သတင်း

အရပ်သားကားကြောင့် စစ်ကားတစ်စီးကိုသာ မိုင်းခွဲခဲ့ရဟု တကောင်းမြို့ပကဖဆို

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အနီး ယမန်နေ့ (စက်တင်ဘာ ၁၁) တွင် စစ်ကောင်စီတပ်၏ ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာတွင် အရပ်ဘက်မော်တော်ယာဉ်တချို့ အနီးတွင်ရှိနေသဖြင့် စစ်သားများ သက်သာရာ ရသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံမှ သိရသည်။

ယမန်နေ့ မွန်းလွဲတွင် ဆင်ညှပ်ကုန်းရွာအနီး မိုင်း ၆ လုံးထောင်ကာ စောင့်ဆိုင်းနေချိန်တွင် စစ်ကားနှစ်စီး၏ ကြားတွင် တကောင်း-မန္တလေး ပြေးဆွဲသည့် လိုင်းကားတစ်စီး ရှိနေကြောင်း၊ ဒုတိယစစ်ကားကိုသာ တိုက်ခိုက်ခဲ့ရကြောင်း  တကောင်းမြို့ပကဖ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“တိုက်ခိုက်တဲ့အချိန် စစ်ကားတွေရဲ့ ရှေ့နောက်မှာ ပြည်သူလူထုရဲ့ကားတွေ သုံးစီးတောင် ရှိနေခဲ့တယ်။ ကျွန်တော်တို့ စနစ်တကျ စီစဉ်ထားပေမဲ့ ပြည်သူ့တွေရဲ့ကားတွေကို ရှောင်ခဲ့ရတဲ့အတွက် ထိခိုက်မှုက လိုသလောက် မဖြစ်ခဲ့ဘူး” ဟု သူက ပြောသည်။

ယနေ့ (စက်တင်ဘာ ၁၂) နံနက်တွင် တကောင်းဆေးရုံရောက် စစ်သားများအနက် နှစ်ဦး သေဆုံးသွားသည်ဟု သတင်းရကြောင်း စစ်ကောင်စီတပ်တွင်းအရင်းအမြစ်များကို ကိုးကား၍ ထိုသူက ဆိုသည်။

မိုင်းကွဲပြီးနောက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးငယ်များဖြင့် အနီးဝန်းကျင်ကို ပစ်ခတ်ကြသော်လည်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်များကို ထိမှန်ခြင်း မရှိဟု ထိုပကဖအဖွဲ့ထံမှ သိရသည်။

အာဏာသိမ်းစစ်တပ်ကို ခုခံတွန်းလှန်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီယာဉ်တန်းများ၊ ခြေလျင်စစ်ကြောင်းများကို မိုင်းအဓိကအသုံးပြု တိုက်ခိုက်နေသည်။

ထိုသို့ ပြောက်ကျားတိုက်ခိုက်ရာတွင် ထိရောက်မှု ရှိစေရန် စစ်ရေးပစ်မှတ်များနှင့် ဝေးကွာသည့် နေရာတွင်သာ နေထိုင်သွားလာကြရန် မကြာခဏ သတိပေးနေရသည်ဟု တကောင်းပကဖ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ 

“ကျွန်တော်တို့မှာက မစ်ရှင် (စစ်ဆင်ရေး) တစ်ခုလုပ်ဖို့ နည်းပါးလှတဲ့ (သတင်း) ရင်းမြစ်လေးတွေကို အသုံးပြုရတာ၊ အဲဒီလိုအနေအထားမှာ အလိုက်မသိ ကပ်ပါလာတတ်တဲ့ ပြည်သူလူထုနဲ့တွေ့ရင် အလကားဖြစ်ရတယ်၊ သေချာ လေ့လာခဲ့တဲ့အချိန်တွေ၊ ထောင်ထားတဲ့ပစ္စည်းတွေ ရင်းရတော့ လူထုကို ဖြစ်စေချင်တာက စစ်ကားတွေနားဆို ကပ်ကို မလိုက်စေချင်တာ” ဟု သူက ဆိုသည်။

ဧရာဝတီမြစ်ကမ်းဘေး တကောင်းရှေးဟောင်းယဉ်ကျေးမှုမြို့အနီးမှ တကောင်းမြို့သည် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နှင့် မန္တလေးတိုင်းသပိတ်ကျင်းမြို့ အကြားတွင် ရှိသည်။ 

ယမန်နှစ် အောက်တိုဘာလဆန်းက တကောင်းမြို့၊ သုံးမိုင်ကျေးရွာအနီး မန္တလေး-ဗန်းမော်ကားလမ်း အတိုင်း ရောက်လာသော စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃၀ ခန့် ဒဏ်ရာရသွားကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတော်လှန်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီကို တိုက်ခိုက်ရမည့် လက်နက်ခဲယမ်းများအတွက် ပြည်သူလူထု၏ ထောက်ပံ့မှုကို အဓိက မှီခိုနေကြရသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် PDF တို့၏ လက်အောက်ခံ မဟုတ်သည့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် တိုက်ပွဲဝင် မောင်းပြန်သေနတ် ရှားပါးနေသဖြင့် ၎င်းတို့ကိုယ်တိုင် တီထွင်ထုတ်လုပ်ထားသည့် လက်လုပ်သေနတ်များ၊ လက်လုပ်မိုင်းများဖြင့်သာ တိုက်ခိုက်နေကြသည်။ 

အာဏာသိမ်းစစ်ကောင်စီတပ်သည် ၎င်း၏ တပ်များ တိုက်ခိုက်ခံရခြင်း၊ ရှေ့တန်းစစ်မျက်နှာပြင်မှ အခြေစိုက်စခန်းများ လက်လွှတ်ဆုံးရှုံးရခြင်း၊ စစ်သားဆုံးရှုံးခြင်းများနှင့် ပတ်သက်ပြီး ထုတ်ပြန် ပြောဆိုလေ့မရှိပေ။

တစ်ခါတစ်ရံ ကာကွယ်ရေးအဖွဲ့များ၏ ဖောက်ခွဲတိုက်ခိုက်မှုများ၌ အရပ်သားထိခိုက်မှုများ ရှိခဲ့သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button