မကွေးတိုင်း၊ မင်းလှမြို့နယ်တောင်ဘက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၏ စခန်းတစ်ခုကို စစ်ကောင်စီတပ်က အင်အား ၂၀၀ နီးပါးဖြင့် ဝင်ရောက်စီးနင်းခဲ့သောကြောင့် ကာကွယ်ရေးအဖွဲ့များ ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။
မကွေးတိုင်းတောင်ပိုင်း ပကဖ နှင့် မင်းလှမြို့ ပကဖတို့ အခြေစိုက်ထားသော ထိုစခန်းကို ဩဂုတ် ၃၀ ရက် နံနက် ၄ နာရီခွဲအချိန်တွင် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။
မင်းလှမြို့အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ ၃ ခုမှ စစ်သားများ၊ တပ်မ ၈၈ လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ ၈၃) နှင့် ထောက်ပို့တပ် ၉၄၉ တပ်တို့မှ အင်အား ၂၀၀ ဝန်းကျင်က ကား ၈ စီးဖြင့် လာရောက် စီးနင်းခြင်းဖြစ်ကြောင်း မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သိရသည်။
စစ်ကြောင်းက လာရောက်စီးနင်းရာတွင် နာရီဝက်ခန့် သတင်းကြိုရ၍ တိုက်မိုင်းများ၊ နင်းမိုင်းများ ထောင်နိုင်ခဲ့သည့်အတွက် စခန်းလာရောက်စီးနင်းသည့် စစ်ကောင်စီတပ်များ မိုင်းထိပြီး ထိခိုက်သေဆုံးဒဏ်ရာရမှုများ ရှိသည်ဟု ကာကွယ်ရေးအဖွဲ့က ဆိုသည်။
“တိုက်မိုင်းတွေ၊ နင်းမိုင်းတွေ ထောင်ခဲ့တယ်။ ဓာတ်ဆီပုံးကိုလည်း သွားထိတော့ သူတို့ဘက်က သေနှုန်း နည်းနည်း များသွားတာ။..အဲဒီတော့ စခန်းမှာ မိုင်းမိပြီးတော့ ရပ်သွားတယ်။ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်တယ်။ စက်သေနတ်တွေနဲ့ အချက်ပေါင်းများစွာ ပစ်တယ်” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ မင်းလှမြို့မှ ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။
စစ်ကောင်စီအဖွဲ့ဘက်က သေဆုံးသူနှင့် ဒဏ်ရာရသူများကို ကောက်ယူပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း ၎င်းက ဆက်ပြောသည်။
စစ်တပ်၏ စီးနင်းမှုအတွင်း စားနပ်ရိက္ခာ၊ စက်သုံးဆီနှင့် အိုးခွက်ပန်းကန်အချို့ ဆုံးရှုံးခဲ့ရသော်လည်း ကာကွယ်ရေးအဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဧရာဝတီမြစ် အနောက်ဘက်ကမ်းနဖူးရှိ အထက်မင်းလှမြို့သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ရခိုင် ပြည်နယ်၊ အမ်းမြို့နယ်နှင့်လည်း နယ်နိမိတ်ချင်း ထိစပ်နေသည်။
မကွေးတိုင်းမြောက်ပိုင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ယော၊ ဆော၊ ရေစကြိုတို့တွင် ပြီးခဲ့သည့်နှစ်ကတည်းက လက်နက်ကိုင်ခုခံမှုများ အရှိန်မြင့် အားကောင်းခဲ့ပြီး မကွေးတိုင်းအလယ်ပိုင်းရှိ မြို့နယ်အချို့တွင် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ စစ်ရေးလှုပ်ရှားမှုများ ထွက်ပေါ်လာသည်။
အာဏာသိမ်းမှုကို လက်မခံကြောင်း ငြိမ်းချမ်းစွာဆန္ဒပြသူများကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုများအပြီး ဒေသအနှံ့မှ လူငယ်အများအပြားက လက်လုပ်သေနတ်များ ကိုင်ပြီး ခုခံစစ် စတင်ခဲ့ကြသည်။
ကချင်၊ ကရင်၊ ကရင်နီ (ကယား)၊ ချင်းပြည်နယ်နှင့် ဗမာအများစုနေထိုင်ရာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင်လည်း လက်နက်ကိုင်တော်လှန်မှုများ အရှိန်မြင့် အားကောင်းနေဆဲဖြစ်သည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာသည်အထိ စစ်တပ်က တစ်နိုင်ငံလုံးကို ထိန်းချုပ်နိုင်ခြင်းမရှိသေးပေ။
လူနေရပ်ကွက် ကျေးရွာများအတွင်း ပြုလုပ်သော စစ်ကောင်စီတပ်၏ စစ်ဆင်ရေးများတွင် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများ သုံးနေသဖြင့် အရပ်သားအများအပြား သေဆုံး ထိခိုက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)