သတင်း

မိုးဗြဲတွင် တိုက်ပွဲပြင်းထန်၊ ကလေးတစ်ဦး လက်နက်ကြီးကြောင့် သေဆုံး

စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တွင် စစ်တပ်၏ လက်နက်ကြီးကြောင့် ၇ နှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးသွားသည်။

ကယား(ကရင်နီ) နယ်စပ်ရှိ မိုးဗြဲမြို့ ပွဲကုန်း ၃ ရပ်ကွက်တွင် စက်တင်ဘာ ၈ ရက် နံနက် ၈ နာရီမှစ၍ ၁၀ နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထံမှသိရသည်။

စစ်ရေးအခြေအနေများကြောင့် ထိုနေ့ မွန်းလွဲပိုင်းတွင် လက်နက်ကြီးထိ၍ ကွယ်လွန်ခဲ့သည့် ကလေးငယ် ရုပ်အလောင်းကို ညနေပိုင်းကျမှသာ သွားရောက်သယ်ဆောင်နိုင်ခဲ့ကြောင်း KNDF ပြန်ကြားရေး တာဝန်ခံ က ပြောသည်။ ကလေးငယ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မသိရပေ။

သို့သော် တိုက်ပွဲအတွင်း ၎င်းတို့ဘက်မှ အထိအခိုက်မရှိသော်လည်း စစ်ကောင်စီ ၃၀ ခန့်သေကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ ယမန်နေ့( စက်တင်ဘာ ၉)ရက်အထိ တိုက်ပွဲများ ဆက်ဖြစ် နေကြောင်း၊ စက်တင်ဘာ ၈၊ ၉ နှစ်ရက်ဆက်တိုက် တိုက်လေယာဉ် ၂စီးပါသုံး၍ စစ်ကောင်စီက ဗုံးကြဲကြောင်း  KNDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

MA-1 သေနတ် (၂)လတ် ၊ MA -2 (၃)လတ်၊ MA-3 သေနတ် (၄)လတ် ၊ MG-3 စက်သေနတ် (၁)လတ် နှင့် လက်နက်ကြီးကျည်များ၊ ခဲယမ်းနှင့် အသုံးအဆောင်များအား သိမ်းဆည်းရမိသည်ဟု စက်တင်ဘာ ၉ ရက်တွင် KNDFက ဓာတ်ပုံနှင့်တကွ ထုတ်ပြန်သည်။ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို သီးခြား အတည်မပြုနိုင်သေးပါ။

ထိုဒေသအတွင်း စစ်ရေးလှုပ်ရှားနေသည့် အဖွဲ့မှာ ပဲခူးတိုင်း ပဲခူးတိုင်း ပြည်မြို့နယ်အခြေစိုက် တပ်မ ၆၆ လက်အောက်ခံ အမှတ် ၄၂၂ ခြေမြန်တပ်ရင်း ဖြစ်ကြောင်း၊ ၁၀ မိုင်ကျော်ဝေးသည့် ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုဘက်မှ မိုးဗြဲသို့ အင်အား ၁၀၀ ခန့်ဖြင့် ခြေလျင် စစ်ချီလာခြင်းဖြစ်ကြောင်း  KNDF ထံမှသိရသည်။

“တပ်မ ၆၆ က (ကယား) ဒီးမော့ဆိုဘက်တစ်ခွင်မှာရှိနေတယ်။ ခြေကုတ်ယူထားတယ်။ ဒီးမော့ဆိုဘက်ကနေ မိုးဗြဲဘက်ကို ပြန်ဝင်လာတဲ့ပုံစံရှိတယ်” ဟု KNDF ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

နယ်နိမိတ်ချင်း ထိစပ်နေသည့် ကယား(ကရင်နီ)ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံနှင့် မိုးဗြဲမြို့ ဝါရီဆူးပလိုင် ကျေးရွာကြားမှစ၍ တော်လှန်ရေးအဖွဲ့တို့က စက်တင်ဘာ ၈ရက်မှစ၍ ဝိုင်းဝန်းတိုက်ခိုက်နေကြခြင်း ဖြစ်သည်။ ဝါရီဆူးပလိုင်နှင့် မိုးဗြဲမြို့မှာ ၃ ကီလိုမီတာဝန်းကျင်သာ ကွာဝေးသည်။

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲတွင် စက်တင်ဘာ ၈ရက်က စစ်တပ်၏ လက်နက်ကြီးကြောင့် သေဆုံးခဲ့သည့် ကလေးငယ်။ ဓာတ်ပုံ-KNDF

စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည့် ကရင်နီပူးပေါင်းတပ်များဘက်တွင် KNDF တပ်ရင်း ၃၊ တပ်ရင်း ၂၂၊ ကရင်နီတပ်မတော် (KA)၊ မိုးဗြဲ PDF၊ ဖယ်ခုံ PDF နှင့် URF တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ 

၂၀၂၂ နှစ်ဆန်းပိုင်းတွင် တော်လှန်ရေးအင်အားစုက ကယား (ကရင်နီ) ပြည်နယ် မြို့တော် လွိုင်ကော်အထိသာ ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးနှင့် အင်အားအများအပြားသုံးကာ ထိုဒေသနှင့် ကပ်လျက်ရှိ ရှမ်းပြည်တောင်ပိုင်းတွင် စစ်ရေးလှုပ်ရှားနေသည်။

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်ကြာချိန်တွင် ကရင်နီဒေသ၌ ဆယ်စုနှစ်နှင့် ချီ၍ အခိုင်အမာတပ်စွဲထားသည့် စခန်း ၁၃ ခုထက်မနည်းမှ စစ်ကောင်စီတပ် ဆုတ်ခွာသွားရသည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ပြောထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button