သတင်း

စစ်တွေမြို့ပေါ်တွင် နယ်ထိန်းခေါင်းဆောင် ပစ်သတ်ခံရ

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတွင် ယမန်နေ့ (စက်တင်ဘာ ၈) ညနေက နယ်ထိန်းခေါင်းဆောင် ရဲအုပ်တစ်ဦး လမ်းမပေါ် သေနတ်ဖြင့်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း မြို့ခံများထံမှ သိရသည်။

ညနေ ၆ နာရီခွဲခန့်တွင် ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံအနီး မီးပွိုင့်၌ ဆိုင်ကယ် ရပ်နေစဉ် ဦးခေါင်းကို အနီးကပ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဆေးရုံအရောက် သေဆုံးသွားခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“အဲဒီဆေးရုံနားက လူတွေပြောတာက ဆိုင်ကယ်နှစ်စီးလို့ ပြောတယ်။ သူ့မိန်းမနဲ့ ကလေးနဲ့ တစ်စီး။ သူက တစ်စီး၊ နှစ်စီး စီးလာကြတာ။ မီးပွိုင့်မှာ မီးနီနေတော့ ရပ်နေတဲ့အချိန် အနီးကပ်ပစ်သွားတာလို့ ပြောတယ်” ဟု ထိုစစ်တွေမြို့ခံက ဆက်ပြောသည်။ 

သေဆုံးသွားသူမှာ ၎င်းနှင့် ရင်းနှီးကြောင်း၊ အမှတ် (၁) စစ်တွေမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် သိပ္ပံ ဆိုသူဖြစ်ကြောင်း သူက ပြောသည်။

“ပစ်သတ်ခံရတဲ့နားမှာ တစ်ခါတည်းသေတာမဟုတ်ဘူး။ ဆေးရုံရောက်မှ သေသွားတာလို့ သိရတယ်” ဟု ဆိုသည်။

ပစ်ခတ်ခံရသည့်နေရာမှာ စစ်တွေမြို့ အမှတ်(၁) မြို့မရဲစခန်းမှ မလှမ်းမကမ်းတွင်သာ ရှိသည်။ 

သေနတ်သမားများ ဆိုင်ကယ်တစ်စီးဖြင့် လာရောက်ပစ်ခတ်သွားခြင်း ဖြစ်သည်ဟု အခင်းဖြစ်ပွားသည့်နေရာအနီး နေထိုင်သူများကို ကိုးကားပြီး မြို့ခံအမျိုးသား နောက်တစ်ဦးက ပြောသည်။ 

“မီးပွိုင့်စောင့်တဲ့အချိန်မှာ ဆိုင်ကယ်တစ်စီးက အနီးကပ်လာပြီး ခေါင်းအနောက်ဘက် နားထင်နားကို နှစ်ချက်တိတိ ပစ်သွားတာပေါ့။ ဆိုင်ကယ်နဲ့လာတဲ့သူက နှစ်ယောက်လို့ ကြားတယ်။ သေချာတော့ အတည်ပြုလို့ မရပါ” ဟု သူက ဆိုသည်။ 

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး တာဝန်ရှိ ပြည်နယ်စစ်ကောင်စီဝင်များသို့ Myanmar Now က ဆက်သွယ် မေးမြန်း၍ မရသေးပေ။

စစ်တွေမြို့ အစိုးရရုံးဘေးအနီး ဆိုလာနှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွင် အသက် ၁၈ နှစ်အရွယ် မနွယ်သန္တာဝင်း ဆိုသူ အမျိုးသမီးငယ်တစ်ဦး ဩဂုတ် ၁၅ ရက်က ဓားဖြင့်ထိုး၍ သတ်ဖြတ်ခံရသည့် အမှုကို ကိုင်တွယ်နေသည့် ရဲအရာရှိ ဖြစ်သည်ဟု သိရသည်။ 

ဦးခေါင်းတွင် သေနတ်ကျည်ထိမှန် ဒဏ်ရာနှစ်ချက်ဖြင့် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးအရောက် သေဆုံးသွားခြင်းဖြစ်သည်ဟု ဆေးရုံဝန်ထမ်းတစ်ဦးကို ကိုးကား၍ မြို့ခံအခြားတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံးခဲ့သည့် နယ်ထိန်းခေါင်းဆောင် ရဲအုပ် သိပ္ပံ။ (ဓာတ်ပုံ-ပေးပို့) 

“သူ့ (သေဆုံးသူ) သားက ရွှေရောင်မေတ္တာ (လူမှုရေးအသင်း) မှာ လုပ်တယ်လို့ သိရတယ်။ လမ်းမှာ တစ်ယောက် ဒဏ်ရာရနေတယ်ဆိုလို့ သွားကောက်တဲ့အချိန်မှာ သူ့အဖေဖြစ်နေတယ်လို့ အခင်းဖြစ်တဲ့နေရာအနီးက လူတွေ ပြောတာကို ကြားရတယ်” ဟု သူက ဆိုသည်။

ပစ်ခတ်သွားသူများ မည်သည့်အဖွဲ့က ဖြစ်သည်ကို မသိရသေးပေ။

စစ်တွေမြို့ အဝင်အထွက်လမ်းများကို စစ်ကောင်စီတပ်က လက်နက်အပြည့်အစုံဖြင့် ပိတ်ဆို့ စစ်ဆေးမှု တင်းကျပ်စွာ လုပ်‌ဆောင်နေကြောင်း သိရသည်။

သို့သော်လည်း ယနေ့ စက်တင်ဘာ ၉ သည် ရက္ခိုင့်အာဇာနည် ဆရာတော် ဦးဥတ္တမနေ့ ဖြစ်သောကြောင့် ယနေ့တွင်မူ လူအများ မြို့တွင်း သွားလာလှုပ်ရှားမှုများ ရှိနေကြသည်ဟုလည်း မြို့ခံတချို့ထံမှ သိရသည်။ 

စစ်တွမြို့တွင် လူသတ်မှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီးနောက် မြို့ခံအများစုမှာ ကြောက်လန့်နေကြကြောင်း သိရပြီး စစ်ကောင်စီတပ်က လှုပ်ရှားစစ်ဆေးနေသလို ရက္ခိုင့်တပ်တော် (AA) ကလည်း စစ်တွေမြို့ပေါ်ထိ လူဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တွေမြို့တွင် မှုခင်းကိစ္စရပ်များ နေစဉ်ရက်ဆက် ဖြစ်ပေါ်နေသောကြောင့် အပြင်ထွက် သွားလာရန် မဝံ့မရဲဖြစ်မိကြောင်း စစ်တွေမြို့မှ ပညာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

“ဆေးရုံကြီးအနီးမှာ ပစ်ခတ်မှုဖြစ်တယ်၊ လင်မယားနှစ်ယောက် ဆိုင်ကယ်စီးလို့လာတာကို သေနတ်သမားက လင်ကို ပစ်သတ်ခဲ့တာလို့ သိရတယ်။ စစ်တွေမြို့မှာ သေနတ်ကိုင်နေကြပြီလား။ သွားဖို့လာဖို့ ကြောက်ဖို့ကောင်းလာပြီ။ စစ်တွေမြို့မှာ AA, ALP ၊ စစ်တပ်၊ ရဲ အားလုံးရှိနေတာ” ဟု မြို့ခံအမျိုးသမီး အခြားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၅ ကလည်း လက်နက်များကိုင်ဆောင်ထားသည့် ရဲတပ်ဖွဲ့နှင့် စစ်တပ် ပူးပေါင်းအင်အား ၃၀ ခန့်ကို စစ်တွေမြို့လမ်းမကြီးပေါ်ရှိ ဒေသန္တာရဆေးခန်းအနီး စစ်ဆေးနေသည်ကို ဒေသခံများက တွေ့ရှိခဲ့ရသည်။ 

ယမန်နှစ် ဇူလိုင် နောက်ဆုံးပတ်ကလည်း ည ၉ နာရီဝန်းကျင်ခန့်တွင် စစ်တွေမြို့အဝင် မုခ်ဦးအနီးအနား၊ အဝေးပြေးကားဂိတ်ရှေ့ ဘုန်းတော်ကြီးကျောင်း (ဓာတ်လေ) အနီးရှိ ဂိမ်းဆိုင်ဘေး ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။

ယခင်က ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်စဉ်အတွင်း စစ်တပ်မှ စစ်သားများ၊ ရဲဝန်ထမ်းများ၊ ၎င်းတို့နှင့် ဆက်စပ်သူ အုပ်ချုပ်ရေးဝန်ထမ်းများ မကြာခဏ တိုက်ခိုက်ခံရမှု၊ သတ်ဖြတ်ခံရမှုများ ရှိခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button