်ရမည့်အခွန်များအကြောင်းကို ပွင့်လင်းစွာ မရှင်းပြခြင်း များ ရှိခဲ့သဖြင့် ဒေသခံများ၏ သံသယများ ပိုမိုကြီးထွားစေခဲ့သည်ဟု သူက ဆက်ဆိုသည်။

“တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ရှိသူဖြစ်ဖြစ်၊ သီးသန့်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကဖြစ်ဖြစ် စီမံကိန်းစမယ်ဆိုကတည်းက တလျှောက်လုံး ကန့်ကွက်လာခဲ့တဲ့ ဒေသခံတွေကို ပွင့်ပွင့်လင်းလင်း မရှင်းပြခဲ့ကြဘူး” ဟု သူက ဆိုသည်။

စီမံကိန်းလုပ်ခွင့်ရခဲ့သည့် “မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စုကုမ္ပဏီလီမိတက်” ကို Myanmar Now က ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပါ။

Related Articles

Back to top button