သတင်း

စစ်ကိုင်း-ကချင်အစပ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း စစ်ကောင်စီတပ်သားများ ယမန်နေ့ (စက် တင်ဘာ ၈) နံနက်တွင် မိုင်းထိသဖြင့် ၄ ဦး သေဆုံးသည်ဟု ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (Kakhin Region People Defence Force – KPDF)  ထံမှ သိရသည်။

မိုးတာလေးတိုက်နယ်ကျေးရွာတွင် တပ်စွဲခဲ့သည့် အင်အား ၈၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းမှာ နံနက် ၁၁ နာရီခန့်က စစ်ကိုင်း-ကချင် နယ်စပ်တွင် စစ်ကြောင်းထိုးလာသည့်အတွက် မိုင်း ၇ လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု မြို့လှ KPDF  တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဒဏ်ရာရသူလည်း ၅ ဦး ထက်မနည်း ရှိသည်၊ မိုးတားလေးတိုက်နယ်ကျေးရွာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များကလည်း ဝင်ရောက်တိုက်ခိုက်ပေးခဲ့သည်ဟု အဆိုပါတပ်ဖွဲ့ဝင်က ဆိုသည်။

“မိုင်းဆွဲပြီး ၃ ယောက်လောက်ကို သယ်ထုတ်သွားရတာ၊ ဒီဘက်က ရှေ့က မိုင်းဆွဲပြီး ဟိုဘက်ကအဖွဲ့ကလည်း နောက်ကနေ ဝင်ပစ်ပေးတယ်” ဟု သူက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာမှာ စစ်ကိုင်းတိုင်း ချောင်းဝရွာနှင့် ကချင်ပြည်နယ် မင်းကျောင်းကုန်းရွာအကြား ဖြစ်ပြီး အထိနာသွားသည့် စစ်တပ်က စစ်ကြောင်းနှစ်ကြောင်းခွဲကာ ချောင်းဝကျေးရွာအတွင်း ဆုတ်ခွာသွားခဲ့သည်။

အဆိုပါ စစ်ကြောင်းမှာ ယမန်နေ့ညက ချောင်းဝရွာတွင် ညအိပ်တပ်စွဲခဲ့ပြီးနောက် ယနေ့နံနက်တွင် ရွာခံတချို့ကို ဓားစာခံအနေဖြင့် ဖမ်းဆီးခေါ်ဆောင်ပြီး ပြန်လည်ထွက်ခွာသွားသည်ဟု ဒေသခံအချို့က ပြောသည်။

“ဒီဘက်ကက မိုင်းဆွဲတာတွေဘာတွေလုပ်တော့ ရှေ့ကနေပြီးမှ ပြည်သူလူထုကို ကာပြီးမှ သွားခိုင်းတော့ တွေ့တဲ့ရွာတိုင်း၊ ဝင်တဲ့ရွာတိုင်းကို လူတွေ ခေါ်ခေါ်သွားတယ်၊ အရင်က တစ်ယောက်နှစ်ယောက်ပဲ ခေါ်ပေမဲ့ အခုကတော့ ကလေးတွေ့လည်း ခေါ်တယ်၊ လူကြီးတွေ့လည်း ခေါ်တယ်” ဟု မြို့လှ-KPDF တပ်ဖွဲ့ဝင်က ဆိုသည်။

မြို့လှ KPDF အဖွဲ့ဝင်များကို တောတွင်းတစ်နေရာ၌ ယခုနှစ် ဇန်နဝါရီလဆန်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Myo Hla PDF)

စက်တင်ဘာ ၇ ကလည်း ရွှေကူမြို့နယ် သာယာကုန်းကျေးရွာအတွင်း တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်မ ၈၈ လက်အောက်ခံ တပ်ရင်း (၇၇) က ရွာခံ ၁၀ ဦးကျော်ကို ဖမ်းဆီးသွားခဲ့ပြီး နောက်တစ်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

ဖမ်းဆီးသွားသူများထဲမှ ရိုက်နှက်နှိပ်စက်ခံရသူ အသက် ၃၀ ခန့်အရွယ် ရွာခံတစ်ဦး ဆေးကုသမှု ခံယူနေရသည်ဟု မြို့လှ-KPDF အဖွဲ့ထံမှ သိရသည်။ 

စစ်တပ် အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးအားကောင်းလာသည့် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ဒေသခံ PDF များနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့က စစ်ကောင်စီတပ်များကို အဆက်မပြတ် တိုက်ခိုက် နေသည်။

ကချင်ပြည်နယ်နှင့် နယ်မြေထိစပ်နေသော စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများရှိ PDF အဖွဲ့များသည် KPDF အဖြစ် လှုပ်ရှားတိုက်ခိုက်နေကြသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button