စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ပစ်ခတ်ခံရမှုတွင် အမြစ်ဖြတ်ချေမှုန်းမည်ဟုပါ ခြိမ်းခြောက်ခံရသောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ တိုင်ကြားထားကြောင်း ဗိုလ်ကျားကြီး (Bo Tiger) တော်လှန်ရေးတပ်ဖွဲ့က ယမန်နေ့ (စက်တင်ဘာ ၄) တွင် ထုတ်ပြန်သည်။
ဩဂုတ် ၃၁ တွင် ဝက်လက်မြို့နယ်အရှေ့ပိုင်းရှိ ဗိုလ်ကျားကြီးအဖွဲ့၏ ကင်းစခန်းတစ်ခုကို PDF ရွှေဘိုခရိုင် တပ်ရင်း ၂ ၏ လက်အောက်ခံ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်ပစ်ခတ်ရာ အဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၁၂ ဦး ဖမ်းဆီးခံခဲ့ရမှုအတွက် စုံစမ်းအရေးယူပေးရန် တိုင်ကြားထားခြင်းဖြစ်သည်။
ခရိုင် PDF ဘက်ကမူ ဝက်လက်မြို့နယ်တွင် ကုန်ကြောင်း၊ ရေကြောင်းမှ ဖြတ်သန်းသွားလာနေသည့် ခရီးသွားယာဉ်များထံမှ အကြမ်းဖက် ငွေကြေးတောင်းခံမှုများပြုလုပ်နေသဖြင့် ဗိုလ်ကျားကြီးအဖွဲ့ကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း စွပ်စွဲ တုံ့ပြန်ထားသည်။
ဗိုလ်ကျားကြီးအဖွဲ့ဘက်ကမူ ၎င်းတို့အနေဖြင့် ဒေသတွင်း ဖြတ်သန်းသွားလာနေသောကားများကို စစ်တပ်ထုတ်ကုန်များ သယ်ဆောင်ခြင်း ရှိမရှိ စစ်ဆေးနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ထိုစဉ်က ပြောထားသည်။
ဗိုလ်ကျားကြီးအဖွဲ့၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ထိုဖြစ်စဉ်ကို စုံစမ်းအရေးယူပေးရေးအတွက် NUG အစိုးရ၊ ဒေါက်တာဆာဆာနှင့် ဦးမင်းကိုနိုင်တို့ထံ စက်တင်ဘာလ ၁ ရက်တွင် တိုင်ကြားထားကြောင်း ပါရှိသည်။
အဖွဲ့အနေဖြင့် NUG အစိုးရ၏ တရားစီရင်မှု မပြီးပြတ်သေးခင်ကာလအတွင်း မည်သည့်အဖွဲ့ကိုမှ လက်နက်ကိုင် တိုက်ခိုက်မည်မဟုတ်သော်လည်း အန္တရာယ်ပြုလာပါက ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
“ကျွန်တော်တို့ခေါင်းဆောင်က အခု ကျန်းမာရေးမကောင်းလို့ အနားယူနေပါတယ်ခင်ဗျ၊ အဖွဲ့ကိစ္စတွေ မပြောနိုင်သေးပါဘူး” ဟု ထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍ Myanmar Now က ဆက်သွယ်မေးမြန်းစဉ် အဖွဲ့ဝင်တစ်ဦးက ယနေ့ ပြောသည်။
ရွှေဘိုခရိုင် တပ်ရင်း ၂ ထံ ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးထားသူများကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တရားဥပဒေနှင့်အညီ ဆောင်ရွက်မည်ဖြစ်ပြီး NUG အစိုးရအနေဖြင့် စုံစမ်းစစ်ဆေးမှု တစ်စုံတစ်ရာ မပြုလုပ်သေးကြောင်း တပ်ရင်းမှူးက ပြောဆိုသည်။
“ဒီဖြစ်စဉ်တစ်ခုလုံးက ကိုကျားကြီးက အတိုင်ခံရတဲ့အတွက် ကျွန်တော်တို့က ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ သွားခဲ့တာပါ။ ကိုကျားကြီးအနေနဲ့ မှန်တယ်ဆိုရင် ကျွန်တော်တို့ ဥပဒေနဲ့အညီ လာစီရင်ပါ၊ သူ မှန်တယ်ဆို ကျွန်တော်တို့က ပြန်လွှတ်ပေးမှာပါ” ဟု တပ်ရင်း ၂ တပ်ရင်းမှူးက ဆိုသည်။
အပြန်အလှန်ပစ်ခတ်မှုတွင် တပ်ရင်း ၂ က လုပ်ဆောင်ခဲ့ခြင်းမဟုတ်ဘဲ၊ မြို့နယ် ပကဖ က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တပ်ရင်း ၂ က အကူအညီပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဗိုလ်ကျားကြီးက ရင်း ၂ ကို နာမည်တပ်ခဲ့ခြင်းသာဖြစ်ကြောင်း သူက ဆိုသည်။
ဝက်လက်မြို့နယ်အတွင်း အခြေချထားသည့် ရွှေဘိုခရိုင် တပ်ရင်း ၂ နှင့် ဝက်လက်မြို့နယ် ပကဖ တို့သည့် တစ်နေရာတည်း၊ တစ်စခန်းတည်းတွင် အတူစခန်းချနေထိုင်နေကြသည့်အဖွဲ့များဖြစ်သည်။
“ကျွန်တော်တို့က သွားကတည်းက ကိုကျားကြီးတို့ကို တိုက်ခိုက်ဖို့ သွားခဲ့တာ မဟုတ်ပါဘူး။ သူက စလုပ်လို့သာ အခုလိုတွေ ဖြစ်ကုန်တာ” ဟုလည်း ဆိုသည်။
သို့သော်လည်း ပစ်ခတ်မှုဖြစ်ခဲ့သည့်နေ့တွင် ဖမ်းဆီးထားသူများကို ယနေ့အချိန်ထိ ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။
PDF တပ်ရင်းတပ်ဖွဲ့များ၏ မိခင်ဌာနဖြစ်သည့် NUG အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ထံ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းရာတွင် တုံ့ပြန်ဖြေကြားမှု မရှိသေးပေ။
ယခုကဲ့သို့သော ဖြစ်စဉ်များသည် မည်သည့်အဖွဲ့ကမျှ မဖြစ်သင့် မလုပ်ဆောင်သင့်သည့်အချိန်ဖြစ်ပြီး၊ တော်လှန်ရေးတပ်ဖွဲ့များအကြား သွေးကွဲနိုင်သည့် ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ဝက်လက်မြို့နယ်အတွင်းမှ တော်လှန်ရေးတပ်ဖွဲ့တစ်ခု၏ ခေါင်းဆောင်တစ်ဦးက မှတ်ချက်ပြုသည်။
PDF တပ်ရင်း ၂ က ပြောဆိုထားသကဲ့သို့ ဗိုလ်ကျားကြီးအဖွဲ့က ငွေကြေးတောင်းခံသည်ဆိုလျှင်ပင် ပစ်ခတ်တိုက်ခိုက်ရန် မလိုအပ်ကြောင်း၊ ဝက်လက်နယ်တွင် ဗိုလ်ကျားကြီးတို့အဖွဲ့သည် လုပ်ရဲကိုင်ရဲပြီး စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်မှု အားကောင်းသည့် အဖွဲ့တစ်ခုဖြစ်ကြောင်း ဆိုသည်။
“ဘယ်လိုပဲ မှားမှား မှန်မှန်ဗျာ၊ ဒီလိုလုပ်စရာ အကြောင်းမရှိဘူး။ နောက်မှ မကောင်းလို့ ထိန်းချင်ရင် လုပ်ဗျာ၊ ဒီအချိန်မှာတော့ တော်လှန်ရေးလုပ်နေသူအချင်းချင်း လုပ်ကိုမလုပ်သင့်တာ၊ တစ်ယောက်လျော့သွားရင် တစ်ယောက်ဗျာ၊ အခုက အဖွဲ့အစည်းတစ်ခုလုံး ပျက်သွားနိုင်တာ” ဟု မှတ်ချက်ပြုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)