သတင်း

နောင်ချိုတွင် စစ်ကောင်စီနှင့် PDF တို့ တိုက်ပွဲဆက်ဖြစ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ၂ ရက်ကြာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ယမန်နေ့ (ဩဂုတ် ၃၀) နေ့လယ်ပိုင်းတွင် ပြောသည်။

ဩဂုတ် ၂၉ ညနေ ၅ နာရီခန့်က ကုန်းတစ်မော့ကျေးရွာအနီး အင်အား၅၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ထိုနေရာသည် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်နှင့် ကပ်လျက်တည်ရှိကြောင်း မန္တလေး PDF မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မိုးကြိုးက ပြောသည်။

“မနေ့ညနေ ၅ နာရီမှာ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်တယ်။ နောက် ညပိုင်းမှာလည်း ဆက်ဖြစ်တယ်။ ဒီနေ့ မနက်အထိ သူတို့ခွာစစ်နဲ့ တိုက်နေတုန်းပဲ။ ဒီတစ်ခါတော့ ရဟတ်ယာဉ်သုံးတာမျိုး မရှိသေးဘူး” ဟု ဆိုသည်။

ဩဂုတ် ၂၉ ညပိုင်းတွင် စစ်ကောင်စီတပ်သားများ မိုင်းထိသွားကြောင်း သူက ဆက်ပြောသည်။

“ကျွန်တော်တို့ဆင်ထားတဲ့ မိုင်းသုံးလုံးကို နင်းမိကြတယ်။ အယောက် ၄၀ နဲ့အထက် အထိအခိုက် အကျအဆုံးရှိမယ်လို့ အကြမ်းဖျဉ်း သိရတယ်။ ညပိုင်းလည်းဖြစ်နေတော့ အတိအကျတော့ မသိရဘူး” ဟု သူက ဆိုသည်။

အခြေအနေအသေးစိတ်ကို ဆက်လက်ထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

နောင်ချိုမြို့နယ်မှာ စစ်တက္ကသိုလ်များနှင့် စစ်ကောင်စီတပ်ရင်းများ အခြေစိုက်ရာ ပြင်ဦးလွင်မြို့နှင့် နယ်မြေချင်း ထိစပ်နေပြီး အဓိကနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သော မန္တလေး-မူဆယ် ကားလမ်းပေါ်၌ ရှိသည်။

ပြီးခဲ့သည့် ဩဂုတ်၂၄ က နောင်ချိုမြို့နယ် ကုလားကွဲရွာနှင့် လုံခံရွာအနီး မန္တလေး PDF နှင့် တစ်နေကုန် တိုက်ပွဲဖြစ်စဉ် စစ်ကောင်စီဘက်မှ ရဟတ်ယာဉ်နှစ်စီးဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံ ၅၀၀ ကျော်ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယင်းတိုက်ပွဲတွင်မန္တလေး PDF ဘက်မှ ရဲဘော်နှစ်ဦး ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရကြောင်း ၊ စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူး ကျသည်ဟု သိရကြောင်း PDF ထံမှ သိရသည်။

ဩဂုတ် ၃ ရက်ကလည်း နောင်ချိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ပါ စစ်ကြောင်းနှင့် မန္တလေး PDF တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်မှ ၆ ဦး သေဆုံးကာ ၃၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မန္တလေး PDF က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းနောက် အင်အား ၁၀၀ နီးပါး ပါဝင်သည့် စစ်ကြောင်းဖြင့် စစ်အင်အားထပ်မံဖြည့်တင်းလာရာ နောင်ချိုမြို့နယ်၊ ခဲမွန်ရွာအနီး ဩဂုတ် ၅ ရက်က တိုက်ပွဲ ထပ်ဖြစ်ခဲ့သည်။

ထို့ကြောင့် ဩဂုတ်လအတွင်း စစ်ကောင်တပ်စီနှင့် မန္တလေး PDF တို့ ၅ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ကို တွေ့ရပြီး နောင်ချိုနှင့် ပြင်ဦးလွင်မြို့နယ်အတွင်း ဇူလိုင်လက ၃ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ခဲ့သည်။

ထိုနယ်မြေသည် တအောဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) လှုပ်ရှားသည့် နယ်မြေဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် လမ်းပေါ်ထွက်ဆန့်ကျင်သူတို့ကို အကြမ်းဖက်၊ သတ်ဖြတ်ရာ ဒေသအသီးသီးမှ ပြည်သူများ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေများသို့ သွားရောက် ခိုလှုံကြသည်၊ ထိုအဖွဲ့များထံတွင် စစ်ပညာသင်ယူသူလည်း အများအပြားရှိနေသည်။

Show More

Related Articles

Back to top button